ကောလ ဟာလကိစ္စ

ဒီမိုမောင်(27 February 15)




-------------------------------------------------------------------------


ကောလ ဟာလကိစ္စ
=======?????

ဦးခင်ညွှန့်တို့ တန်းခိုးထွားတုန်းက
၁၉၉၂/၃ခု ဝန်းကျင်လောက်မှာ မန္တလေး တောင်ခြေ အတုလကျောင်းတော်ကြီးမှာ တရုတ်ပြည်ပင့်လာတဲ့ စွယ်တော်ကိန်းဝပ် စမ္ပယ်တော်မူစဉ်က အဖြစ်အပျက်တစ်ခုပါ။

စွယ်တော်ကို လာရောက်ဖူးတဲ့ ပရိတ်းသတ်က နဝတအစိုးရ ခန့်မှန်းထားသလောက် မစည်ကားဘူး။

အဲဒီမှာ မန္တလေးမြို့ရဲ့ အပြ တိုင်းမှာ ထောက်လှမ်းရေ တစ်ယောက်စီ ချထားပြီး မဟာမြတ်မုနိဘုရားကြီး ဖွင့်ပွဲတစ်ခုက မိုးပျံပူပေါင်းတွေ တက်လာတာကို စောစောကချထားတဲ့ ထောက်လှမ်းတွ ေက အချိန်ကိုက်(ပူပေါင်းတွေ မျက်စိတစ်ဆုံး မကောက်ခင်မှာ)ကောင်းကင် ရဟန္တာ ဖူးရတယ်သတင်း ဖြန့်ပါတယ်။
မန္တလေး တောင်ခြေတစ်ဝိုက် တာဝန်ကျတဲ့ ထောက်လှမ်းရေးတွေကတော့ ရဟန္တာ က စွယ်တော်ဘုရား လာဖူးတယ်ဖြစ်ရော။

အဲဒီအချိန်တုန်းက ကျုပ်ကလည်း မန္တလေး တောင်ခြေက သာသနာ့တက္ကသိုလ်မှာ တက်နေတာပါ။
ရဟန္တာ ဆိုတဲ့အသံကြားပြီး ကောင်းကင်မော့ကြည့်လိုက်တော့ မိုးပျံပူပေါင်းအနီရောင်ကိုပဲ မြင်လိုက်ရတာပါ။

----------------------------------

အစိုးရက အဲဒီလို ကောလဟလတွေ လုပ်တတ်တယ်။ အာရုံအပြောင်းအလွဲ လုပ်တတ်တယ်။ ခုလည်း တောင်ငူ၊မန္တလေး၊မြင်းခြံ စတဲ့မြို့တွေမှာ ပေါ်တာဆွဲတယ်ကြားရတယ်။ တကယ်သတင်းလိုက်ကြည့်တယ် တကယ်မဟုတ်ဘူး။ မငြိမ်သက်အောင် လှုပ်အောင်ဖန်တီးပြီး ကျောင်းသားတွေ သပိတ်ကို ထိခိုက်အောင်လုံးပမ်းမှာလား။ ပြည်မြို့မှာ သူခိုးတစ်ယောက် လူမမိပဲ ထွက်ပြေးတာကို သတင်းလုပ်ထားတယ်။ DVBမှာ ကြည့်ရတယ်။ ဒီကိစ္စ DVB မရိုးသားဘူးလို့မြင်ပါတယ်။ ပြည်နဲ့မဝေးလှတဲ့ လက်ပံတန်းမှာ တည်းခိုနေတဲ့ ပင်ပသပိတ်စစ်ကြောင်းက ကျောင်းသားတွေကို တစ်စုံတစ်ရာ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်လို့မြင်ပါတယ်။ ကောလဟလတွေ ဖန်တီးပြီး ရည်ရွယ်ချက်တစ်ခုကို အကောင်အထည်ဖော်တတ်အကြောင်းကို တင်ပြတာပါ။ ပြည်သူတွေ သတိ်ထားစေချင်ပါတယ်။ (မိုးပျံပူပေါင်း အကြောင်းကို ထောက်လှမ်းရေတွေ ထောင်ကျစဉ်က မန္တလေး အိုးဘိုထောင်မှာ သူတို့ကိုယ်တိုင် ပြန်ပြောခဲ့တာပါ။ ထောင်ထွက်တစ်ဦးထံက သိခဲ့ရတာပါ။)


-------------------------------------------------------------------------


ကောလာဟလနဲ့ပတ်သက်ပြီး တက်နိုင်သလောက် စုစည်းပြီး တင်ပြလိုက်ရပါသည်။

ကောလာဟလ ၅ မျိုး
---------------------------------
ကောလာဟာလဟူသည်ကား အုတ်အုတ်ကျက်ကျက်သော အသံဖြစ်လျှက် လောက၌ ကျော်စောခြင်းဖြစ်သ တည်း။
ကောလာဟလကို အင်္ဂလိပ် အဘိဓာန်မှာတော့ Rumour ဟု ဆိုသည်။ ထို အင်္ဂလိပ် အဘိဓာန် အဆိုအရ လူတွေရဲ့ ဟိုအကြောင်း ဒီအကြောင်း ပြောတဲ့ သတင်းအစိတ်ပိုင်းတစ်ခု၊ ထိုသတင်းက မှန်ချင်မှ မှန်မည်၊
အတိအကျ သတင်းကား မဟုတ်။ စာရေးသူတို့ ငယ်ငယ်က ကြားဖူးသည်မှာ ကောလာဟလ ကြံကုန်ကြ ဒေဝ မနုဿာတဲ့။ လူတွေ နတ်တွေ ကြံစည် စိတ်ကူးပြီး ပြောဆိုတဲ့ စကားကို ကောလာဟလ ဟုခေါ်သည်။

ကောလာဟလ အမျိုးအစားကိုတော့ အပါဒါန အဋ္ဌကထာ ပထမ-၅၈၊ ဗုဒ္ဓဝံသအဋ္ဌကထာ ၃၁၇၊ ဇာတကအဋ္ဌ ကထာ ပထမ-၅၆ နှင့် ဝိသုဒ္ဓိမဂ်တို့မှာ-
၁။ ကပ္ပကောလာဟလ
၂။ ဗုဒ္ဓကောလာဟလ
၃။ စက္ကဝတ္တိ ကောလာဟလ ဟု ကောလာဟလ သုံးမျိုးပဲ ပြထားသည်ကို တွေ့ရသည်။


ခုဒ္ဒပါဌအဋ္ဌကထာ နှာ-၁၀၁ နှင့် သုတ္တနိပါတ အဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၃တို့မှာတော့---
၁။ ကပ္ပကောလာဟလ
၂။ စက္ကဝတ္တိ ကောလာဟလ
၃။ ဗုဒ္ဓကောလာဟလ
၄။ မင်္ဂလာ ကောလာဟလ
၅။ မောနေယျ ကောလာဟလ ဟု ကောလာဟလ ငါးမျိုးကိုပြထားသည်။


နောက်ထူးခြားမှုတစ်ခုမှာ သုံးမျိုးပြကောလာဟလ ရှေ့နောက် အစဉ်နှင့် ငါးမျိုးပြ ရှေ့နောက် အစဉ်တို့လဲ အထက်အောက်ပြောင်းနေသည်ကို တွေ့ရသည်။ ပြောင်းသည့်နံပါတ်မှာ နှစ်နှင့် သုံး ဖြစ်သည်။
သို့သော်လဲ အရေးမကြီးပေ၊ အများဆုံးပြ ငါးမျိုးကိုလေ့လာမည်၊ သုံးမျိုးပြ ငါးမျိုးပြ ကွဲပြားနေပေမဲ့ အတူပါသည့် သုံးမျိုးလုံး ရှင်းလင်းချက်ကိုတော့ အဓိပ္ပါယ် လုံးဝတူဖြစ်နေသည်။



-------------------------------------------------------------------------


၁။ ကပ္ပကောလာဟလ
---------------------------------
ကပ္ပကောလာဟလ-ကမ္ဘာကြီးပျက်တော့မည့် ကောလာဟလသတင်းကို ကြွေးကြော်ကြခြင်း။
ကာမဘုံသား နတ်များတို့သည် ခေါင်းကို ငိုက်စိုက်ကျခြင်း၊ ဆံပင်တွေ ဖရိုဖရဲဖြစ်နေခြင်း၊ မျက်နှာ၌ မျက်ရည်တို့ကို သုတ်ခြင်း၊ ဝမ်းနဲခြင်းအထိမ်းအမှတ် အနီရောင် အဝတ်အစားများကို ဝတ်ဆင်ခြင်း (ယနေ့ခေတ် ဝမ်းနဲခြင်း သင်္ကေတ အနက်ရောင်) စသည်ဖြင့် ငြိုးနွမ်းပင်ပန်း ဝမ်းနဲသော အသွင်ဖြင့် လမ်းမှာ တွေ့သမျှလူအားလုံးကို သတင်းစကား ပေးကြသည်။ သူတို့ ဝမ်းနဲစွာ ပြောသော စကားမှာ “အမောင်တို့--- အနှစ်တစ်သိန်းနောက်ပိုင်း ဒီကမ္ဘာကြီး ပျက်စီးလိမ့်မည်၊ သမုဒ္ဒရာရှိ ရေတွေ ခန်းခြောက်လိမ့်မည်၊ ဒီမဟာမြေကြီးနှင့် တောင်တွေ အားလုံး မီးဟုန်းဟုန်းတောက်လိမ့်မည်၊ ထိုမီးတောက်တို့သည် ဗြာဟ္မာပြည် ပထမဈာန်အထိ လောင်ကျွမ်းပြီး ကမ္ဘာကြီး ပျက်စီးလိမ့်မည်၊ ထို့ကြောင့် အချင်းအချင်း မေတ္တာပွားကြ၊ ကရုဏာထားကြ၊ မုဒိတာ ပေးကြ၊ ဥပေက္ခာ ရှုကြ၊ အမေ အဖေကို ပြုစုလုပ်ကြွေးကြ၊ ကြီးသူကို ရိုသေလေးစားကြ” ဟူသတည်း။ ဒါကိုပဲ ကပ္ပကောလာဟလ ခေါ်သည်။ ဒီလို ကောလာဟလမျိုးသည်၊ ကမ္ဘာပေါ်ရှိ သတ္တဝါတွေ ကိုယ်ကျင့်တရား လုံးဝပျက်စီးသွားပြီး၊ အဖေ အမေ၊ အစ်ကို အစ်မ မသဲကွဲတော့တဲ့အချိန်၊ ရှက်ခြင်း ကြောက်ခြင်းဆိုတဲ့ လောကပါလ တရားနှစ်ပါး ပျောက်ကွယ်သွားတဲ့ အချိန်၊ လူတွေရဲ့ သက်တမ်းသည်လည်း အနိမ့်ဆုံးသို့ ရောက်သွားသည့်အချိန်၊ လက်ဖြင့် စမ်းသပ် ကိုင်မိရာ အရာမှန်သမျှတို့သည် လူကို သေစေနိုင်သော လက်နက် ဖြစ်သည့် အချိန်မှာ ဖြစ်တတ်သည်။

၂။ စက္ကဝတ္တိ ကောလာဟလ
---------------------------------
စက္ကဝတ္တိ ကောလာဟလ-စကြာဝတေးမင်း ပွင့်လိမ့်မည်ဟူသော ကောလာဟလ သတင်းပျံ့ခြင်း။
စကြာဝတေးမင်းဆိုတာလဲ အလွန်ထူးခြားသည့် လူသားတစ်ယောက် ဖြစ်သည်။ သူ့မှာ ပိုင်ဆိုင်သည့် သားကြီးရတနာ၊ မိန်းမရတနာ၊ ဂဟပတိ ရတနာ၊ စကြာရတနာ စတဲ့ ရတနာတွေကလဲ ဘယ်သူမှ မပိုင်ဆိုင်နိုင် သည့် ရတနာတွေဖြစ်သည်။
ပါရမီအမြင့်ဆုံးရောက် လူသားတစ်ယောက်သည် လောကီလူသား ဖြစ်လျှင် စကြာဝတေးမင်း ဖြစ်သည်၊ အကယ်၍ လောကီကို စွန့်လျှင်ကား ဘုရားဖြစ်မည်။
ထိုစကြာဝတေးမင်းသည် ဘုရားရဟန္တာတို့နှင့် တန်းတူ စေတီတည်ပြီး ကိုးကွယ်ထိုက်သည်ဟုတောင် ဆိုထား သေးသည်။ ဤကဲ့သို့ထူးခြားသည့် စကြာဝတေးမင်းသည် အနှစ် တစ်သိန်း ကျော်လွန်သွားရင် လောကကြီးထဲမှာ ထူးခြားစွာ ပွင့်တော်မူလိမ့်မည်ဟု နတ်တွေက ကြွေးကြော်ကြခြင်းသည် စက္ကဝတ္တိ ကောလာဟလ မည်၏။

၃။ ဗုဒ္ဓကောလာဟလ
---------------------------------
ဗုဒ္ဓကောလာဟလ- ဘုရားပွင့်မည်ဟုသော သတင်းစကား ကြွေးကြော်ကြခြင်း။ လောကပါလ နတ်တွေ၊ (တချို့နေရာမှာ) ဗြာဟ္မာအဝတ်အစားတွေ ဝတ်ဆင်ပြီး သုဒ္ဒါဝါသ နတ်တွေက “ယခုချိန်မှ အနှစ်တစ်ထောင်လွန်လျှင် လောကကြီးထဲမှာ လောကအားလုံးကို သိတော်မူသော သဗ္ဗညု ဘုရား ပွင့်တော်မူလိမ့်မည်”ဟု မြို့ရွာတွေထဲမှာ လှည့်လည် ကြွေးကြော်ကြခြင်းကို ဗုဒ္ဓကောလာဟလ ဟုခေါ်သည်။ သဗ္ဗညု ဘုရား ပွင့်တော်မူလိမ့်မည်ဟုသော ကြွေးကြော်သံကို ယုံကြည်ကြသော တစ်သောင်းသော စကြာဝဠာရှိ နတ်အပေါင်းတို့က ဘယ်သူ ဘုရားဖြစ်ထိုက်သနည်း ဟု ဆွေးနွေးတိုင်ပင်ကြသတဲ့။ ထိုသို့ တိုင်ပင်ဆွေးနွေးပြီး ဘုရားဖြစ်ထိုက်သော တုသိတာနတ်ပြည်ရှိ နတ်သားကို ချဉ်းကပ်ပြီး တောင်းပန် လျှောက်ထားကြသတဲ့၊ “လူ့ပြည်သွားပြီး အချိန်၊ နေရာ၊ ကျွန်း၊ အမျိုး၊ အသက်အပိုင်းအခြားတို့ကို ဆင်ခြင်သုံးသပ်ပြီး ဘုရားအဖြစ် ပွင့်တော်မူပါ” ဟု တောင်းပန်ကြ၏။ ပါရမီပြည့်ဝပြီး ကမ္ဘာ့ခေါင်းဆောင်၊ လောက ဥသျှောင် ဖြစ်ထိုက်သူကို သာမန်လူသားတွေ မရွေးချယ်နိုင်၊ နတ်တွေကသာ ရွေးနိုင်သည်ဟု ဆိုရမည်။ လောကဥသျှောင်ကို နတ်တွေကပဲ ရွေးချယ်တင်မြောက်၊ နတ်ပြည်ရဲ့ ဒီမိုကရေစီ၊ လောကကြီးရဲ့ ဒီမိုကရေစီ အလား ဖြစ်ရသည်။ မှတ်မိသေးသည်၊ တလောက အမေရိကန် သမ္မတလောင်းနှစ်ယောက် ပြည်သူလူထုရှေ့မှာ နိုင်ငံတော်အတွက် စကားစစ်ထိုးပွဲ ပြိုင်ရသည်။ အမေရိကန် ဒီမိုကရေစီမှာတော့ သမ္မတဖြစ်ထိုက်တဲ့ ပါရမီရှင်များကို ပြည်သူက ရွေးချယ်ပြီး လူထုရှေ့မှာ အရည်အချင်း ပြိုင်စေပြီး လူထုကပဲ အရည်အချင်းစစ်၍ အမှတ်များသူကို သမ္မတအဖြစ် တင်မြောက်သည်။ ထူးခြားသည့် လူသားတစ်ယောက်ကို သာမန် လူသားတွေက ဤနည်းဖြင့် ရှာဖွေကြသည်။ ပါရမီ အထွဋ်အထိပ် ရောက်နေသော လောကဥသျှောင်ကိုတော့ သာမန်လူသားတွေ မရှာဖွေနိုင်၊ နတ်တွေ ဗြဟ္မာတွေကသာ ရှာဖွေနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်ဆိုတာ အာဏာမဟုတ်၊ သူ၏ပင်ကိုယ် အရည်အချင်းဖြစ်သည်။ ဤကား ဒီမိုကရေစီနည်းတည်း။

၄။ မင်္ဂလာ ကောလာဟလ
---------------------------------
မင်္ဂလာ ကောလာဟလ- မင်္ဂလာအကြောင်း တောင်တောင်အီအီ တွေးတော ကြံစည်ကြခြင်း။ လောကမှာ မင်္ဂလာဆိုတာ ဘာလဲ? ဆိုတဲ့ မင်္ဂလာမေးခွန်းတစ်ခု လူ့ပြည်မှာ ကောလာဟလ ဖြစ်ခဲ့သည်။ တချို့က မင်္ဂလာဆိုတာ မြင်ရတဲ့ အရာကို မင်္ဂလာ (ဒိဋ္ဌမင်္ဂလာ) လို့ခေါ်တယ်၊ နောက်တစ်ယောက်တော့ မြင်အပ်ရာမှန်သမျှ မင်္ဂလာ မဖြစ်နိုင်ဘူး၊ ကောင်းတာရော၊ မကောင်းတာရော မြင်ရမည်၊ တင့်တယ်လှပတာရော မတင့်မတယ် မစင်ကိုလဲ မြင်ရမည့်အတွက် မြင်ခြင်း (ဒိဋ္ဌ)သည် မင်္ဂလာ မဖြစ်နိုင်တဲ့အတွက် ကြားတဲ့ အရာ (အကြေားအာရုံ)သည်ပင် မင်္ဂလာ (သုတမင်္ဂလာ) ဖြစ်သည်၊ နောက်တစ်ယောက်က ဒါလဲ မဖြစ်နိုင်ဘူး ကောင်းတာ မကောင်းတာ၊ သာယာတာ မသာယာတာတွေလဲ ကြားနိုင်လို့ မင်္ဂလာမဖြစ်နိုင်၊ မြင်ခြင်း ကြားခြင်း မရှိတဲ့ အနံ့သည်ပင် မင်္ဂလာ (မုတမင်္ဂလာ) ဖြစ်သည်။ ဤသို့ စသည်အားဖြင် လူတွေဟာ ထင်ရာ မြင်ရာတွေကို တွေးတော ကြံစည်ပြီး မင်္ဂလာဟု အငြင်းအပွား ဖြစ်နေကြသည်မှာ (၁၂) နှစ်တောင် ကြာသတဲ့။ ထို မင်္ဂလာနဲ့ပတ်သက်ပြီး အငြင်းအပွားဖြစ်လိုက်ကြတာ လူ့ပြည်ကနေ နတ်တွေ၊ နောက်ဆုံး တစ်သောင်းသော စကြာဝဠာအထိ မင်္ဂလာဆိုတာ တိကျတဲ့ အဖြေ မရနိုင်ဘဲ ၁၂ နှစ်အထိ ကြာမြင့်ခဲ့သည်။ နောက်ဆုံး လူ့ပြည်ကနေ ဗြဟ္မာ့ပြည်အထိ ရောက်သွားသော မင်္ဂလာ သတင်းသည် လူ့ပြည် ပြန်ရောက်လာပြန်သည်၊ ဘုရားရှင်ထံ ရောက်မှ မင်္ဂလာဆိုတာ အသေဝနာ စ ဗာလာနံ အစချီသော ၃၈ ပါးသော မင်္ဂလာ သတင်း အတိကျကို ရရှိသွားကြသည်။ (၁၂) နှစ်တာ ကာလအတွင်း မင်္ဂလာဆိုတဲ့ စကားကို ပုံဖော်ခြင်းက လူ့ပြည်ကနေ ဗြဟ္မာပြည်အထိ အုတ်အုတ်သဲသဲ ဖြစ်သွားခြင်းကိုပဲ မင်္ဂလာ ကောလာဟလ ဟု ခေါ်သည်။

၅။ မောနေယျ ကောလာဟလ
---------------------------------
နောက်ဆုံး ကောလာဟလ ကတော့ ထိုမေးခွန်းရှင် သိချင်နေတဲ့ မောနေယျ ကောလာဟလ ဖြစ်သည်။ ဒီကောဟလနဲ့ပတ်သက်ပြီး စာပေမှာလဲ အနဲအကျဉ်းမျှသာ ပြဆိုထားသည်၊ ထို့ကြောင့် ဓမ္မကထိကဆရာတော်များက အကျယ်တဝန့် မဟောကြ။ ထိုမင်္ဂလာ ငါးပါးလုံး စုပြုံပြထားတဲ့နေရာမှာတော့ မောနေယျကောလာဟလဆိုတာ “၇ နှစ်ကြာရင် မထင်မရှားတဲ့ ရဟန်းတစ်ပါး ဘုရားရှင်နဲ့ ဆုံမိ၍ မောနေယျ အကျင့်ကို မေးလိမ့်မည်”ဟု သုဒ္ဓါဝါသ နတ်တွေက လူသွားလမ်းတွေမှာ လှည့်လည်ပြီး ပြောကြသတဲ့၊ ဒါကိုပဲ မောနေယျ ကောလာဟလ ဖြစ်သွားတော့သည်။ ပိုပြီး ရှင်းလင်းစေရန် မောနေယျ ဆိုတာ ဘာလဲ၊ မောနေယျ အကျင့်ဆိုတာ ဘာလဲ၊ ဘယ်လိုပုဂ္ဂိုလ် ကျင်တာလဲ ဆိုတာ သိဖို့လိုသည်။ မောနေယျနှင့်ပတ်သက်တာကို သီးသန့် ရှာဖွေလေ့လာရလိမ့်မည်။

မောနေယျအကျင့်ကို ကျင့်သူသည် ဘုရားတစ်ဆူမှာ တစ်ပါးသာ ပေါ်ထွန်း၏၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့နဲ့ မတူဘူးလားဆိုတော့ ကိလေသာကို ပယ်ခြင်းက တူ၏။ အကျင့်ကိုကား မတူဟု ဆိုရမည်။ မောနေယျ အကျင့်သည် အလွန်ပင်ပန်း၏၊ ထိုအကျင့်ကို ကျင့်ခြင်းဖြင့် ကိုယ်ခန္ဓာ ပိန်လှီ၏၊ အရိုးပြိုင်းပြိုင်းထ၏ ဟု ဆိုထား၏၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့လိုပဲ သူလဲ ဆုထူးပန် ဖြစ်ခဲ့သည်။ တခါက ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်မှာ မောနေယျ အကျင့်ကို ကျင့်နေသော ရဟန်းတစ်ပါးကို ဖူးမြင်ရ၍ ငါလည်းပဲ ဒီလို ရဟန်းမျိုး ဖြစ်ချင်ဟု ဆုပန်ကာ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်သည်။ ဆုထူးပန်ရှင်သည် ဂေါတမ ဘုရားရှင်လက်ထက်မှာ အသိတ ရသေ့တစ်ပါး၏ တူ နာလက အမည်ရှိ ရသေ့တစ်ပါး ဖြစ်လာသည်။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ပြီး များမကြာမီမှာပဲ ဓမ္မစကြာတရားဟော၍ ပဉ္စဝဂ္ဂီ ၅ ဦးသော ရဟန်းတို့ ရဟန္တာဖြစ်ကြသည်။ ဓမ္မစကြာတရားဟောပြီး (၇) ရက်မြောက်နေ့မှာပဲ နာလက ရသေ့ မောနေယျအကျင့်ကို မေးပါတော့သည်။ မြတ်ဗုဒ္ဓသည် မောနေယျအကျင့်ကို ထင်ရှားစေဖို့ အာနန္ဒဇာတ် အစရှိသော ဝတ္ထု နှစ်ဆယ်တို့ကို ဟောတော်မူ၏။

မောနေယျ ဟူသည်
---------------------------------
မောနေယျ ဆိုသည်မှာ မောနေယျဟူသည်ကား မဂ်ဉာဏ်လေးပါးကို ခေါ်ဆိုသည်၊ အထူးသဖြင့် အရဟတ္တ မဂ်ဉာဏ်ကို မောနေယျဟူ၍ ခေါ်၏။ ထို ့ကြောင့် မဂ်ဉာဏ်လေးပါးသို့ ရောက်ကြောင်း ကောင်းမြတ် မှန်ကန်သော အကျင့်ကို မောနေယျပဋိပဒါ ဟုခေါ်သည်။ မောနေယျအကျင့် ပဋိပဒါနှင့် ဆက်စပ်ပြီး--------

“မောနေယျံ တေ ဥပညိဿံ၊ ဒုက္ကရံ ဒုရဘိသမ္ဘဝံ။
ဟန္ဒ တေ နံ ပဝက္ခာမိ၊ သန္ထမဿု ဒဠော ဘဝ။”
ဂါထာ အစရှိသော ဂါထာ နှစ်ဆယ့်သုံးပုဒ်ရှိသည်။
(ဤနေရာ၌ မဖော်ပြတော့ပေ)။

ထိုမောနေယျအကျင့်ကို ပြုနိုင်ခဲသည်ကို ပြုစွမ်းနိုင်သော ဝီရိယဖြင့် မိမိကိုယ်ကို ကြံ့ခိုင်စွာ ထားပြီးလျှင် မလျော့သော လုလ္လဖြင့် မြဲမြံစွာ ကျင့်ကြံကြိုးကုတ် အားထုတ်ရသည်။

မောနေယျ ပုဒ်သည် မုနိ ပုဒ်မှ ဆင်းသက်လာသည်ဟု ဆိုနိုင်သည်၊ မုနိကို ရသေ့ ရဟန်း ဘာသာပြန်ကြသလို စကားမပြောဘဲ နေခြင်းကိုလဲ ဘာသာပြန်နိုင်သည်၊ တော်တော်များများ နေရာတွေမှာတော့ မုနိပုဒ်က ဘုရားကို ရည်ရွယ်သည်။
တချို့နေရာတွေမှာ စကားမပြောတဲ့ အကျင့် ကျင့်နေသည်ကို ကြားဖူးသည်။ ဓမ္မပဒအဋ္ဌကထာ ၂-နှာ ၂၅၀ မှာတော့ မောနေယျ အကျင့်ဆိုတာ စကားမပြောဘဲ နှုတ်ငုံပိတ်ခြင်းမျိုးကို မဆိုလို၊ မဂ်ဉာဏ်ကိုပဲ ဆိုလိုသည်။

ဣတိဝုတ္တအဋ္ဌကထာ၊ မောနေယျသုတ် အဖွင့်မှာတော့ မောနေယျ ဆိုတာ လက်ရှိဘဝနဲ့ အနာဂတ် နောက်ဘဝ အတွက် မိမိအကျိုး သူတစ်ပါးအကျိုးကို သိသူ ဆောင်ရွက်သူ ရဟန္တာ မဟုတ်သေးသော်လဲ ကလျာဏပုထုဇဉ်၊ အောက်မဂ် အောက်ဖိုလ်များ ရပြီးသူများကို ဆိုလိုသည်။
ထိုသုတ်မှာပဲ ကာယမောနေယျ- ကာယဒုစရိုတ် သုံးပါးကို ပယ်ပြီးခြင်းနှင့် ကာယကို အကြောင်းပြုပြီး ကာယ သင်္ခါရ ချုပ်ငြိမ်းကာ စတုတ္ထဈာန်ရသူ၊ ဝစီမောနေယျ- ဝစီဒုစရိုတ် ၄ ပါးကို ပယ်ပြီးခြင်း၊ နှုတ်ဝစီကို အကြောင်းပြုပြီး ဆန္ဒရာဂကို ပယ်ခြင်း၊ ဝစီသင်္ခါရ ချုပ်ငြိမ်းကာ ဒုတိယဈာန်သို့ ရောက်သူနှင့် မနောမောန ေယျ-မနောဒုစရိုတ် သုံးပါးကို ပယ်ပြီးခြင်း၊ မနောနှင့်စပ်ပြီး ဆန္ဒရာဂကို ပယ်ခြင်း၊ စိတ္တသင်္ခါရတို့ ချုပ်ငြိမ်းပြီး သညာဝေဒယိတနိရောဓသို့ ရောက်သူတို့ဖြစ်သည်ဟုလဲ ပြဆိုထားသည်။ ထိုအဋ္ဌကထာ စုန္ဒသုတ် အဖွင့်မှာတော မုနိကို ဉာဏ်ဟုဆို၍ ထိုဉာဏ်နှင့် ပြည့်စုံသူကို သို့မဟုတ် ဉာဏ်အကျင့်ကျင့်သူကို မောနေယျဟု ခေါ်သည်။

အထက်မှာ ပြဆိုထားသည့် နာလက ရသေ့သည် မြတ်စွာဘုရားထံ မောနေယျအကျင့်ကို မေးပြီးသည်မှ စ၍ တောအုပ်တစ်ခုကို နှစ်ရက် မနေတော့၊ သစ်ပင်တစ်ပင်အောက်မှာလဲ နှစ်ရက်မနေဘဲ တစ်တောဝင် တစ်တောထွက်၊ တစ်ရွာဝင် တစ်ရွာထွက် စသည်ဖြင့် လှည့်လည်နေတော့သည်၊ တစ်နေရာ တစ်ရက်ထဲပဲ နေသည်။
ဤနည်းအားဖြင့် တစ်တောဝင်တစ်တောထွက်ပြီး မောနေယျအကျင့်များကို ကျင့်ခဲ့သည်မှာ အထွဋ်အထိပ်သို့ ရောက်သွားသည်။ အသက်ရှင်ဖို့ရာ ၇ လပဲ ကျန်တော့သည်။
မောနေယျအကျင့်ကို ပြင်းပြင်းထန်ထန် ကျင့်လျှင် ၇ ရက်ပဲ အသက်ရှည်သည်၊ အလည်အလတ် ကျင့်ရင် ၇ နှစ် အသက်ရှည်ခွင့်ရှိသည်၊ အနိမ့်စား ကျင့်လျှင် ၁၆ နှစ် အသက်ရှင်ခွင့်ရှိသည်။ နာလက ရဟန်းတော် ကတော့ ပြင်းပြင်းထန်ထန်ကျင့်၍ ၇ လမြောက်နေ့မှာပဲ အာယုသင်္ခါရ လွတ်ဖို့ (ပရိနိဗ္ဗာန်ပြဖို့) သိသဖြင့် ရေမိုးချိုး၊ သင်္ကန်းကို သေသေသပ်သပ်ဝတ်၊ နှစ်ထပ်သင်္ကန်းကြီးကို ပခုံးပေါ်တင်ပြီး ဘုရားရှင်ရှိရာ ကျောင်းတော်သို့ မျက်နှာမူပြီး ထိခြင်းငါးပါးဖြင့် ဦးတိုက်ပြီး၊ လက်အုပ်ကလေးချီကာ မက်တက်ရပ်လျှက် ပရိနိဗ္ဗာန်စံတော်မူသည်၊ သူ၏ဈာပနအပြီး ဘုရားနှင့်သံဃာတော်များက အရိုးတော်ဓာတ်တော်များကို စုပြီး စေတီတည်ပေးသည်။
ဘုရားတစ်ဆူမှာ တစ်ပါးသာ ရှားရှားပါးပါး ပေါ်သော မောနေယျအကျင့်ရှိသူကို ဘုရားကိုယ်တိုင် စေတီတည်ပေး သည်။

ထူးခြားသည့် ကျင့်စဉ်
---------------------------------
မေးစရာရှိသည်မှာ ရဟန္တာချင်းတူပါလျှက် ရဟန္တာဖြစ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိရက်သားနဲ့ သူများနည်းတူ အားမထုတ်ဘဲ ဘာဖြစ်လို့ ဆင်းရဲ ပင်ပန်းသော မောနေယျအကျင့်ကို ကျင့်ရသနည်း။
ရှေးဘုရားလက်ထက်က မောနေယျအကျင့် ကျင့်သူကို အားကျ၍ ဆုထူးပန်ခဲ့ခြင်း၊ တရားတော်များကို စောင့်ရှောက်လိုခြင်း ဖြစ်ဟန်တူသည်။
တရားတော်ကို စောင့်ရှောက်ခြင်းဆိုသည်မှာ အရှင်မဟာကဿပနဲ့ ယှဉ်၍ နားလည်နိုင်သည်။ အရှင်မဟာကဿပ သည် ရဟန္တာဖြစ်ပြီး ဖြစ်ပါလျှက် အဘယ့်ကြောင့် ပင်ပန်းဆင်းရဲတဲ့ ဓုတင် ၁၃ ပါးကို ကျင့်သနည်း၊ တကယ်တော့ အရှင်မဟာကဿပလဲ အလားတူပင် ဆုထူးပန်ဖြစ်ခဲ့သည်၊ ရဟန္တာဖြစ်ပြီး၍ သူကျင့်သမျှ သူလုပ်သမျှတို့ သည် သူ့အတွက်မဟုတ်တော့၊ သာသနာအတွက်သာ ဖြစ်သည်၊ နောင်လာနောက်သားများ အတွက်သာ ဖြစ်သည်၊ တရားတော်ကို စောင့်ရှောက်ရန်အတွက်သာ ဖြစ်သည်။
နာလက မထေရ်လဲ ဘာ့ကြောင့် မောနေယျ အကျင့်ကျင့်သနည်း ဆိုရင် ထိုအဖြေအတိုင်းပင် ဖြစ်ပါလိမ့်မည်။

မောနေယျအကျင့်များကို စာမျက်နှာများသွားမှာကို မလိုလား၍ ဤနေရာ၌ မဖော်တော့ပဲ ဖော်ပြထားသည့် ဆိုက်ကိုပဲ လင့်ခ်ပေးပါမည်။
မောနေယျ အကျင့် ဂါထာများ အနက်မြန်မာပြန်ကို ဤမှာဖတ်ရှုနိုင်သည်။ ဒကာမ မရှင်းသော မောနေယျကော လာဟလ သည် ဤမျှလောက်ဖြင့် အဆင်ပြေမည်ထင်ပါသည်။

နိဂုံး
---------------------------------
ကောလာဟလ ဆိုပေမဲ့ နောက်ဆုံးတော့ တကယ် အဖြစ်မှန်တွေ ဖြစ်လာတော့သည်။
ကောလာဟလ ငါးမျိုးက စာရေးသူတို့ ဓမ္မမိတ်အပေါင်းကို ဘာတွေ ပေးသလဲ၊ ကပ္ပကောလာဟလ- ကမ္ဘာကြီးပျက်စီးတော့မည်ဆိုတဲ့ သတင်းစကားကတော့ လောကမှာ ဘာမှ မမြဲပါလား ဆိုတဲ့ သတိသံဝေကို ပေးသည်၊ ထိုသတိသံဝေဖြင့် တစ်ယောက်ကို တစ်ယောက် မာနတွေ၊ ဒေါသတွေ အာဃာတတွေ မထားဘဲ အချင်းအချင်း အပြန်အလှန် လေးစားခြင်း၊ မေတ္တာပွားခြင်း၊ ကရုဏာထားခြင်းဆိုတဲ့ စိတ်ဓာတ်မြင့်မားရေးတို့ကို ကပ္ပကောလာဟလက ပေးသည်။
ဗုဒ္ဓကောလာဟလ-ဖြင့် လောကမှာ ဖြစ်ပေါ်ခဲ၊ ပွင့်တော်မူခဲတဲ့ ပုဂ္ဂိုလ်ထူးကို ဖူးမျော်ခွင့်ရလေးခြင်းဆိုတဲ့ ဗုဒ္ဓါနုဿတိဖြစ်စေသည်။ မင်္ဂလာကောလာဟလက (၁၂) နှစ်တိုင်တိုင် ရှာဖွေးရင်း ဘုရားနဲ့တွေ့မှ သိခွင့်ရသည့် မင်္ဂလာတရား၊ ပွင့်ပေါ်ခဲသော ဓမ္မ၊ ကြားနာခဲသော မင်္ဂလာတရားတော်များကို နာခွင့်ရခြင်း၊ ကြားခွင့်ရခြင်းဆိုတဲ့ ဓမ္မာနုဿတိကို ပေးသည်။
မောနေယျကောလာဟလ ကတော့ ပွင့်တော်မူခဲသော ဘုရားသားတော်တွေသည် ဤကဲ့သို့ သာမန်လူတွေ ကျင့်နိုင်ခဲသော အကျင့်ထူးကို ကျင့်နိုင်ကြပါပကောလားဟု သော သံဃာနုဿတိကို ပေးသည်။

ကောလာဟလ ၅ မျိုးက “ဤသို့အားဖြင့် သံဝေဂပွားခြင်း၊ မေတ္တာတရား ဂရုဏာတရားတွေ ထားခြင်း၊ ပွင့်ပေါ်ခဲသော ဘုရား၊ တရား၊ သံဃာရတနာများဖြင့် ကြုံခိုက်၊ ရခဲတဲ့ လူ့ဘဝကို ရခိုက်၊ မကောင်းမှုရှောင် ကောင်းမှုဆောင်ဖို့ မမေ့ကြရန်” တိုက်တွန်းနှိုးဆော်လိုက်ပါတော့သတည်း။

ရွှင်လန်းချမ်းမြေ့ပါစေ


သီတဂူစတား



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org