ဝန်ကြီးဌာနများ ပြုပြင်ဖွဲ့စည်းရေး အလုပ်ဖြစ်ပါ့မလား

ဒေါက်တာ ရန်မျိုးသိမ်း(1 January 16)




--------------------------------------------------------------------




အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် သည် ပြောင်းလဲချိန် တန်ပြီဆိုသည့် ရွေးကောက်ပွဲ ဆောင်ပုဒ်နှင့်အညီ တိုင်းရင်းသား ပြည်သူလူထုကို မျက်နှာမူလျက် ကနဦး ပြုပြင်ပြောင်းလဲရေး ခြေ လှမ်းများကို လှမ်းလာမည်မှာ ဧကန်မုချဖြစ်သည်။
သမ္မတရွေး ချယ်တင်မြှောက်မှုအလွန် ဝန်ကြီး ဌာနအရေအတွက်သတ်မှတ်ခြင်း သည် စိန်ခေါ်မှုကြီးများထဲမှ တစ်ခုဖြစ်သည်။
အစိုးရသစ်၏ ဝန်ကြီးဌာနများ ပြန်လည်ဖွဲ့စည်းမှုသည် ပြည်သူလူထု၏ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေရမည့်အပြင် ပြည်သူ့ဘဏ္ဍာငွေခြိုးခြံ ချွေတာရေးကိုလည်း ဦးတည်ရမည်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ကြားဖြတ် ရွေးကောက်ပွဲအလွန် ဖွဲ့စည်းခဲ့ သော အစိုးရသည် ဝန်ကြီးဌာန ၃၄ ဌာနနှင့်အစပြုခဲ့သည်။
ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ၂၀၁၁ ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူသည် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်ကို ၃၄ ဌာန သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂ (က)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ တို့နှင့်အညီ ပြည် ထောင်စု လွှတ်တော်သို့တင်ပြခဲ့ သည်။

အစည်းအဝေးတတိယနေ့ ဖေဖော်ဝါရီ ၉ ရက်တွင် ပြည် ထောင်စုလွှတ်တော်သည် ဝန်ကြီး ဌာန ၃၄ ဌာန သတ်မှတ်ခြင်းကို ထောက်ခံမဲ ၆၁၂မဲ၊ ကန့်ကွက်မဲ ငါးမဲ၊ ကြားနေမဲ ၁၂မဲဖြင့် အတည် ပြုခဲ့သည်။
လက်ရှိ စာရင်းအရ ပြည်ထောင်စု ဝန်ကြီးဌာနများ သည် ၃၆ ဌာနဖြစ်သည်။
နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူ သည် ၂၀၁၅ ရွေးကောက်ပွဲအလွန်၂၀၁၆ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ အရေအတွက်ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြ အတည်ပြုချက်ရယူရမည်ဖြစ်သည်။






--------------------------------------------------------------------




လက်ရှိ ပြည်ထောင်စု အစိုးရဝန်ကြီးဌာန ၃၆ ဌာနသည်ဖောင်းပွလွန်းသည့်အပြင် ပြည်သူ့ဘဏ္ဍာငွေ အကုန် အကျလည်း မြင့်မားစေလျက်ရှိသည်။
လက်ရှိဝန်ကြီးဌာနများကိုထိန်းညှိလျှော့ချနိုင်မည်ဆိုလျှင် ပြည်သူ့ဘဏ္ဍာငွေအသုံးကို စိစစ်နိုင်မည့်အပြင် ဘတ်ဂျက် လိုငွေပြမှုကိုလည်း အတန်အသင့် ကုစားနိုင်မည် ဖြစ်သည်။
ဝန်ကြီးဌာနများကို ပေါင်း စပ်ပြင်ဆင်ဖွဲ့စည်းလာနိုင်မည်ဆို လျှင် ပြည်သူလူထု၏ ဝန်ထုပ်ဝန် ပိုးသည်လည်း သိသိသာသာလျော့ ပါးလာမည်မှာ မြေကြီး လက်ခတ်မလွဲဖြစ်သည်။
အစိုးရ ဝန်ကြီးဌာနများကို ပေါင်းစပ်ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ချဉ်းကပ်စဉ်းစားရာတွင် အိမ်နီး ချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံ များ၏ အနေအထားကိုလည်း ထည့်သွင်း စဉ်းစားသုံးသပ်ရမည် ဖြစ်သည်။

--လူဦးရေ ၆၇ သန်းကျော်ရှိသည့် ထိုင်းနိုင်ငံတွင် အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၂၀ ဖြင့် ဖွဲ့စည်းထားသည်။
--မလေးရှားနိုင်ငံတွင် လူဦးရေသန်း ၄၀ နီးပါးရှိပြီး ဝန်ကြီးဌာန ၂၅ ခုရှိသည်။
--အင်ဒိုနီးရှားသမ္မတနိုင်ငံတွင် လူဦးရေ ၂၅၅ သန်းကျော်ရှိပြီး အစိုးရအဖွဲ့တွင်ဝန်ကြီးဌာန ၃၃ ခုပါဝင်သည်။
--လူဦးရေ သန်း ၉၀ ကျော် နေထိုင်သောဗီယက်နမ်နိုင်ငံတွင်ဝန်ကြီးဌာန ၁၈ ခုဖြင့်သာ လုပ်ငန်းများဆောင်ရွက် လျက်ရှိသည်။
-- စင်ကာပူနိုင်ငံတွင် လူဦးရေငါးသန်းခွဲရှိပြီး ဝန်ကြီးဌာန ၁၅ ခုပါဝင်သော အစိုးရအဖွဲ့က စီမံအုပ်ချုပ်လျက် ရှိသည်။
လူဦးရေ ၁၀၂ သန်းကျော်နေထိုင်သော ဖိလစ်ပိုင်နိုင်ငံတွင် ဝန်ကြီးဌာန ၁၉ ခုဖြင့် အစိုးရ၏ယန္တရားကို မောင်းနှင် လျက် ရှိသည်။

ဒေသတွင်းနှင့် အိမ်နီးချင်း နိုင်ငံများနှင့်နှိုင်းယှဉ် သုံးသပ်လျှင် အရှေ့တောင်အာရှ ဒေသတွင် အဆင်းရဲ၊ အမွဲတေဆုံးမြန်မာနိုင်ငံ၏ အစိုးရအဖွဲ့သည် ဝန်ကြီးဌာန ၃၆ ဌာနနှင့် အုပ်ချုပ်နေသည်မှာ ကြောင်းကျိုးဆီလျော်မှု ကင်းလွတ်လွန်းသည်ဟု ကောက်ချက်ပြုရမည်ဖြစ်သည်။
သို့ဖြစ်၍ ၂၀၁၆ နှစ်ဦးပိုင်း တွင် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံထားရသူသည် အစိုးရဝန်ကြီးဌာနများကို ကျစ်ကျစ်လျစ်လျစ် သတ်မှတ်အဆိုပြုလာနိုင်မည်ဆိုလျှင် တိုင်းရင်းသားပြည်သူလူထုအနေဖြင့် အပြောင်း အလဲ၏ခြေလှမ်းအစကို မြင်တွေ့လာရမည်ဖြစ်သည်။

ဝန်ကြီးဌာနအရေအတွက်ကို ဌာန ၃၀ ထက်မများ၊ ဌာန ၂၀ ထက်မနည်း ဘောင်တစ်ခုသတ်မှတ်လျက် ဖွဲ့စည်းနိုင် ရေးယေဘုယျအားဖြင့် ချဉ်းကပ်စဉ်းစားသင့်သည်။
ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် လက်ရှိဝန်ကြီးဌာနအချို့ကို မဖြစ်မနေပေါင်းစည်းလျက် အရေအတွက် လျှော့ ချရမည်ဖြစ်သည်။
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မွေး မြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့ကို ပေါင်းစည်းလျက် စိုက်ပျိုးမွေးမြူ ရေး၊ ဆည်မြောင်းနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနဟု လည်း ကောင်း၊
ဆက်သွယ်ရေးနှင့် သတင်းအချက်နည်းပညာဝန်ကြီး ဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ကို ပေါင်းစည်း လျက် ဆက်သွယ်ရေး၊
သိပ္ပံနှင့် နည်းပညာ ဝန်ကြီဌာနဟု လည်းကောင်း၊
ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဟို တယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီး ဌာနတို့ကိုပေါင်းစည်းလျက် ယဉ်ကျေးမှုနှင့်ခရီး သွားလုပ်ငန်းဝန် ကြီးဌာနဟုလည်းကောင်း၊
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်န ေရာချထားရေးဝန်ကြီးဌာနတို့ ကိုပေါင်းစည်းလျက် အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနဟုလည်းကောင်း၊
သတ္တုတွင်း ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ကိုပေါင်းစည်းလျက် သတ္တုတွင်း၊ စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီး ဌာနဟုလည်းကောင်း
ပေါင်းစပ်ဖွဲ့စည်းနိုင်ရေးသုံးသပ်စဉ်းစားသင့်သည်။

ရထားပို့ဆောင်ရေးဝန်ကြီး ဌာနကို ပို့ဆောင်ရေးဝန်ကြီးဌာန နှင့်လည်းကောင်း၊
သမဝါယမ ဝန်ကြီးဌာနကို စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့်လည်းကောင်း၊
အားကစား ဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနနှင့်လည်းကောင်း
ပြန်လည် ပေါင်းစည်း ပြင်ဆင်ဖွဲ့စည်းနိုင် မည်ဆိုလျှင် ပိုမိုကျစ်လျစ်လာ မည်ဖြစ်သည်။

သမ္မတရုံးဝန်ကြီး ဌာနများကို ပေါင်းစည်းလျက် ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး လုပ်ငန်းလို အပ်ချက်အရ ပြည်ထောင်စု ဝန်ကြီးတစ်ဦးထက် ပိုမိုခန့်ထား ခွင့်ပြုသင့်သည်။
သတင်းစာတိုက် များ၊ ရုပ်မြင်သံကြားနှင့် အသံ လွှင့်ဌာနများကို ကော်ပိုရေးရှင်း များအဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့ စည်းပြီး ပြန်ကြားရေးဝန်ကြီးဌာန ၏ ဆက်စပ်လုပ်ငန်းများကို သမ္မတရုံးဝန်ကြီးဌာနတွင် တွဲဖက် ထားကာ ပြန်ကြား ရေးဝန်ကြီးဌာန ကို ဖျက်သိမ်းသင့်သည်။

သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူရုံးအဖွဲ့ကို သမ္မတရုံးဝန်ကြီးဌာနတွင် တွဲဖက် ထားသင့်သည်။
ပြည်ထောင်စုဝန်ကြီးဌာန များပြင်ဆင်ဖွဲ့စည်းရေးကို အပြီး သတ် ချဉ်းကပ်သုံးသပ်မည်ဆို လျှင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ် စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပို့ဆောင်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာန၊ သတ္တုတွင်း၊စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာန၊သမ္မတရုံးဝန်ကြီးဌာနဟု သတ်မှတ်နိုင်မည်ဆိုလျှင် ဝန်ကြီးဌာန ၂၀ သာရှိမည်ဖြစ်သည်။






--------------------------------------------------------------------




မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုများ၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက် ရေးအပါအဝင် ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုအရေးတို့ကို စီမံချက်ရေးဆွဲချမှတ်လျက် ဗျူ ဟာမြောက်ဖော်ဆောင်နိုင်မည့် တိုင်းရင်းသား လူမျိုးစုရေးရာ ဝန်ကြီးဌာနနှင့် အမျိုးသမီးများနှင့် လူငယ်များအရေးကို သီးသီးသန့် သန့် လုပ်ဆောင်ပေးနိုင်မည့် အမျိုးသမီးနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့ကို ပြည်ထောင်စု အစိုးရအဖွဲ့တွင် ထပ်မံတိုးချဲ့ဖွဲ့စည်းလာနိုင်မည်ဆိုလျှင် အတိုင်းထက်အလွန် ကောင်းမွန် လျော်ကန်မည်ဖြစ်သည်။
အချုပ်ဆိုရသော် အရှေ့ တောင်အာရှဒေသတွင် အဆင်း ရဲ အမွဲတေဆုံး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သည် တိမ်မယောင်နှင့်နက်နေဦး မည်သာဖြစ်သည်။
၂၀၁၆ နှစ်ဦး ပိုင်းတွင် ရုပ်လုံးပေါ်လာမည့် အစိုးရသစ်နှင့် လွှတ်တော်သစ်များ အနေဖြင့် တိုင်းပြည်နှင့် ပြည်သူ လူထုကို သိသာမြင်သာမျက်နှာမူနိုင်မည့် ခြေလှမ်းများလှမ်းနိုင်ရေး ရည်ရွယ်လျက် ဝန်ကြီးဌာနများပြင်ဆင် ဖွဲ့စည်းရေး အပါအဝင် စိန်ခေါ်မှုများကိုဗျူဟာမြောက် ကျော်လွှားနိုင်ရန် ပွဲမဝင်မီ အပြင်ကတည်းကစိုင်းပြင်း သင့်ပါကြောင်းနှင့် လာမည့် သက်တမ်းတစ်လျှောက် အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့အနေဖြင့် ပြည်သူနှင့်တစ်သားတည်း ရပ်တည်နိုင်မှသာမြန်မာ့နိုင်ငံရေးရှေ့ခရီးသည် အားကောင်းသည်ထက် အားကောင်းနိုင်မည်ဖြစ်ပါကြောင်း မီးမောင်းထိုးတိုက်တွန်းဆော်သြလိုက်ရပါသည်။





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org