ပြောစရာ၊ ဆိုစရာ တပ်မတော်ရိက္ခာ

မယ်ငွေဥ(1 March 15)




-------------------------------------------------------------------------


ယခုတလော သတင်းမီဒီ ယာ လောကတွင် လောက်ကိုင်စစ်ပွဲ အကြောင်းက ရေပန်းစားသလို တပ်မတော်သားများ၏ ရိက္ခာ အကြောင်းကလည်း ပြည်သူလူ ထု စိတ်ဝင်စားသောအကြောင်း ခြင်းရာဖြစ်ခဲ့သည်။ ရှေ့တန်းစစ် မျက်နှာမှာ ငှက်ပျောဖက်ခင်းပြီး ဟင်းဗလာ၊ ထမင်းဖြူသာပါ သော ထမင်းထုပ်များကို အောက် ခြေရဲဘော်လေးများစားသောက် နေထိုင်နေကြသည့် အဖြစ်က ပြည်သူတို့အဖို့ သနားစရာ၊ ကရု ဏာသက်စရာဖြစ်ခဲ့သည်။

၁၉၈၄-၈၅ လောက်ကဟု မှတ်မိသည်။ မန္တလေးနန်းတွင်းမှ မိတ်ဆွေဗိုလ်မှူးကတော် အစ်မ ကြီးများထံသွားရောက်လည်ပတ် ရာ ရှေ့တန်းသို့သွားရောက်ရသောတပ်မတော်သားများအတွက် ရိက္ခာဆန်ခွဲတမ်းများ တိတိကျကျသတ်မှတ်ထားသော်လည်း ရှေ့တန်းစစ်မျက်နှာရှိ ရဲဘော်များခွဲတမ်းမရ။ ကြားကဖြတ်စား၊ လျှပ်စားတွေရှိနေသည့် အကြောင်းဗိုလ်မှူးကတော်တွေဆွေးနွေးခဲ့ကြသည်ကိုကြားခဲ့ဖူးသည်။ ထိုကတော်များမှာ ဆွေကောင်းမျိုးကောင်းမှလာသူများ ဖြစ်၍ အလွန်စာနာသောစိတ်ဖြင့် မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

၁၉၉၆ ခုနှစ်က ကျွန်မ၏ တူတော်သူများ ရန်ကုန်စက်မှု တက္ကသိုလ်ဆန္ဒပြမှုမှာပါဝင်ခဲ့ကြ သည်။ ကျိုက္ကဆံကွင်းတွင် ထောင်နှင့်ချီသောကျောင်းသားများကို ဖမ်းဆီးထားရာ အစောင့်ရဲဘော် လေးများ၏ နေ့လယ်စာကို တွေ့ မြင်ခဲ့ရသည်ဟုဆိုသည်။ ‘‘အန်တီ ရာ ထမင်းချည်းပဲ။ ဟင်းဆိုလို့ ငါးနီ တူခြောက်ကြော်လေးနှစ်ကောင် နဲ့ ငရုတ်သီးလေးတစ်တောင့်ပဲပါ တယ်။ အတော်စိတ်မကောင်းဖြစ် မိတယ်’’ဟု ဆိုခဲ့သည်။

ကျွန်မမှာ ကျွန်မ၏ မိဘများ က မွေးစားခဲ့သော စစ်သည်ရဲ ဘော်ပင်စင်စား အစ်ကိုကြီးတစ် ယောက်ရှိသည်။ သူသည် လူ ဖြောင့်၊ လူမှန်၊ လူရိုးဖြစ်၍ ဘယ် သောအခါကမှ ရာထူးမတက်ခဲ့။ သူရခဲ့သောရာထူးသည် တပ်ကြပ် အဆင့်မျှသာ။ ရာထူးတင်ပေးရန် သင်တန်းတက်ခိုင်းလျှင်လည်း သင်တန်းကျောင်းမှာ ဟင်း၊ ထမင်းစား၍ ဆိုးလှသည်ဟုဆို ကာ သင်တန်းမှပြန်လာတတ်သူ တည်း။ အစ်ကိုကြီးသည် စစ်တပ် ထဲမှ စစ်တန်းလျားမှာနေပြီး ဟင်း မကောင်းလျှင် တောကြက်ထောင် ၍ စားတတ်သူဖြစ်သည်။




-------------------------------------------------------------------------


ကျွန်မက ‘‘အစ်ကိုကြီးတို့ ရှေ့တန်းသွားရင် အစ်ကိုကြီးတို့ ရိက္ခာကို ဘယ်လိုစီစဉ်သလဲ။ ညီမကို မလိမ်နဲ့နော်။ အခြေအနေ မှန်ကိုသိချင်လို့ပါ’’ဟု မေးမြန်းခဲ့ ကြည့်ခဲ့ဖူးသည်။ သူက ‘‘ရွာတစ် ရွာရောက်ခါနီးရင် မိုင်ဝက် လောက်အလိုမှာ သေနတ်လေး၊ ငါးချက်ဖောက်လိုက်တယ်။ ဒီ တော့ ရွာထဲက ယောကျာ်းတွေ ပြေးကုန်တယ်။ အဲဒီကျမှ ရွာဝင် ပြီး ရွာထဲရှိတာကို ယူချက်စား တယ်’’ဟု ဆိုလေ၏။ ကျွန်မ၏ အစ်ကိုကြီးက ရွာသူရွာသားများ ၏ ကြက်၊ ဝက်၊ ဆိတ်များကို ယူ ငင်ကာ သတ်စားခဲ့ဖူးသည်။ နွား တော့မသတ်ခဲ့။ မုဒိမ်းမကျင့်ခဲ့ဟု ဆို၏။ ယခု သူသည်အသက် (၈၀)နီးပါးရှိနေပြီ။

ကျွန်မတို့နိုင်ငံမှ မြန်မာ့ တပ်မတော်သည် ဖက်ဆစ်ဂျပန် ထံမှ စစ်ပညာသင်ယူခဲ့သည်။ ဗိ်ုလ်ချုပ်အောင်ဆန်းသည် ကြည်း၊ရေ၊ လေတပ်မတော်များ၊ သင် တန်းကျောင်းများသာထူထောင် နိုင်ခဲ့သည်။ ဖက်ဆစ်အောက်မှ စစ်တပ်၏ အကျင့်ဆိုးအချို့ကို ပြုပြင်ပြောင်းလဲရန်အချိန်မရခဲ့။ ဖက်ဆစ်ဂျပန်တပ်သည် ရိက္ခာ ကိစ္စကို ဖက်ဆစ်ဗိုလ်ချုပ်များ ကိုယ်တိုင်ပင် စိတ်မဝင်စား ခဲ့ကြ။

ဖက်ဆစ်ဂျပန်တပ်သည် ရဲဘော်များအတွက် ရိက္ခာဆို သည်မှာ ဆန်အနည်းငယ်နှင့် ရောက်လေရာဒေသကမြက်များ ပြုတ်စားရန်သာ သဘောထား ဟန်တူသည်။ ဖက်ဆစ်ဂျပန်များ မြန်မာပြည်သို့မဝင်မီကပင် မြန်မာ ပြည်တွင် ချက်စားလျှင်အဆိပ် အတောက်မဖြစ်သော မြက်များ ကို သုတေသနလုပ်ခိုင်းရာ ၃၃ မျိုးတွေ့ရှိသည်ဟုဆို၏။ ဖက်ဆစ်ဂျပန်ဝင်လာပြီး သုံးနှစ်ကြာသော အခါ အဆိပ်မရှိသောမြက်အမျိုး ပေါင်း ၁၀ဝ ကျော်ကို တွေ့ရှိရ သည်ဟု ဖတ်ဖူးသည်။ ဖက်ဆစ် တပ်ပုံစံသည် ရဲဘော်တိုင်းကို ဆန်အနည်းငယ်ပေး၍ တွေ့ရာမြက် ပင်ကိုရောနှောကာ ပြုတ်စားကြ ဆိုသည့် အထက်ကဗိုလ်ချုပ်ကြီး များ၏ အစီအမံဖြင့်လာသည်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်စစ်မြေပြင်တွင် ဂျပန် တပ်များသည် အိန္ဒိယပြည် နာဂ တောင်တန်းရှိ ကိုဟီးမားမြို့အထိ ချီတက်ရန်ကြိုးစားခဲ့သည်။ ထို စဉ်က ဂျပန်စစ်တပ်သည် ရိက္ခာ ကို မွန်ဂိုစစ်ဘုရင်ဂျင်ဂျစ်ခန်၏ နည်းဖြင့် သယ်ယူခဲ့သည်ဟုဆို သည်။ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ မြည်းသတ္တဝါများကိုလက်နက်လည်း သယ်ပိုးခိုင်းသည်။ အကယ်၍ ရိက္ခာကုန်လျှင် ထို ဆင်၊ မြင်း၊ ကျွဲ၊နွား၊ မြည်းသတ္တဝါများကို ရိက္ခာအဖြစ်သတ်စားရန် စီစဉ်ခဲ့သည်။ လက်တွေ့တွင် အလုပ်မဖြစ်ခဲ့။

ထိုစဉ်က မြန်မာပြည်၏ မတ်စောက်သော အနောက်ရိုးမ တောင်တန်းကြီးများကို ရိက္ခာ အဖြစ် အသုံးပြုမည်ဟုရည်မှန်း ကာ မောင်းတင်သွားခဲ့သော ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ မြည်းသတ္တဝါများ သည် အနောက်ရိုးမတောင်တန်း ကြီးများကို မကျော်ဖြတ်နိုင်ဘဲ ချောက်ထဲသို့ လိမ့်ကျသေဆုံးကုန် သောအခါ ရဲဘော်များလည်း ငတ်ပြတ်ကုန်သည်။ သည်လိုနှင့် ချောကလက်၊ ပေါင်မုန့်၊ ကိတ် မုန့်၊ ဝီစကီရိက္ခာကို လေယာဉ်ပျံ ဖြင့်ချပေးသော မဟာမိတ်တပ် များကို မြန်မာပြည်စစ်မြေပြင်မှာ ခွက်ခွက်လန်အောင်ရှုံးလေသည်။ ကိုဟီးမားတိုက်ပွဲတွင် ဖက်ဆစ် ဂျပန်တပ်မှ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ မြည်းသတ္တဝါအရေအတွက်သိန်း နှင့်ချီပြီးသုံးခဲ့သည်။ အထူးနစ်နာ ခဲ့သည်မှာ ရိက္ခာကုန်သောတပ်၏ ရဲဘော်တွေ စိတ်ဓာတ်ကျဆင်းမှု ခံစားရခြင်းမှာ သမိုင်းမှတ်တမ်းတစ်ခုဖြစ်လာခဲ့လေသည်။





-------------------------------------------------------------------------


မြန်မာ့တပ်မတော်သည် မည်မျှပင် ပြည်သူနှင့်ဝေးနေပါ စေ။ မြန်မာပြည်ရှိ တစ်ခုတည်း သော ပြည်သူ့တပ်မတော်ဖြစ် သည်။ ပြည်သူနှင့် တိုင်းပြည်ကို ကာကွယ်ရမည့် အလုပ်တာဝန်မှာ လည်း မြန်မာ့တပ်မတော်၏ လက်တွင်ရှိနေဆဲဖြစ်သည်ကို ငြင်းဆန် ၍ မရနိုင်။ ထို့အတွက် တပ်မ တော်သားများ၏ရိက္ခာကို ပြည့် စုံစေချင်ပါသည်။ ယခုအခါ စစ် တပ်မှာ ကုလားပဲမကျွေးနိုင်သည် မှာ အချိန်ကာလအတော်ကြာခဲ့ ပြီဆိုသည့်သတင်းမျိုးကိုလည်း ကြားရတတ်သည်။ ကုလားပဲဈေး ကြီး၍ဟူသော အကြောင်းပြချက် ရှိနေသော်လည်း ခိုင်လုံသော အ ကြောင်းပြချက်ဟု မယူဆနိုင်။ အောက်ခြေရဲဘော်တွေကို ကု လားပဲဟင်း ပုံမှန်ကျွေးမွေးသည် မှာ အညံ့ဖျင်းဆုံးဟင်းဟု ယူဆခဲ့ဖူးသော်လည်း ယခုအခါ ကုလား ပဲဟင်းကိုပင် မစားရသည်ကို စိတ်မကောင်းဖြစ်ရသည်။ ကုလားပဲ သည် စစ်သားတစ်ယောက်အ တွက် အလွန်ခွန်အားဖြစ်သည့် အသားဓာတ်ကြွယ်ဝသော အာ ဟာရဖြစ်၍ ကျွေးကိုကျွေးရမည့် အစားအစာတစ်မျိုးဖြစ်သည်။

ကျွန်မတို့ရွာသည် အညာ ဒေသ ပုပ္ပားတောင်ခြေတွင်ရှိ သည်။ တစ်ခါက ကျွန်မရွာကိုပြန် ချိန်မှာ တပ်မတော်ရိက္ခာအတွက် တစ်အိမ်လျှင် ကုလားပဲတစ်ပြည် ကောက်ခံ၍ ကျွန်မကိုယ်တိုင်ပေး ခဲ့ဖူးသည်။ ကုလားပဲတစ်ပြည်။ ထိုပဲတစ်ပြည်ကို မို့မို့ကြီးပေးခဲ့ဖူး သည်။ အောက်ခြေရဲဘော်လေး များဆီသို့ ရောက်၊ မရောက်မသိ ရ။

မြန်မာပြည်သည် ကုလားပဲ ထွက်သော တိုင်းပြည်။ အောက်ခြေရဲဘော်များအသားဟင်းမစား နိုင်လျှင်သော်မှ ကုလားပဲဟင်းပျစ် ပျစ်တော့စားနိုင်ရပါမည်။ ကျွေးနိုင်ရပါမည်။ ဘာကြောင့်များ စစ် တပ်မှာ ကုလားပဲဟင်းမကျွေးနိုင် ရသနည်း။ ပြည်ပကို ထုတ်ရောင်း နေ၍လေလား။

ထိုထက်ဆိုးသည်မှာ ရမည်း သင်းမြို့အနီးရှိ စစ်သင်တန်း ကျောင်းတစ်ခုမှာ ထမင်းကို ဆန် ကုန်သက်သာစေရန် ဆော်ဒါ ထည့်ချက်ခဲ့သည်ဆိုသည့်သတင်း မျိုးလည်းရှိသေးသည်။ တစ်နပ် စာအတွက် ဆန်နှစ်တင်းကုန်မည့် ကိစ္စကို ဆော်ဒါထည့်ချက်သဖြင့် ထမင်းက ပွလာရာ ဆန်တစ်တင်း သာကုန်တော့သည်။ ဆော်ဒါ ထမင်းကိုစား၍ သင်တန်းသား ရဲဘော်လေးများ ကျန်းမာရေး မကောင်းဖြစ်ကုန်ကြသည်ဟု သိရသည်။ ဒီသတင်းကို လူတိုင်း မသိသော်လည်း တာဝန်ရှိသူ တချို့ထဲမှ သိသူတွေသိပါသည်။ အရေးယူခဲ့သည်ဟုလည်းကြား ဖူးသည်။ ဒီအတိုင်းဆိုလျှင်တော့ မြန်မာ့တပ်မတော်၏ စစ်ရည်စစ် သွေးအရည်အချင်းကို မေးခွန်း မထုတ်လိုသည့်တိုင် ရဲဘော်လေး များ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အဟာရအရည်အသွေးမှာ နည်းပါးလွန်းနေမည်ဟုတော့ ထင်မိသည်။

နိုင်ငံတော်၏ ဘတ်ဂျက်မှာ တော့ တပ်မတော်၏ စစ်အသုံး စရိတ်ဘတ်ဂျက်မှာ အများဆုံး ဖြစ်သည်။ မြန်မာ့တပ်မတော် အတွက်ဟုဆိုကာ ဦးပိုင်ကော်ပို ရေးရှင်းကိုလည်းဖွဲ့ထားသည်။ စက်ရုံမှန်သမျှလည်း တပ်မတော် ကသာ အတော်များများကို ပိုင် ဆိုင်သည်။ ဦးပိုင်ကော်ပိုရေးရှင်း ကိုဖွဲ့စည်းရသည်မှာ မြန်မာ့တပ် မတော်အတွက်ဟုပြောခဲ့သည်ကို လည်း အမှတ်တမဲ့ မထားပါ။ သတိတရအမြဲရှိနေပါသည်။




-------------------------------------------------------------------------


သို့သော်.. သို့သော်။ ၂၀ဝ၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေး မှာ ဂျပန်သတင်းထောက်ကို ပစ် ခတ်လိုက်သော ရဲဘော်မှာ စစ်သုံးဖိနပ်ကို စီးမထားခဲ့။ ရိုးရိုးရော်ဘာ ညှပ်ဖိနပ်ဖြစ်နေသည်ကို ကမ္ဘာ့ နာမည်ကျော် Time မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရသည်။ ပြည်သူလူ ထုအတွက် စိတ်ပျက်ခြင်းမှတစ် ပါး အခြားမရှိနိုင်။ သတင်းယူ သော သတင်းသမားကိုပစ်သတ် သည်ကိုလည်း စိတ်ပျက်ခဲ့ရ၏။ ပစ်သတ်သော မြန်မာ့တပ်မတော် မှ စစ်သားလေးမှာ စစ်သုံးဖိနပ် မစီးထားနိုင်သည်ကိုလည်း စိတ် ပျက်ခဲ့ရ၏။

ယခုတစ်လောမှာ ဖေ့စ် ဘွတ်ခ်ဆိုရှယ်လူမှုကွန်ရက်မီဒီ ယာတွင် ရှေ့တန်းသို့စစ်ချီသွား သော တပ်မတော်သားများ တော တောင်စပ်တွင် အိပ်စက်ကြရာ ခြင်ထောင်များမှာ စစ်သုံးခြင် ထောင်များမဟုတ်ကြ။ ထိုင်း နိုင်ငံ၊ တရုတ်နိုင်ငံတို့မှလာသော ဇာခြင်ထောင်တွေဖြစ်နေသည်။ ကျွန်မတို့ငယ်ရွယ်စဉ်က မြန်မာ့ တပ်မတော်မှာ ရဲဘော်များအ တွက် ထုတ်ဝေပေးသော စစ်သုံး ခြင်ထောင်များသည် အတော်ခိုင် ခံ့ကောင်းမွန်သည်။ ခြင်ထောင် ၏ အမြင့်သည် ငါးပေ၊ ခြောက်ပေ ခန့်ရှိမည်ထင်သည်။ နောက်ပိုင်း မှာတော့ စစ်သုံးခြင်ထောင်၏ အရပ်မှာ ငါးပေ၊ ခြောက်ပေမြင့် ရာမှ တစ်တောင့်ထွာ၊ နှစ်တောင် မျှအထိ တိုသွားသည်ကို သိပါ သည်။ ယခုတော့ ပုံတွေအမှန်ဖြစ် လျှင် ရှေ့တန်းသွားရဲဘော်တွေ အတွက် စစ်သုံးခြင်ထောင်တွေပါ မသွားတော့ဘူးလားဟု မေးရဦး မည်။

ဒီအတိုင်းဆိုပါလျှင် မြန်မာ့ တပ်မတော်ဗိုလ်ချုပ်ကြီးများအဖို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း ကြီးရှိနေသည်ကို နေ့စဉ်၊ ညစဉ် ထိုင်ရှိခိုးနေသင့်သည်။ ကမ္ဘာ့ နိုင်ငံကြီးများက ကုလသမဂ္ဂအဖွဲ့ အစည်းကြီးရှိနေ၍သာ နှစ်နိုင်ငံ ကျူးကျော်စစ်များကို ဆင်ခြင်နေ ထိုင်ကြသည်မဟုတ်ပါလား။ ယခု မြန်မာ့တပ်မတော်ဆင်နွှဲနေ သော စစ်ပွဲများမှာ တိုင်းပြည်၏ ၃၀ ရာခိုင်နှုန်းသော လူဦးရေသာရှိ သည့် တိုင်းရင်းသားလူနည်းစုများ နှင့်ဖြစ်နေသော ပြည်တွင်းစစ်။ အမှန်ပင်အင်အားနည်းလှသော သူကို တိုက်နေခြင်းဖြစ်သည်။ အကယ်၍သာ နိုင်ငံတကာစစ်ပွဲ မျိုးကိုရင်ဆိုင်ရပြီဆိုပါတော့။ ထို အခါတွင် ဆော်ဒါထမင်း၊ ဗလာ ဟင်းစစ်သားလေးများ မည်မျှခံ နိုင်ရည်ရှိမည်ကို မေးခွန်းထုတ် ရန်ရှိနေသည်။

အဆိုးဆုံးကား ယခုတစ် လောဖြစ်ပွားနေသည့် လောက် ကိုင်စစ်ပွဲမှာ ကျဆုံးစစ်သည်များ ကို စာနာထောက်ထားသော ပြည် သူများက လှူဒါန်းသည့်အလှူဒါန များအကြောင်းဖြစ်မည်။ အလှူ ရှင်များ၏ အလှူများထဲမှ ခေါက် ဆွဲခြောက်ထုပ်များ၊ အချိုရည်ဘူး များ၊ ကော်ဖီမစ်များကိုသာ အမှန် တကယ်တိုက်ပွဲဝင်နေသည့် ရဲဘော်များထံပေးပို့ပြီး ငွေသား များကိုမူ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး၏ ဘဏ်ကြီးတစ်ခုမှာ ထိန်းသိမ်းပေးထားမည်ဆိုခြင်းက လူရယ်စရာဖြစ်နေသည်။ ပြည်သူ များက လှူဒါန်းကြသည့်အလှူငွေ များသည် ရင်းနှီးမြှုပ်နှံမှုအတွက် လည်းမဟုတ်။ လူသားချင်းစာနာ မှုအတွက် (အရေးပေါ်)အကူ အညီဟုနားလည်သည်။

ဗိုလ်ချုပ်ကြီးများ၏ အောက် ခြေရဲဘော်လေးများအတွက် ရိက္ခာစီမံခန့်ခွဲပုံသည် အရာရာမှာ ပြောစရာ၊ ဆိုစရာ၊ ဝေဖန်စရာ တွေများလွန်းလှချေသည်။ ခက် လိုက်တာ။


မယ်ငွေဥ


-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org