၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဘယ်လို အဖြေထွက်မလဲ

မေသင်္ကြန်(8 April 15)




-------------------------------------------------------------------------


၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၁၀ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၁၀ ရက်နေ့ တွင် ပြုလုပ်မည်ဟု အတိအကျ အချိန်ဇယား သတ်မှတ် လိုက် သော် လည်း သမ္မတဦးသိန်းစိန်နှင့် ကာချုပ် မင်းအောင်လှိုင် တို့၏ သဘောထားတင်းမာမှုကြောင့် မြန်မာ့နိုင်ငံရေး အဆိုး ဘက် သို့ ဦးတည်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှု များ ပေါ်ထွက် လာသည်။

ဧပြီလ ၁၀ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွွှတ်တော်နာယက သူရဦးရွှေမန်း ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာချုပ် မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ပါဝင်မည့် ၆ ပွင့်ဆိုင်တွေ့ဆုံပွဲ မတိုင်မီ သမ္မတဦးသိန်းစိန်က ၄၈ ပါတီတွေ့ဆုံပွဲကို ဧပြီလ ၈ ရက် နေ့ တွင် ကျင်းပရန် ခေါ်ယူလိုက်ပြီး ယင်းအစည်းအဝေးတွင် အကြောင်းအရာ ၃ ခုကို ဆွေးနွေးမည်ဟု ခေါင်းစဉ် ဖော်ပြ အကြောင်းကြားလိုက်သည်။

၄၈ ပါတီ တွေ့ဆုံပွဲတွင် သမ္မတဦးသိန်းစိန် ဦးဆောင် ဆွေးနွေးမည့် အကြောင်းအရာ ၃ခုမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် NCA မူကြမ်း အတည်ပြုနိုင်ခဲ့ခြင်းကိစ္စ၊၂၀၁၅ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ချောမွေ့ ရေး၊ ရွေးကောက်ပွဲမတိုင်မီ ကြားကာလ နိုင်ငံရေးတည်ငြိမ်ရေး တို့ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အစဉ်တစိုက် တောင်းဆိုနေသော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုံးဝ မပါရှိပေ။ ထိုအချက်က သမ္မတဦးသိန်းစိန် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆက်လက်ငြင်းဆန်ပြီး တင်းမာသော သဘော ထားကို ပြသခြင်းဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်သည်။

စစ်တပ်က ရေးဆွဲထားသော အခြေခံဥပဒေကို မပြင်ဆင်ရသေးပါက ကျင်းပတော့မည့် သမိုင်းဝင်ရွေးကောက်ပွဲကို သပိတ် မှောက်ခြင်းက ရွေးချယ်စရာတခုဟု ဒေါ်အောင်ဆန်းစုကြည်က Reuters သတင်းဌာနနှင့် ဧပြီလ ၃ရက်နေ့က ပြုလုပ်ခဲ့ သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တိုင်းပြည်အုပ်ချုပ်ရန် အသင့် ဖြစ် နေခဲ့ သော်လည်း သမ္မတ ဦးသိန်းစိန် ဘက်က ပြုပြင် ပြောင်းလဲရေး အပေါ်ရိုးသားခြင်း မရှိဘဲ ရွေးကောက်ပွဲ ကိုလည်း ရွှေ့ဆိုင်း လိုက်နိုင်သည်ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က အခုဆိုရင် ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အထိ ပြောလာပြီဆိုတော့ သူတို့ဘက် ၆ ပွင့် ဆိုင် တွေ့ဆုံပွဲ ခေါ်ပေးတယ်။ ဒါပေမယ့်လည်း သူတို့မှာ တကယ်ကို ဖွဲ့စည်းပုံ ပြင်ချင်တဲ့ဆန္ဒမရှိဘဲ ဒေါ်အောင်ဆန်း စုကြည် တောင်းဆိုတဲ့အတိုင်းပဲ ၆ ပွင့်ဆိုင်ကို အဖြစ်သဘောနဲ့ လုပ်ပေးတာ။ သမ္မတအနေနဲ့ ကျနော်တို့က ဒေါ်အောင် ဆန်း စုကြည် တောင်းတဲ့ အတိုင်းလုပ်ပေးတယ်ဆိုပြီး နိုင်ငံတကာကို ပြချင်တယ်။ ဆွေးနွေးပွဲ အောင်မြင်တာ၊ မအောင်မြင် တာက အကြောင်းအရာတခုပဲ။ တကယ်လို့သော ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ကို သပိတ်မှောက် သွားရင် သူသည် သူ့လမ်း သူရွေးတာ ကျနော်တို့နဲ့ ဘာမဆိုင်ဘူးဆိုတဲ့ ပုံစံမျိုး နိုင်ငံတကာကို အစိုးရက ပြောလို့ရပြီ” ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။



-------------------------------------------------------------------------


လွှတ်တော်တွင် တပ်မတော်သည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး ဆိုသော ကဲ့သို့ သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြင်ဆင်ရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်းမပြုရန် ပွင့်ပွင့်လင်းလင်း သ ဘော ထား ထုတ်ဖော်ပြီးဖြစ်၍ ၆ ပွင့်ဆိုင်တွေ့ဆုံပွဲ၏ ရလာဒ်သည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပေါ် သက်ရောက်မှု နည်းပါးနိုင်ကြောင်း၊ တနည်းအားဖြင့် ဆိုရသော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က တောင်းဆိုသော အခြေခံဥပဒေ ပြင်ဆင် ချက်များ အောင်မြင်မှုမရှိနိုင်ဟု သုံးသပ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ဆွေးနွေးမည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု ရည်ရွယ်ချက်သည် လုံးဝ အောင်မြင်ဖို့ လိုကြောင်း ၆ ပွင့်ဆိုင် တွေ့ဆုံမှုတွင် တိုင်းရင်းသားများ၏ ကိုယ်စားလှယ်အဖြစ် တတ်ရောက်မည့် ရခိုင်အမျိုးသားပါတီမှ ဒေါက်တာ အေးမောင် က ဆိုသည်။

၆ ပွင့်ဆိုင် ရည်ရွယ်ချက်က မအောင်မြင်ရင် မဖြစ်ဘူးဆိုတဲ့ အခြေအနေရောက်သွားပြီ။ ၆ ပွင့်ဆိုင်မှာ ရွေးစရာ လမ်းမရှိဘူး၊ ရှောင်လွဲလို့ မရဘူး။ ဟန်ဆောင်ပန်ဆောင် တွေ့လို့မရဘူး။ ၆ ပွင့်ဆိုင်က မသွားလို့ကို မရတဲ့ အခြေအနေ ဖြစ်သွားပြီ။ ပါလီမန်မှာ မပြင်လို့ကို မရတဲ့ အခြေအနေဖြစ်သွားပြီ။ တနည်းအားဖြင့် ခေါင်းတွဲမကောင်းရင် မကောင်းသလို ဖြုတ်ပစ်ရင် ဖြုတ်ပစ်ရတော့မှာပဲ။ ဒီရထားက ဆက်သွားကို သွားရမယ်။ မတွေ့ရင်လည်း ဘာမှဖြေရှင်းလို့ မရဘူး။ ရှောင်လွဲ နေမယ်ဆိုရင် ရှောင်လွဲသူရဲ့ တာဝန်သာ ဖြစ်မယ်။ လူထုကလည်း တောင်းဆိုနေတယ်။ ပါလီမန် ကလည်း တောင်းဆို နေတယ်။ ဒါကြောင့် တွေ့ပြီးရှင်းတာ အကောင်းဆုံးပဲ” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ သပိတ်မှောက်ဖွယ်ရှိသည်ဟု ပြောဆိုမှုသည် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ရလာဒ်ပေါ်တွင်မူတည်နေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို လက်ခံကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ထောက်ခံတယ်။ သူပြောတာကို လက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရိုက်တာသတင်းဌာနမှာ ပြောကြားချက်တွေဟာ သူ့အတွက် စိန်ခေါ်မှုတွေပဲ။ ၂၀၁၂ ခုနှစ်မှာ သူဝင်ခဲ့ပြီးပြီ။ သူဝင်တုန်းက ပြောခဲ့တာ ဖွဲ့စည်းပုံပြင်ဖို့ ကြွေးကြော်ပြီး ဝင်ခဲ့တာ။ ဒါပေမယ့် ဒီနေ့အထိ ပြင်နိုင်ခြင်း၊ ပြောင်းနိုင်ခြင်း မရှိသေးဘူး။ အခြေအနေက တော်တော်လေး ပြုပြင်ပြောင်းလဲမယ့် ပုဂ္ဂိုလ်တွေက မပြုပြင်မပြောင်းလဲတော့ဘူးဆိုတဲ့ သဘော သူတွေ့သွားပုံရတယ်။ အဲဒီတော့ သူ့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မဝင်တော့ဘူး။ ဒီပုံအတိုင်းဆိုရင် ပါလီမန် အတွင်းကို ဝင်လာခဲ့တာတောင် မှားလေပြီလို့ သူထင်မှာပဲ။ သူ့အနေနဲ့ ၂၀၁၂ ရွေးကောက်ပွဲအပြီး တောင်းဆိုချက်တွေကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီးထိ မပါစေချင်တော့ဘူး။ ဒီကာလမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းနိုင်သလောက် ပြောင်းပေးဖို့ လိုတယ်။ ပြောင်းနိုင်ရင် အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကြီးတခုမှာ အားလုံးပါဝင်တဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်မယ်” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။




-------------------------------------------------------------------------


ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကမူ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ၏ ရ လာဒ် သည် မြန်မာ့နိုင်ငံရေးအနာဂတ် ဆုံးဖြတ်ချက်ဖြစ်ပြီး အဆိုးဆုံးအခြေအနေ(သို့မဟုတ်) အကောင်းဆုံးအခြေအနေ သို့ ဦးတည်နေသည်ဟု ရှင်းပြသည်။

ဒီတွေ့ဆုံပွဲက အောင်မြင်သလောက် အောင်မြင်မှာပဲ။ ပျက်ချင်လည်း ပျက်သွားနိုင်တယ်။ အခုချိန်က NCA လက်မှတ်ထိုးရမယ့် အနေအထားမျိုး ဖြစ်တဲ့အတွက် ဒီကိစ္စကို တွန်းအားပေးတဲ့အနေနဲ့ ဒီ၆ ပွင့်ဆိုင်တွေ့ဆုံပွဲ လုပ်တယ်လို့ ကျနော်မြင်တယ်။ လက်မှတ်ထိုးတာကို ဖိအားပေးချင်လို့ ဒီလို အပြုသဘောတွေ့ဆုံပွဲ လုပ်တာလဲ ဖြစ်နိုင်တာပဲ” ဟု ဦးစိုင်းညွှန့်လွင်က ဆိုသည်။

၆ ပွင့်ဆိုင်တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် အကြား ထိပ်တိုက်ဆွေးနွေးမှုများ ရှိလာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းက ဆိုသည်။

တွေ့ဆုံမှုက ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်က အဓိက ဖြစ်သွားနိုင်တယ်။ အဲဒီတွေ့ဆုံမှုမှာ လွှတ်တော်အုပ်စုရယ်၊ အစိုးရ အုပ်စုရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ပေါ့နော်။ တပ်မတော်တင်မကဘူး။ လွှတ်တော်ရဲ့ အင်အားစုပါ ထည့်တွက် ရမယ့်အခြေအနေ ဖြစ်နေပြီ။ ဒီတွေ့ဆုံဆွေးနွေးမှုကို နိုင်ငံတကာမှာ ရုပ်ပြကောင်းအောင် တွေ့ဆုံတဲ့ ဆွေးနွေးမှုမျိုး မဖြစ်စေချင်ဘူး။ ဒီတွေ့ဆုံပွဲက ရိုးသားရမယ်၊ အဓိပါယ်ပြည့်ဝတဲ့ တွေ့ဆုံပွဲမျိုး ဖြစ်ရမယ်” ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။

သူဇာ



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org