သုံးလပဲကျန်တော့တဲ့ အစိုးရသက်တမ်းအတွင်း ဘတ်ဂျက်ငွေတိုးတောင်းတာ ဆီးသီးတွေ အကုန်စားတော့မလို့လား

အောင်သန့်(ကျိုက္ကော်)(2 December 15)




--------------------------------------------------------------------


ဒီဇင်ဘာ ၁ ရက်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးဌာနအချို့က သုံးစွဲရန် ဘဏ္ဍာငွေတောင်းခံခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ထောက်ပြ ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။လက်ကျန်အစိုးရသက်တမ်း ၃ လ သာကျန်ရှိတော့သည့်အချိန်တွင် အစိုးရဝန်ကြီးဌာနများက ဖြည့်စွက်ဘဏ္ဍာ ငွေအဖြစ်ခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်သို့ တောင်းခံလာသော ဘတ်ဂျက်မှာ စုစုပေါင်း ကျပ် ငွေဘီလီယံ ၂၄၀ဝ ကျော်ရှိကြောင်း တောင်းခံမှုစာရင်းများအရ သိရသည်။ဝန်ကြီးဌာနများ၏တောင်းခံမှုမှာ ယုတ္တိမရှိဟုလွှတ်တော် ကိုယ်စားလှယ်များကပြောကြားကြပြီး ဘဏ္ဍာငွေ တောင်းခံမှုကို ကန့်ကွက်ခဲ့ကြောင်း လွှတ်တော်သတင်းများအရ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေ တောင်းခံမှုတွင် ကားများဝယ် ယူတင်သွင်းရန်ဆိုသော အချက်ပါဝင်လာခြင်း အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လောလောလတ်လတ်တွင် တရုတ်နိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာနသုံးစွဲရန် မော်တော်ယာဉ်မျိုးစုံ အစီးရေ ၅၀၅ ကို အခမဲ့ပေးထားခြင်းကြောင့် နောက်ထပ်ဝယ် ယူရန်လိုပါသလားဟု ပြန်လည်မေးခွန်းထုတ်ခဲ့သည်။အလားတူ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနကလည်း မအူပင် သံတပွတ် ချောင်း တံတားချည်းကပ်လမ်းအတွက် ကတ္တရာခင်းရန်အတွက် ကျပ်သန်းခြောက်ရာတောင်းခံသည့် အပေါ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ဝေဖန်ထောက်ပြခဲ့သည်။တံတားတည်ဆောက်ပြီးသည်မှာ နှစ်နှစ်၊ သုံးနှစ်ကြာသောအခါ မှ ယခုလို တောင်းခံခြင်းသည် သင့်တော်ပါသလားဟု ထောက်ပြမေးခွန်း ထုတ်ခဲ့ခြင်းဖြစ်သည်။

အစိုးရ၏လက်ကျန်သက်တမ်းသုံးလခန့်သာကျန်တော့သည့် အချိန်တွင် လုပ်ငန်းမစတင်ရသေး သောစီမံကိန်းများကို ဆောင်ရွက်ခြင်းထက် ရပ်ဆိုင်းထားသင့်ပြီး နောင်လာမည့်အစိုးရသက်တမ်းတွင်မှသာ အကောင် အထည်ဖော်ဆောင်ရွက်သင့်ကြောင်း၊ လက်ရှိအစိုးရ၏ လက်ကျန်ကာလအတွင်း စီမံကိန်းများကို ရသလောက်လုပ်ကိုင်သွားလိုခြင်းမှာ ဆီးသီး ဗန်းမှောက်ရုံမက ဆီးသီးအကုန်လုံးကို စားသွားလိုခြင်းလားဟု မေးခွန်းထုတ်စရာဖြစ်နေကြောင်း မြန်မာနိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။စီမံကိန်းများနှင့်ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆီးသီးဗန်းမှောက်သည်ဆိုသော စကား တရပ်ထွက်ပေါ်ခဲ့ပြီး ဆီးသီးဗန်းမှောက်ခြင်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အစိုးရဝန်ကြီးဌာနများ ဘတ်ဂျက်ငွေသုံးစွဲမှုအပေါ် ''ပွဲဈေးတန်း မှာဆီးသီးဗန်းမှောက်သလိုပဲ။ မှောက်လည်းကျရော ဟိုလူကတဆုပ်နှိုက်စား၊ ဒီလူကတဆုပ်နှိုက်စား ဆီးသီးက တဝက်လောက်ပဲ ကျန်တော့ တယ်။ ဘတ်ဂျက်က အဲဒီလိုဖြစ်နေတယ်''ဟု ပြောကြားခဲ့သည်။






--------------------------------------------------------------------


ပြည်ထောင်စုလွှတ်တော်တွင် တောင်းခံလာသော ဘတ်ဂျက်များထဲတွင် ကျန်းမာရေးနှင့်ပညာရေးဆိုင်ရာ ထပ်တိုးဘတ်ဂျက်တောင်းခံခြင်းမရှိဘဲ အခြားသောဝန်ကြီးဌာနများက တောင်းခံလာခြင်းကြောင့် ပြည်သူများ ကြား ဝေဖန်မှုများ မြင့်တက်လာသည်။လက်ကျန်အစိုးရသက်တမ်း ၃ လတာအတွင်း သုံးစွဲရန်တောင်းခံလာသော ဝန်ကြီးဌာနများမှာ ပြည်ထဲရေး၊ ကာကွယ်ရေး၊ မွေးရေ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ သမဝါယမ၊ စက်မှုဝန်ကြီး၊ သမဝါယမ၊ သစ်တော၊ ကျန်းမာရေး၊ ဗဟိုဘဏ်၊ ပို့ဆောင်ရေးတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်ခဲ့သော လွှတ်တော်တွင် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီဝင် ဒေါ်တင်နွယ်ဦးက ဝန်ကြီးဌာနများတွင် ဘတ်ဂျက်အလွဲသုံးစားပြုလုပ်ကြသူများထဲတွင် အောက်ခြေဝန်ထမ်း များကနည်းပြီး ရာထူးအဆင့် အတန်းမြင့်မားသူများက ပိုမိုပါဝင်နေသည်ဟု ပြောကြားခဲ့သေးသည်။ ပြည်သူ့ ငွေစာရင်းပူးပေါင်း ကော်မတီဝင်တဦးဖြစ်သူ ဦးမောင်တိုးကလည်း ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှု များကို နှိုင်းယှဉ်ကြည့်ပါက၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ထက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နှစ်ဆကျော် တိုးလာကြောင်း တွေ့ရှိရသည်ဟု ထောက်ပြပြောကြားခဲ့သည်။ ယင်းပုံစံမှာ ကောင်းသော အလားအလာ မဟုတ်ဟုလည်း သတိပေးပြောကြားခဲ့သေးသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာန ခြောက်ခုသည် လုပ်ငန်းစီမံကိန်း ၈၄ ခုကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခင် လေးနှစ်တာကာလအတွင်း ဘဏ္ဍာနှစ်တနှစ်၏ မပြီးစီးသည့်လုပ်ငန်း စီမံကိန်းများမှ ပိုလျှံငွေများကို နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းစေပြီး ယခု ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် အစိုးရအပြောင်းအလဲဖြစ်မည့် အတွက် စီမံကိန်းများမပြီးစီးနိုင်ပါက ပိုလျှံငွေများကို လျင်မြန်စွာ ပြန်လည်အပ်နှံနိုင်ရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ဘဏ္ဍာရေး ကော်မရှင်အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ခုံးကျော်တံတားတည်ဆောက်ခြင်းစီမံကိန်းများကို ယခုအစိုးရလက်ထက် အတွင်း ပြီးစီးအောင် အကောင်အထည်ဖော်မည်ဟုဆိုသော်လည်း အချို့စီမံကိန်းများမှာ လက်ကျန်အစိုးရ သက်တမ်း ၃ လတာအတွင်း မပြီးစီးနိုင်ကြောင်း၊ ယင်းကဲ့သို့ဖြစ်နေမှာပင် နောက်ထပ် ခုံးကျော်တံတား စီမံကိန်းများ အကောင်အထည်ဖော်ရန်ရှိနေခြင်းက ရန်ကုန်ဒေသခံများက ဝေဖန်ပြောကြားလျက်ရှိနေသည်။

အောင်သန့်(ကျိုက္ကော်)





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org