ထွက်တော်မူနန်းကခွာတယ်

မင်းဒင်(24 January 16)


(တစ်)

သမ္မတကြီးခင်ဗျာ။
ရွေးကောက်ပွဲနောက်ဆက်တွဲသတင်းတစ်ပုဒ်အနေနဲ့သမ္မတကြီးဟာ၊ သမ္မတအိမ်တော်ကနေဆင်းပေးဖို့အဆင်သင့်ဖြစ်နေပြီးနေပြည်တော်က ကိုယ်ပိုင်အိမ်ကိုပြောင်းသွားပြီဆိုတဲ့သတင်းကိုဖတ်ရပါတယ်။

သာမန်ကြည့်ရင်တော့ဒီမိုကရေစီစနစ်မှာသမ္မတရာထူးဟာလက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရငါးနှစ်သက်တမ်းသာရှိတာမို့၊ဒီသတင်းဟာ၊ ထူးလျက်နဲ့မဆန်းပေါ့ခင်ဗျာ။

ဒါပေမဲ့ဒီမိုကရေစီကိုငတ်နေတဲ့ကျွန်တော်တို့လိုသာမန်ပြည်သူတွေ အဖို့မှာတော့၊ဒီသတင်းဟာအတော့်ကိုဝမ်း မြောက်စရာသတင်းပါပဲ။
သမ္မတကြီးတို့အနွယ်တော်အစိုးရမင်းများအဆက်ဆက်မှာ..၊
အစိုးရအဖွဲ့သာနာမည် ပြောင်းသွားတယ်၊ဒီလူကဒီလူဖြစ်နေတာကြာပြီ မဟုတ်လား။ဘယ်လိုနိုင်ငံအကြီးအကဲတက်လာ၊တက်လာ၊
အဆမတန်အိုမင်းမစွမ်းဖြစ်မှ၊အချင်းချင်းဖြုတ်ထုတ်သတ်ပါမှ ၊နေ့စေ့ကံကုန်ခါမှ၊ရာထူးကနေဆင်းပေးခဲ့ရိုးထုံးစံလည်းရှိခဲ့တယ်လေ။

ဝမ်းသာတဲ့စိတ်နဲ့တဆက်တည်းဆိုသလို၊သြော်…၊သူ့ခမျာသူ့ရာထူးမှာ ဆက်ပြီးနေချင်ရှာမှာပဲ။ခုတော့…ဖယ်ပေးရရှာပြီဆိုတဲ့စာနာစိတ်ဖြစ်မိတာလည်း အမှန်ပဲခင်ဗျ။ကျွန်တော်တို့လူမျိုးကလည်းအခက်သားကလား။

ပဒေသရာဇ်စနစ်သက်ဦးဆံပိုင်ဘုရင်သီပေါမင်းလိုပုဂ္ဂိုလ်မျိုး၊သူ့ဇာတ်သူသိမ်းပြီး၊ အိန္ဒိယကိုအပို့ခံရတာတောင်၊ရွှေဗဟိုရ်စည်သံများကိုမကြားရတော့ပြီလို့ ကြံဖန်ညည်းချင်းချတတ်တဲ့လူမျိုးလေ။

တကယ်တော့ကျွန်တော်တို့လူမျိုးအ များစုဟာ မင်းပြောင်းမင်းလွှဲ၊နိုင်ငံရေးဆိုတာတွေကိုတယ်ပြီးစိတ်ဝင်စားကြတဲ့ လူမျိုးမဟုတ်ပါဘူး။
ကိုယ့်ဝမ်းစာ ကိုယ်ရှာပြီးကိုယ့်မိသားစုအသိုက် အမြုံလေးနဲ့ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်နေရရင်၊ လောကနိဗ္ဗာန်လို့ထင်နေ တတ်ကြတဲ့လူမျိုးခင်ဗျ။






--------------------------------------------------------------------


(နှစ်)

ခုတော့ကျွန်တော်အပါအဝင်မြန်မာတမျိုးသားလုံး၊ကိုယ့်စိတ်ကြိုက်ရွေးချယ် တင်မြောက်လိုက်တဲ့သူသာနိုင်ငံ့အ ကြီးအကဲဖြစ်ရမယ်ဆိုတဲ့ အထိနိုင်ငံရေးအသိနိုးကြားကုန်ကြပါပြီ။

ဒါလည်းအကောင်းဖက်ကပြန်ကြည့်ရင် သမ္မတ ကြီးတို့ရဲ့သမ္မတလူကြမ်းအစိုးရအဆက်ဆက်၊ ထင်ရာစိုင်း၊ကိုယ်ကျိုးရှာခဲ့တဲ့လုပ်ရပ်တွေကနေ၊ နာကျည်းမှုတွေ ဖြစ်လာပြီး ၊လမ်းမှန်ကိုညွှန်ပြခဲ့လို့ပါပဲ။

သမ္မတကြီးခင်ဗျာ။မုန်းစိတ်နဲ့မဟုတ်ပဲ၊အရှိအတိုင်းရိုးသားစွာဝေဖန်ရရင် သမ္မတကြီးဟာအတော့်ကိုညံ့တယ်လို့ ပြောရပါမယ်။
ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ငါးနှစ် သမ္မတကြီးတက်လာခါစ တုန်းက၊သမ္မတကြီးဟာတကယ့်ကို တိုင်းပြည်အကျိုးကိုစွမ်းစွမ်းတမံ ဆောင်ရွက်မဲ့ပုဂ္ဂိုလ်၊တစစီစုတ်ပြတ်နေတဲ့ တိုင်းပြည်ကိုပြန်လည်ဆယ်မမဲ့ပုဂ္ဂိုလ် အဖြစ်ကျွန်တော်ကိုယ်တိုင် ယုံကြည်လေးစားခဲ့မိသူပါ။

ဒါပေမဲ့၊သမ္မတကြီးဟာသမ္မတသက်တမ်းကြာမြင့်လာလေ၊ အရည်အချင်းမပြည့်မီတဲ့(သို့မဟုတ်)ဇက်ခွံ့ထားခြင်းခံရတဲ့သူဆိုတာ၊ တနေ့တခြားပေါ်လွင်လာပါတယ်။ဆင်းရဲမွဲတေမှုပပျောက်ရေးကို ၊ဖြစ်ဖြစ်မြောက်ဘာမှမစွမ်းဆောင်နိုင်ခဲ့ပါဘူး။
တနိုင်ငံလုံးမှာ ရှိတဲ့တောင်သူလယ်သမားတွေရဲ့လယ်ယာမြေတွေကိုစစ်တပ်က လက်နက်အားကိုးနဲ့လက်ရဲဇက်ရဲအတင်းအဓမ္မသိမ်းယူနေတာကို လက်ပိုက်ကြည့်နေခဲ့ပါတယ်။

ဘုန်းကြီးရဟန်းတွေကိုမီးလောင်ဗုံးနဲ့ခွင်းတာတောင်၊လေလာရာဖင်ပေးပြီး ခပ်အေးအေးနေခဲ့ရုံမက၊အဆိုးတကာ့ အဆိုးဆုံးကတော့၊ အာဏာတည်မြဲရေးအတွက်သာသနာကိုညိုးနွမ်းစေမဲ့၊ ဂိုဏ်းကွဲစေမဲ့ အစီအမံတွေကိုသမ္မတ ကြီးကိုယ်တိုင် အားပေးအားမြှောက်ပြုခဲ့ခြင်းပါပဲ။

တိုတိုပြောရရင်သမ္မတကြီးဟာ၊ဖွဲ့စည်းပုံအခြေခံဥပဒေအရကာ ကွယ်ရေးဦးစီးချုပ်ရဲ့အထက်မှာရှိပါလျက်၊ ကာကွယ်ရေးဦးစီးချုပ်အပေါ် သြဇာညောင်းခြင်းမရှိပါဘူး။ သမ္မတကြီးက ငြိမ်းချမ်းရေးစကားပြောလိုက်၊ စစ်တပ်ကသွားတိုက်လိုက်နဲ့ပြည်တွင်းစစ်သံသရာလည်မဆုံးနိုင်တာဟာ ထင်ရှားတဲ့သာဓကပါခင်ဗျာ။






--------------------------------------------------------------------


(သုံး)

သမ္မတကြီးထက်ပိုပြီးညံ့တဲ့ပုဂ္ဂိလ်များကတော့သမ္မတကြီးရဲ့ဝန်ကြီးများ အပါအဝင်၊သမ္မတအပါးတော်မြဲများပါပဲ။သမ္မတကြီးရဲ့ပုံရိပ်ကောင်းထင်စေဖို့ သူတို့ကြိုးပမ်းတဲ့လုပ်ရပ်တွေဟာ၊အရပ်ပြဇာတ်ထဲက ဇာတ်ကွက်တွေလိုဖြစ်နေတာကြောင့်၊သမ္မတကြီးရဲ့ညံ့ကွက်တွေဟာ ဗူးပေါ်သလိုပေါ်ကုန်တော့တာပါပဲ။

တွေ့ဆုံဆွေးနွေးရေးအတွက် အခန်းအနားခင်းကျင်းရာမှာအမြင်မတော်တာတွေစီစဉ်တာ၊ သမ္မတကြီးကောင်းကြောင်းရိုးသားကြောင်းဖေ့စ်ဘွတ်အစရှိတဲ့ လူမှုကွန်ယက်တွေမှာ၊ဓာတ်ပုံတွေတင်ပြီးဇွတ်အတင်းဇန်းတင်တာတွေဟာ၊ သမ္မတကြီးရဲ့အားနည်းပျော့ညံ့ ချက်တွေကိုမီးမောင်းထိုးပြသလိုဖြစ်နေတယ် ဆိုတာသူတို့ခမျာမသိကြရှာဘူး။

တိုတိုပြောရရင်သူတို့ညံ့လွန်းလို့ သမ္မတကြီးညံ့တာကိုလူတွေပိုသိကုန်တာ ပါပဲခင်ဗျာ။

နောက်ဆုံးဒီရက်ပိုင်းအတွင်းမှာကျင်းပသွားတဲ့ငြိမ်းချမ်းရေးညီလာခံမှာတောင် သမ္မတကြီးစကားပြောတဲ့စင်မြင့်နဲ့ အခြားသူများပြောတဲ့စင်မြင့် ခွဲခြားထားတာကိုက၊ကိုယ့်အထုတ်ကိုယ်ဖြေသလိုပါပဲ။

လူအများရဲ့သနားစာနာမှုကို အလိုရှိရင်နှိမ့်ချစွာပြုမူနေထိုင်ရတယ် ဆိုတဲ့ လောကနီတိအခြေခံမူလောက်တောင်မသိတာကိုဖြင့် ကျွန်တော် သြချမိပါရဲ့။

သေချာစဉ်းစားကြည့်ရင်၊လက်ရှိအချိန်အထိတကယ်တော်တဲ့သူဟာ၊ သမ္မတကြီးရဲ့ဆရာသမားပဲခင်ဗျ။
သူဟာ သမ္မတကြီးလို ရုတ်တရက်ကြည့်လိုက်ရင်၊ခပ်ရိုးရိုးခပ်နုံနုံလို့ထင်ရတဲ့သူကို သမ္မတရာထူးပေးနိုင်ခဲ့တယ်။

သူထား ရာနေစေရာသွားမဲ့သူကို စစ်တပ်အကြီးအကဲအဖြစ်ရွေးချယ်နိုင်ခဲ့တယ်။
အဲဒီတပည့်ကျော်နှစ်ယောက် ကိုလည်း ပညာသားပါပါအားပြိုင်စေခဲ့တယ်။

အကောင်းဆုံးကစားကွက်ကတော့၊တတိုင်းတပြည်လုံးဟာ ၊ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်ကိုလိုက်ပါနေကြပြီ ဆိုတာလည်းသေချာရော၊ အလိမ်မာနည်းသုံးပြီး အမြန်ဆုံးခေါ်ယူတွေ့ဆုံ လိုက်တဲ့လုပ်ရပ်ပါပဲ။

သမ္မတကြီးတို့ရဲ့ အောက်ဖဲလန်သွားတာပေါ့ခင်ဗျာ။ဒီကောင်တွေပြီးလို့မပြီးဘူး။ ငါပြီးမှပြီးမှာ။ဒီကောင်တွေကငါမွေးထားတဲ့မျောက် တွေလို့ဗြောင်ဖွင့်ပြော လိုက်သလိုပါပဲ။ဒါတွေစဉ်းစားမိရင်သမ္မတကြီးလည်းသနားလည်းသနားမိပါရဲ့။






--------------------------------------------------------------------


-(လေး) သမ္မတကြီးခင်ဗျာ။သမ္မတကြီးရဲ့အသက်အရွယ်ဟာငယ်တော့တဲ့ အရွယ်မဟုတ်ပါဘူး။
အခုအချိန်အထိသမ္မတကြီး ရှာဖွေတွေ့ရှိခဲ့တဲ့၊ ကျင့်သုံးဆောက်တည်နေတဲ့ဘဝအဓိပ္ပါယ်နဲ့ ဘဝသစ္စာဟာမှားနေ ပါတယ်လို့ ၊စေတနာအရင်းခံ နဲ့ထောက်ပြလိုပါတယ်။

ဓနဥစ္စာဟာဘဝမဟုတ်ပါဘူး။ရာထူးဂုဏ်သိမ်ဟာဘဝမဟုတ်ပါဘူး။ ကိုယ့်အကျိုးအများအကျိုးရိုးသားစွာသယ်ပိုးရင်း၊ရိုးရှင်းစွာပြုမူနေထိုင်တာ၊ အလိုဆန္ဒနည်းတာ၊သံသရာကောင်းကျိုးအထိမျှော်မှန်း လုပ်ဆောင်နိုင်ခြင်းအစရှိသည်တွေကသာ၊ဘဝချမ်းသာအစစ်ပါလို့ဆိုပါရစေ။ လက်ကျန်အချိန်လေးမှာအချိန်မီ ပြင်ဆင်နိုင်ပါစေလို့လည်း ကျွန်တောင်းဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

သမ္မတကြီးလည်းခေတ်ကောင်းမီခဲ့တာမို့၊ စုမိဆောင်းမိထားတာတွေဟာ ဘဝရှေ့ရေး အတွက်ပူပန်စရာမရှိ လောက်ပါဘူး။မုန့်ဟင်းခါးဆိုင်လေးပဲဖွင့်ဖွင့်၊ နဂါးမောက်သီးပဲစိုက်စိုက်မေတ္တာအရင်းခံဖို့တော့မှာပါရစေ။

လောကမှာဆူကြုံနိမ့်မြင့်တွေကြုံရတတ်တာ၊ဟာလောကဓံရှစ်ပါးထဲက တခုသောအကြောင်းခြင်းရာမျှသာဖြစ်တာမို့ဘာမှထူးဆန်းတဲ့ ကိစ္စရပ်မဟုတ်ပါဘူးသမ္မတကြီးခင်ဗျား။

ဘာဘဲဖြစ်ဖြစ်သမ္မတကြီးခင်ဗျာ။
ကမ္ဘာကြီးဟာကျဉ်းကျဉ်းလေးမို့၊ ကျွန်တော်နဲ့ သမ္မတကြီးတို့ မမျှော်လင့်တဲ့ ခရီးတကွေ့မှာပြန်လည် ဆုံတွေ့ကောင်းဆုံတွေ့နိုင်ပါတယ်။
အဲဒီအခါမိတ်ဆွေတစ်ယောက်လို ခေါ်ပြောနှုတ်ဆက် စေလိုပါတယ်။
ကျွန်တော်ရဲ့နှုတ်ဆက်မှုကိုလည်း အလေးတယူတုံ့ပြန်စေလိုပါတယ်။

သမ္မတကြီးချမ်းသာကိုယ်စိတ်မြဲပါစေ။ ။

လေးစားစွာဖြင့်

မင်းဒင်
ဖူးခက်ကျွန်း
ထိုင်းနိုင်ငံတောင်ပိုင်း။ ။
၂၀၁၆ဇန်နဝါရီလ(၁၃)ရက်





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org