ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ကြသည်

Aung Khin(14 February 16)


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် လွှတ်တော်တွင် အခြေခံဥပဒေပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ထားမည့် အရေးကြီးအဆိုတင်သွင်းမည်ဟူသော သတင်းများထွက်ပေါ်နေချိန်၌ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် လူငယ်တစ်ဦးရေးသားထားသည့် စာ တစ်ပိုဒ်ကြောင့် ပြည်သူလူထုကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ခဲ့သည်။

ရဲလွင်မြင့် (Ye Lwin Myint) အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ‘‘ဖွမဆိုစကောင်း ၅၉ (စ)ကြီး ဆိုင်းငံ့လိုက်တယ်ဆိုပါစို့။ AWM ဒါမှမဟုတ် AS-50 တစ်လက်လောက်ရယ်၊ လေ့ကျင့်ချိန် တစ်လလောက်ရယ်ပဲပေးပါ။ သေအောင် သတ်ပေးပါမယ် (အတည်ပြောတာပါ)’’ ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေးသားချက်ကြောင့် ပြည်သူလူထုက ရဲလွင်မြင့်အပေါ် ဒေါသထွက်ခဲ့ပြီး အချို့ကတွေ့ရာနေရာတွင် ၎င်းကိုသတ်မည်ဟူ၍ တုံ့ပြန်ခဲ့သည်။ ယင်းခြိမ်းခြောက်မှုကြောင့် အစိုးရနှင့် ရဲတပ်ဖွဲ့ကို ပြည်သူလူထုက အပြင်းအထန်ဝေဖန်ခဲ့ကြသည်။ ရဲလွင်မြင့်ကိုယ်တိုင် ၎င်း၏ဖေ့စ်ဘွတ်ခ်အကောင့်ကိုဖျက်ကာ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။ ဖေဖော်ဝါရီ ၃ ရက်ညက ယင်းအကြောင်းအရာ အင်တာနက်ပေါ်တင်ခဲ့ပြီး ငါးရက်အကြာ ဖေဖော်ဝါရီ ၈ ရက်ညနေတွင် ၎င်း၏လုပ်ရပ်မှားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ရဲလွင်မြင့် ကိုယ်တိုင် လာရောက်တောင်းပန်ခဲ့သည်။

ထိုဖြစ်ရပ်အပြီး ပြည်သူလူထုအကြားတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှု မြင့်တက်လာစေခဲ့သည်။ စစ်အစိုးရလက်ထက်အာဏာရှင်များ၏ ရန်သူသဖွယ်ဆက်ဆံခံခဲ့ရသည်ကို အန်တုရင်ဆိုင်ရင်း ဒီမိုကရေစီပန်းတိုင်ကို ဆက်လက်လျှောက်လှမ်းနေသည့် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုက ချစ်ခင်ကြသော်လည်း သူ့ကို မုန်းတီး၊ မနာလိုသူအချို့လည်းရှိနိုင်သည်ဟု ပြည်သူများက ယူဆသည်။

နိုင်ငံရေးလေ့လာသူ ကိုရန်နောင်မိုးက ‘‘အခုက ပေါ်တင်ကြိမ်းတယ်။ ဒါက ပေါက်ထွက်လာတာနော်။ အတွင်းကျိတ်ကြံနေတဲ့အရာတွေရှိတယ်။ မရှိဘူး ကျွန်တော်တို့ လုံးဝမသိရသေးဘူး။ အမှောင်ထဲက လူကို ဘယ်လိုမှ မမြင်ရသေးဘူး။ အဲဒါ့ အန္တရာယ်ပဲ’’ ဟု ပြောသည်။ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အား လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်တိုက်ခိုက်သူများကို ဖမ်းဆီးစစ်ဆေးရာတွင် ခြေမြန်လက်မြန်ရှိခဲ့သည့် ရဲတပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ခြိမ်းခြောက်ခံရသည့် ကိစ္စတွင် သွေးအေးနေခဲ့သည်။ ဒေါ် အောင်ဆန်းစုကြည် အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည့်သတင်း လူမှုကွန်ရက်တွင် ပွဲဆူနေချိန်၌ ရဲတပ်ဖွဲ့က ယင်းသတင်းကို မသိသေးကြောင်း ပြောကြားခဲ့သည်။





--------------------------------------------------------------------


တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ‘‘ကိုယ့်ရှေ့မှာ မိန်းကလေးတစ်ယောက်ကို လွန်လွန်ကျူးကျူး လိုက်နှောင့်ယှက်နေမယ်။ မိန်းကလေးက မတုံ့ပြန်နိုင်ဘူးထား။ ရဲက အဲဒါကို ရပ်ကြည့်နေမှာလား။ ဘာလို့ အရေးမယူတာလဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သာမန်ပုဂ္ဂိုလ် မဟုတ်ပါဘူး။ တိုင်းပြည်ခေါင်းဆောင်အသစ်ပါ။ အမှုမှန်ဖော်ထုတ်ပေးဖို့ ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်။ ဒါမှ နောက်ထပ်မသမာသူတွေကို ဟန့်တားရာရောက်မယ်။ အရေးမယူတာက အားပေးအားမြှောက်လုပ်ပေးနေသလို ဖြစ်နေတယ်’’ ဟု မှတ်ချက်ပေးပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းသည် ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင်ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကို ခြိမ်းခြောက်ခြင်းလည်း ဖြစ်သောကြောင့် ထိုဖြစ်စဉ်အပေါ် မသိကျိုးကျွန်ပြုနေခဲ့သည့် အစိုးရအဖွဲ့အားလည်း နိုင်ငံရေး အသိုုင်းအဝိုင်းက ဝေဖန်ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က နိုင်ငံတော် သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လူမှုကွန်ရက်ပေါ်တွင် ဝေဖန်တိုက်ခိုက်သူများကို အရေးယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမည်ဟု အဓိပ္ပာယ်ရသော စာသားလူမှုကွန်ရက်တွင် ရေးတင် သူကို မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်က မည်ကဲ့သို့ စီရင်ဆုံးဖြတ်မည်ကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း ရေးသား ခဲ့သည်။ သို့သော် အစိုးရကရော ရဲတပ်ဖွဲ့ကပါ ယင်းနှင့်ပတ်သက်၍ ထူးခြားစွာ နှုတ်ဆိတ်နေခဲ့ကြသည်။

နိုင်ငံရေးလေ့လာအကဲခတ်သူ ကိုဖြိုးကိုကိုနိုင်က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာပုံရိပ်ဖြစ်နေသောကြောင့် လူအများတွက်ဆထားသကဲ့သို့ အစိုးရ (သို့မဟုတ်) တပ်မတော်မှ သဘောထားတင်းမာသူအချို့က မကောင်းကြံမည်ဆိုသည်ထက် အားကောင်းနေသည့် အစွန်းရောက်အဖွဲ့အစည်းများ၏ အန္တရာယ်ကို စိုးရိမ်ကြောင်းပြောကြားသည်။

‘‘နိုင်ငံရေးမှိုင်းတိုက်ခံလိုက်ရတဲ့ အစွန်းရောက်တွေလုပ်မှာ ကြောက်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက နောက်နှစ်ငါးဆယ်၊ တစ်ရာအတွင်း ပြန်အစားမရမယ့် လူမျိုးဖြစ်လို့ စိုးရိမ်တယ်’‘






--------------------------------------------------------------------


ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များတွင် လိုက်ပါသတင်းယူသည့် သတင်းထောက်တစ်ဦးက နယ်ဒေသအချို့၌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအစီအစဉ်ဟာကွက်များ တွေ့မြင်ဖူးကြောင်း ပြောသည်။

ဒေသခံများက စုပြုံတိုးဝှေ့ကာ သူ့အနီးကပ်ကြပြီး လုံခြုံရေးအဖွဲ့က မထိန်းနိုင်ကြောင်း ပြောသည်။ သူစီးသည့်ကားကို လူစောင့်မရှိဘဲ ရပ်ထားခဲ့သောကြောင့် အမှန်တကယ်လုပ်ကြံလိုသူရှိပါက အချိန်မရွေးရှုပ်ထွေးသွားနိုင်ကြောင်း ဆိုသည်။ ရွေးကောက်ပွဲမတိုင်မီ ဒေသအချို့တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲဆွယ်စည်းရုံးရေးဆင်းစဉ်ကလည်း ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ်ကြောင်း အသိပေးကြသည်။ သူကမူ သူ၏ လုံခြုံရေးအတွက် စိတ်မပူရန် ပြည်သူလူထုကို အပြုံးဖြင့် တုံ့ပြန်လေ့ရှိသည်။

ပြည်သူလူထု၏ ချစ်ခင်မှုကို ပိုင်ဆိုင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် စိုးရိမ်နေကြခြင်းသည် အတိတ်က ဖြစ်ရပ်ဆိုးများနှင့်လည်း သက်ဆိုင်နေသည်။ စစ်အစိုးရလက်ထက်က ဒီပဲယင်းအရေးအခင်းဟု ကမ္ဘာကျော်ခဲ့သည့် ဖြစ်ရပ်သည် အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် ကမ်းကုန်အောင် ယုတ်မာမှုခံခဲ့ရ ခြင်းဖြစ်သည်။ ပါတီဝင်များနှင့် ပြည်သူအချို့၏ ကာကွယ်မှုဖြင့် ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ဖခင်ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်မှာလည်း လုပ်ကြံခံခဲ့ရသောကြောင့် ပြည်သူလူထုက သူ၏လုံခြုံရေးအတွက် စိုးရိမ်နေကြခြင်းဖြစ်သည်။ ဗိုလ်ချုပ်လုပ်ကြံမခံရမီက ဗိုလ်တထောင်မြို့နယ်အတွင်း လက်နက်များ ထိန်းသိမ်းထားရာ နေရာနှစ်ခုမှ ဘရင်းဂန်း အလက် ၂၀ဝ ပျောက်ဆုံးခဲ့သည်ကို ပြည်သူများ မမေ့သေးပေ။

ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမည်ဟု ခြိမ်းခြောက်ခံရချိန်တွင် လွန်ခဲ့သော သုံးနှစ်ခန့်က မှော်ဘီမြို့နယ် အခြေစိုက်တပ်မတော်တပ်ရင်းတစ်ခု၏ လက်နက်တိုက်မှ သေနတ်အချို့ ပျောက်ဆုံးခဲ့သည့်အကြောင်းကို လူပြောများလာခဲ့ပြန်သည်။ ထို့အပြင် ဖေဖော်ဝါရီ ၆ ရက် ရန်ကုန်မြို့လယ်၌ အမျိုးသားတစ်ဦးကို သေနတ်၊ ကျည်ဆန်များနှင့်အတူ တိုက်တိုက်ဆိုင်ဆိုင် ဖမ်းမိခဲ့ပြန်သောကြောင့် လူထု၏ စိုးရိမ်မှုမှာ အထွတ်အထိပ်ရောက်ခဲ့သည်။ ထို့ကြေင့် လူအချို့က ၎င်းတို့အနေဖြင့် ပိုက်ဆံစုကာ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျည်ကာကားဝယ်ပေးမည်ဟု လှုံ့ဆော်သည်အထိ စိုးရိမ်မှုပိုခဲ့ကြသည်။

‘‘ဒီပဲယင်းကိစ္စတုန်းကလည်း ဖြစ်ခဲ့ဖူးတဲ့အတွက် အခုတစ်ခါ မဖြစ်ဘူးလို့ ဘယ်သူပြောမလဲ။ တကယ်လို့ အခုအချိန်မှာ ဒေါ်စုလုပ်ကြံမှုနဲ့ မသက်ဆိုင်ဘဲ တစ်ခုခုဖြစ်ခဲ့ရင် ပြည်သူအများစုက လုပ်ကြံတယ်လို့ပဲ မြင်ကြလိမ့်မယ်။ အဲဒီရဲ့ နောက်ဆက်တွဲက ဦးသန့်တို့၊ သခင်ကိုယ်တော်မှိုင်းတို့လိုတောင် ဖြစ်သွားနိုင်ပါတယ်။ အဲဒါဆို တိုင်းပြည်မတည်ငြိမ်တဲ့ အခြေအနေမျိုးဖြစ်မှာကိုတော့ စိုးရိမ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဗိုလ်ချုပ်က ကြိုတင်သတင်းရခဲ့သော်လည်း အယုံအကြည်လွန်ခဲ့လို့ လုပ်ကြံခံရတယ်။ အခုလည်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဂရုစိုက်ဖို့တော့လိုပါလိမ့် မယ်’’ ဟု မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူ ကိုရန်နောင်မိုးက ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိလုံခြုံရေးအခြေအနေ စိုးရိမ်မှုကို အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်နှစ်ဦး၏ အခြေအနေဖြင့် နှိုင်းယှဉ်ပြောပြသည်။

‘‘လူအုပ်ကြားထဲမှာ လတ်တကမ်းတောင် မကွာတဲ့ပုံစံတွေဟာ မဟတ္တမဂန္ဒီကြီးနဲ့အတူတူပဲ။ အဲဒီအချက်မှားတယ်။ ဂန္ဒီကြီးက လူတွေကို ယုံလွန်းလို့ လုပ်ကြံခံရတယ်။ ချစ်စိတ်လွန်ကဲတော့ အားနည်းချက်ဖြစ်သွားတယ်။ ဂျဝါဟာ လာနေရူးလည်း တိုင်းပြည်ကို ချစ်တယ်။ ဒါပေမဲ့ သူရှိနေမှ တိုင်းပြည်အတွက် လုပ်နိုင်မယ်လို့သိတော့ သူ့ကိုယ်သူ အတတ်နိုင်ဆုံး ကာကွယ်တယ်။ အဲဒါကွာသွားတယ်။ အဲဒီတော့ နေရူးက အသက်ပြည့် အလုပ်လုပ်သွားနိုင်တယ်’’ ဟု ဆိုသည်။






--------------------------------------------------------------------


တကောင်းနိုင်ငံရေးလေ့လာရေးအဖွဲ့မှ ဦးရဲမျိုးဟိန်းကလည်း စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကို အမုန်းတရားကြီးထွားစေရန် စိတ်ပိုင်းဆိုင်ရာ သွတ်သွင်းခံထားရသောကြောင့် လက်ရှိအချိန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ်ကြောင်း ပြောသည်။

‘‘အခုဆိုရင် တပ်မတော်အရာရှိကြီးတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ဒီလိုမျိုးပြောတာကို တွေ့ရတော့ ကျွန်တော်တို့ အံ့သြတုန်လှုပ် စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမဲ့ ဒေါ်စုဟာ ကျွန်တော်တို့ လက်ရှိနိုင်ငံရေးဖြစ်စဉ်ကြီးကို နိုင်ငံတကာက လက်ခံအောင်၊ ပြည်သူတစ်ရပ်လုံးက လက်ခံအောင် တရားဝင်မှုပြုပေးနိုင်တဲ့ Legitimacy ပေးနိုင်တဲ့ ခေါင်းဆောင်ကြီးတစ်ဦးဖြစ်နေတယ်။ ဒီတော့ သူ့လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေတင်မကဘူး၊ တပ်ကလူတွေရော လုံခြုံရေးပိုင်းဆိုင်ရာက လူတွေပါ စိုးရိမ်သင့်တယ်။ အဲဒီအတွက် လုံခြုံရေးကို ပိုပြီးဂရုစိုက်ဆောင်ရွက်ပေးစေချင်တယ်’’ ဟု ဦးရဲမျိုးဟိန်းက သူ၏အမြင်ကို ပြောပြသည်။

ရွေးကောက်ပွဲမတိုင်မီကာလများက ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးစဉ်အချို့တွင် ၎င်း၏လုံခြုံရေးယာဉ်တန်းနှင့် လိုက်ပါခဲ့ဖူးသည့် လူ့အခွင့်အရေးဆောင်ရွက်သူ ကိုအောင်အောင်ကျော်က ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးကို တာဝန်ယူထားသူများသည် သူ့ကိုချစ်မြတ်နိုးသည့် စိတ်ဓာတ်နှင့် လိုက်ပါဆောင်ရွက်နေသူများဖြစ်ပြီး ယင်းအဖွဲ့က မားမားမတ်မတ်ကာကွယ်ပေးနေသော်လည်း လုံခြုံရေးအဆင့်မြှင့်ပေးစေလိုကြောင်း သုံးသပ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးဦးဆောင်တာဝန်ယူသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကမူ လုံခြုံရေးအစီအစဉ်များ ချမှတ်ထားပြီး အသေးစိတ်အသိမပေးလိုကြောင်း ပြောကြားသည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ လုံခြုံရေးကိုသတင်းရဲတပ်ဖွဲ့ဝင်များကသာ တာဝန်ယူထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးကို ဒီချုပ်ပါတီဝင် လူငယ်များက တာဝန်ယူထားရသည်။ ရဲတပ်ဖွဲ့အနေဖြင့် သမ္မတနှင့် ဒုသမ္မတနာမည်စာရင်းများ ထွက်ပြီးမှသာ အထူးလုံခြုံရေး စတင်ယူမည်ဖြစ်ကြောင်း လက်ရှိနိုင်ငံတော်သမ္မတ၏ လုံခြုံရေးဆောင်ရွက်နေသူ အထူးတာဝန် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ နိုင်ငံတော်အကြီးအကဲများ၏ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အထူးတာဝန်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရဲတပ်ဖွဲ့နှင့် ဒီချုပ်လုံခြုံရေးအဖွဲ့၏ ချိတ်ဆက်နိုင်ရန် အောက်ပါအတိုင်းပြောသည်။

‘‘ကျွန်တော်တို့နဲ့သူတို့ (ဒီချုပ်လုံခြုံရေးအတွက်) နားလည်မှုတည်ဆောက်နိုင်မှ အလျဉ်းသင့်မယ်ဗျ။ သူတို့ကလည်း သူတို့ခေါင်းဆောင်ကို လုပ်ကြံမှာစိုးတယ်။ ကျွန်တော်တို့ကလည်း ပေးထားတဲ့တာဝန်တွေရှိတယ်။ အနားမကပ်နဲ့တို့၊ ဘာတို့ဖြစ်လေ့ရှိကြတယ်။ ဒီတော့ အသက်မွေးဝမ်းကျောင်းပညာရပ်အနေနဲ့ လုံခြုံရေးစပယ်ရှယ်လစ်တွေကိုမယုံရင်တော့ ဒီမိုကရေစီခေတ်မှာ ဘာမဆိုဖြစ်သွားနိုင်တယ်။ သူတို့ ချစ်တယ်ဆိုတာ ကိုယ့်ခန္ဓာနဲ့ကာကွယ်တဲ့အဆင့်ပါဗျာ။ စနစ်တကျဆိုတာ ဇာတ်တိုက်လေ့ကျင့်သား ပြည့်ဝပြီးသား လူတွေမှာပဲ ရနိုင်ပါတယ်’’ ဟု ဆိုသည်။

သတင်းအတတ်ပညာနည်းပြဆရာမ ဒေါ်ဆုသီရိဇော်ကမူ ‘‘လူတစ်ယောက်မှာ ကိုယ့်မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတဲ့ စကားရှိတယ်။ ဒေါ်စုအနေနဲ့ သူမွေးဖွားရာတိုင်းပြည်နဲ့ လူမျိုးအပေါ် မေတ္တာ၊ စေတနာထားပြီး စွမ်းဆောင်ခဲ့တယ်ဆိုတာ မြန်မာနိုင်ငံက လူအများစုက လက်ခံထားပါတယ်။ အဲဒီလိုပဲ ကိုယ့်ရဲ့မေတ္တာက ကိုယ့်ဆီရောင်ပြန်လာပါလိမ့်မယ်။ မေတ္တာခြုံရင် လုံခြုံပါတယ်ဆိုတဲ့ မြန်မာစကားပုံလိုပါပဲ။ အန်တီကတော့ မြန်မာပြည်သူပြည်သားတွေရဲ့မေတ္တာကို အမြဲခြုံနိုင်မှာပါ’’ဟု ပြောသည်။






--------------------------------------------------------------------


ပြည်သူလူထုကတော့ ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများစွာရုန်းကန်ခဲ့သော သူတို့ချစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်မှုရှိနေဆဲဖြစ်သည်။

‘‘ဒေါ်အောင်ဆန်းစုကြည်အတွက် အမှန်တကယ်ကို သတိကြီးကြီးနဲ့ လုံခြုံရေးကိစ္စတွေဆောင်ရွက်ဖို့ ခေါင်းလောင်းထိုးသံပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ ကျဆုံးလေပြီးသော အာဇာနည်တွေ အရမ်းများနေပြီ။ နောက်ထပ်တစ်ခါ ဒေါ်မေလှမြိုင်ရဲ့ အလေးပြုပါတယ်သီချင်းကို မကြားရက်တော့ပါဘူး’’ ဟု ကိုရန်နောင်မိုးကဆိုသည်။

Aung Khin





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org