ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင် အသက်ရှင်လွတ်မြောက် ခဲ့သူတစ်ဦးနှင့် တွေ့ဆုံခြင်း

ငြိမ်းချမ်း(9 April 15)




-----------------------------------------------------------------------------------

‎သင်္ဘောသား ၁၃၂ ဦးလိုက်ပါသည့် ရုရှားအခြေစိုက်ငါးဖမ်း သင်္ဘော Dal'nij Vostok သည် ဧပြီ ၁ ရက် နံနက်က ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန်ပင်လယ် ပြင် (မုဆိုးပင်လယ်ပြင်)တွင် တိမ်းမှောက် ခဲ့သည်။

ထိုသင်္ဘောပေါ်၌ မြန်မာသင်္ဘောသား ၄၂ ဦး လုပ်ကိုင်နေရာ သင်္ဘောတိမ်းမှောက်မှုတွင် မြန်မာသင်္ဘောသား ၁၆ ဦး သေဆုံးခဲ့ပြီး လေးဦးပျောက်ဆုံးနေဆဲဖြစ်ကာ ၂၂ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။ ကယ်ဆယ်ရရှိသော မြန်မာသင်္ဘောသား ၂၂ ဦးသည် ဧပြီ ၇ ရက်က ရုရှားနိုင်ငံတောင်ပိုင်း Sakhalin မြို့ရှိ ပစိဖိတ်ပလာဇာဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။

မြန်မာသင်္ဘောသား ၂၂ ဦးအနက်မှ ကွမ်းခြံကုန်းမြို့ဇာတိဖြစ်သော အသက် (၂၅)နှစ်အရွယ် ကိုတင်ထူးနိုင်အား 7 Day Daily က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည့်အနက်မှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

-- အစ်ကို့နာမည်နဲ့ ဘယ်မြို့ကနေ သွားပြီး အလုပ်လုပ်တာလဲဆိုတာ အရင်ဆုံးပြောပြပေးပါလား။

ကျွန်တော့်နာမည် တင်ထူး နိုင်ပါ။ အသက် (၂၅)နှစ်ပါ။ ကွမ်းခြံကုန်းကနေသွားပြီး အလုပ်လုပ် တာပါ။

-- ဒီရုရှားသင်္ဘောကိုသွားပြီး အလုပ် လုပ်ဖို့ ဘယ်ချိန်ကတည်းကနေ ထွက်လာတာလဲဗျ။

၂၀၁၄ ခုနှစ် ၁၁ လပိုင်း ၁၁ ရက်က ထွက်လာတာပါ။

-- ငါးဖမ်းသင်္ဘောပေါ်မှာ အလုပ်လုပ်ရမယ်လို့ ဒီကမထွက်ခင်ကတည်းက သိထားတာလား။ သင်္ဘောပေါ်ရောက်မှ ဒီအလုပ်လုပ်ရမယ်လို့ သိတာလား။

ကုမ္ပဏီကနေ ပြောလိုက် တာက စက်ရုံသင်္ဘောပေါ်တက်ရ မယ်လို့ ပြောလိုက်တာပေါ့နော်။ ငါးဖမ်းတာပါတယ်လို့တော့ မပြောပါဘူး။ စက်ရုံသင်္ဘောဆိုပြီး သွားကြတာပါ။





-----------------------------------------------------------------------------------

‎ -- ဘယ်လိုဖြစ်ပြီး သင်္ဘောမှောက် သွားတာလဲ။ အတွေ့အကြုံကို ပြန်ပြောပေးပါဦး။

ပစ္စည်းတွေ သွားချိန်းရင်းနဲ့ လမ်းမှာဖြစ်တာ။ ပစ္စည်းတွေက လည်း ပြည့်နေပြီပေါ့နော်။ ကျွန် တော်တို့က ပစ္စည်းတွေချိန်းရင် ကမ်းမှာသွားပြီးမချိန်းဘူး။ ရေထဲ မှာပဲချိန်းတာ။ အပေါ်က ငါးတွေ ကလည်း များနေတယ်။ ဝိတ်ပါ သွားတော့ သင်္ဘောက တစ်ခြမ်း စောင်းသွားတာပေါ့။ တစ်ခြမ်း စောင်းပြီး ရေဝင်ပြီးတော့ ပေါက် သွားတာ။

--သင်္ဘောစပြီးမှောက်သွားတာက နေ မှောက်ပြီးတဲ့အထိ အချိန် ဘယ်လောက်ကြာလဲ။ အဲဒီအချိန်မှာ အစ်ကိုက ဘယ်လိုဖြစ်နေလဲ။ ဘာတွေမြင်တွေ့ရလဲ။

စမှောက်တာရောဆို အချိန် သုံးနာရီလောက်ကြာတယ်။ မနက် ၄ နာရီလောက်မှာ စဖြစ်တာပေါ့နော်။ ကျွန်တော်တို့က အိပ်နေကြတာပေါ့။ သင်္ဘောမှောက်တဲ့အချိန်မှာ အလန်းတွေကလည်း မအော်ဘူး။ အဲဒီလို မအော်တော့ ကျွန်တော်တို့ကလည်း ရေထဲဆင်းရမလို၊ မဆင်းရမလို ဖြစ်နေတာပေါ့။ အဲဒါကြောင့် ထိပ်ပိုင်းနားမှာ ရပ်နေကြတာပေါ့။ သင်္ဘော တော်တော်လေးကို စောင်းသွားတော့မှပဲ တချို့က ခုန်ဆင်းကြတာပေါ့။ အောက်က ရေက တော်တော်အေးတယ်ဗျ။ ရေခဲရေလောက်ရှိတယ်။ သူတို့ပြောတာတော့ ဇီးရိုးဒီဂရီလောက်ရှိ ပြောတယ်။ သင်္ဘောစပြီး စောင်းသွားတဲ့အချိန်မှာ Life Boat (အသက်ကယ်လှေ)တွေချတယ်။ ချပြီးတဲ့အချိန်မှာ လူတွေက ခုန်ဆင်းကြတာပေါ့။ တချို့ကျလည်း ဒီအတိုင်း ခုန်ဆင်းကြတာ။ ကျွန်တော်က သင်္ဘောမြုပ်တဲ့အထိ စောင့်တယ်။ နောက်မှ ရေထဲမှာကူးရင်းနဲ့ ကယ်ဆယ်ရေးသင်္ဘောကို စောင့်ရတာပေါ့။ မနက် ၇ နာရီခွဲတော့ ကျွန်တော်က ကယ်ဆယ်ရေးသင်္ဘောပေါ် ရောက်နေပြီ။ အဲဒီကျမှ အလောင်းတွေက တစ်လောင်းပြီးတစ်လောင်း ပေါ်လာတာ။ ကျွန်တော်တို့ကယ်တဲ့ သင်္ဘောပေါ်မှာ အသက်ရှင်တဲ့သူ မြန်မာကိုးယောက်ပါတယ်။ သေ တဲ့သူတွေလည်း တော်တော်ပါတယ်ဗျ။ ရုရှားတွေလည်းပါ တယ်။ ရှင်တဲ့သူရော သေတဲ့သူတွေရောပါ။ ကျွန်တော်တို့ သင်္ဘောပေါ်မှာတော့ မြန်မာကိုး ယောက်ပါလာတယ်။ ကျန်တဲ့သူ တွေက တခြားကယ်ဆယ်ရေး သင်္ဘောပေါ်မှာ။ --ရုရှားကယ်ဆယ်ရေးသင်္ဘောတွေ က ဘယ်အချိန်ရောက်လဲ။ စဖြစ်ပြီး နာရီဝက်လောက် အကြာမှာ တစ်စီးနှစ်စီးရောက် လာတယ်။ နောက်ပိုင်းကျ တော် တော်များများရောက်လာတယ်။ ကျွန်တော်တို့ ကြားတာတော့ ကယ်ဆယ်ရေးသင်္ဘော ၂၂ စီး လာတယ်လို့ကြားတယ်။

အခုသင်္ဘောမှောက်တာမှာ သေ ဆုံးသွားတဲ့ မြန်မာရေလုပ်သား တွေလည်း ပါပါတယ်။ အဲဒီသေ ဆုံးသွားတဲ့သူတွေထဲမှာ အစ်ကို နဲ့ရင်းရင်းနှီးနှီး အတူနေထိုင်တဲ့သူ ပါလားဗျ။

ဒီအတိုင်းပဲ လုပ်ဖော်ကိုင် ဖက်တွေတော့ပါတာပေါ့။ တအား ကြီး ရင်းရင်းနှီးနှီးတော့ မရှိဘူး ပေါ့။ သင်္ဘောပေါ်မှာ မြန်မာတွေ ဆိုတော့လည်း ခင်ကြတာပေါ့။ ဒီ လောက်ပါပဲ။

သေဆုံးသွားတဲ့သူတွေကို ရုရှား အလုပ်သမားဝန်ကြီးဌာနက ရူဘယ်ငွေ တစ်သန်းပေးမယ်လို့ ပြောဆိုထားတာ သိရပါတယ်။ အစ်ကိုတို့ အသက်ရှင်ကျန်တဲ့သူတွေကိုကော ပေးမယ်လို့ ကြားမိ လား။

အခုတော့ ဘာသံမှ ပြော တယ်မကြားသေးပါဘူး။ အခုမှ ပြောတုန်းဆိုတုန်း ရှိပါသေး တယ်။ သူတို့ သေတဲ့သူတွေကျ တော့ ပေးမှာပါ။



-----------------------------------------------------------------------------------

‎-- အခု အစ်ကိုက ပြန်လာမှာလား။ အဲဒီမှာပဲ ဆက်ပြီးအလုပ်လုပ်နေ ဦးမှာလား။

ကျွန်တော် ပြန်လာမှာပါ။ ပြန်လာဖို့အတွက် သံရုံးက ပတ်စ ပို့လုပ်ပေးထားပါတယ်။ ဒီတစ် ရက်နှစ်ရက်အတွင်း ပြန်ရောက် မှာပါ။

-- အခုအစ်ကိုလည်း ပြန်လာမယ်ဆို တော့ ဒီငါးလလောက်အတွင်းမှာ လုပ်အားခလစာစုမိရဲ့လား။

ကျွန်တော်တို့က ဒီမှာစုတာ မဟုတ်ဘူး။ ရန်ကုန်ကိုတစ်ခါ တည်း လွှဲပေးတာ။ ကျွန်တော်တို့ လုပ်တာလည်း ငါးလပဲရှိသေး တယ်လေ။

-- အစ်ကိုတို့ကို တင်ပို့လိုက်တဲ့ ကုမ္ပဏီငါးခုကို အစိုးရက ပိတ် ထားလိုက်ပါတယ်။ အဲဒီကုမ္ပဏီ တွေကို အစ်ကို ဘာပြောချင်လဲ။ နောက်ပြီး အစ်ကိုတို့လို သင်္ဘော တက်မယ့်သူတွေကိုကော ဘာမှာချင်လဲ။

ဘာပြောလို့ရမှာလဲ။ ပြီး သွားပြီပဲ။ ပြောလို့မရတော့ဘူး လေ။ သူတို့လည်း ပိတ်ထားလိုက် ပြီပဲ။ ပြောစရာမရှိတော့ပါဘူး။ ‘‘နောက်သင်္ဘောတက်မယ့်သူ တွေ သေသေချာချာ လေ့လာစုံ စမ်းပြီးမှ သွားကြပါလို့ မှာချင်ပါ တယ်။ ကျွန်တော်တို့လို မဖြစ်စေ ချင်လို့ပါ’’

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

--------------------





-----------------------------------------------------------------------------------

မြန်မာသင်္ဘောသားများကို တရားမဝင်ခေါ်ယူခဲ့သည့် ရုရှားသင်္ဘောလိုင်းပိုင်ရှင် တိမ်းရှောင်
**********************************

မြန်မာသင်္ဘောသားများကို တရားမဝင်ခေါ်ယူခဲ့သည့် ရုရှားသင်္ဘောလိုင်း ပိုင်ရှင်တိမ်းရှောင် သွားတဲ့အတွက် ဒုတိယအကြီးအကဲကို ထိန်းသိမ်းပြီး သင်္ဘောလိုင်းပိုင်ရှင်ရဲ့ ဘဏ်စာရင်းတွေကိုလည်း ရုရှားအစိုးရက ထိန်းသိမ်းလိုက်ပြီလို့ မော်စကို မြန်မာသံရုံးက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

သင်္ဘောနစ်မြုပ်မှုကနေ ကယ်ဆယ်ထားတဲ့ မြန်မာနိုင်ငံသား သင်္ဘောသား ၂၂ ဦးကို ရုရှားနိုင်ငံရဲ့ လူဝင်မှုဥပဒေချိုးဖောက်လို့ ထိန်းသိမ်းထားလိုက်ပြီဆိုတဲ့ သတင်းတွေ မှန်ကန်ခြင်းမရှိကြောင်းနဲ့ လက်ရှိ မြန်မာ သင်္ဘောသားတွေ အားလုံး သံရုံးကိုယ်စားလှယ်တွေနဲ့ အတူ ရုရှားနိုင်ငံတောင်ပိုင်း Yuzhro Sakhalinsk မြို့က Pacific Plaza ဟိုတယ်မှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဟိုတယ်မှာ ခိုလှုံနေတဲ့ မြန်မာသင်္ဘောသားတွေကတော့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ မရှိတဲ့အတွက် ရဲလုံခြုံရေးတွေစောင့်ကြည့်ခံနေရပြီး ဟိုတယ်အပြင်ထွက်မရတဲ့ အကြောင်းနဲ့ အမြန်ဆုံးအိမ်ပြန်ချင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာသင်္ဘောသား ကိုထက်ကိုကိုက “အခက်အခဲက အများကြီးရှိတယ်ဗျ။ ကျနော်တို့ ပိုက်ဆံတွေက အများကြီးကုန်ထားတာလေ။ ကုန်ထားတဲ့အတွက် အခုအချိန်မှာ ဘာတွေ လုပ်ရမလဲဆိုတာ သူတို့နဲ့ ပြောကြည့်ရဦးမယ်။ ပိုက်ဆံရမလား၊ မရမလား။ နစ်နာမှုတွေကလည်း အများကြီးရှိတယ်၊ လက်မှတ်တွေလည်းပါသွားတယ်။ တက်လာတာမှ ဘယ်နှလမှ မရှိသေးဘူး၊ သင်္ဘော မြုပ်သွားတယ်ဆိုတော့”လို့ ဒီဗွီဘီကို တယ်လီဖုန်းနဲ့ ပြောပြပါတယ်။

မြန်မာ သင်္ဘောသားတွေအနေနဲ့ ပစ္စည်းတွေ အားလုံး သင်္ဘောနစ်ရာမှာ ပါသွားပြီး ဆုံးရှုံး သွားခဲ့သလို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက သင်္ဘော လိုက်နေတာ ဖြစ်ပေမယ့် ကုမ္ပဏီက လုပ်ခလ စာ ၁ လစာပဲ ပေးသေးတယ်လို့လည်း ပြောပါတယ်။

မြန်မာသံရုံးကတော့ မြန်မာသင်္ဘောသား ၂၂ ဦးရဲ့ ပျောက်ဆုံးသွားတဲ့ နိုင်ငံကူး လက်မှတ်တွေကို အမြန်ဆုံး အသစ်ပြန်ထုတ်ပေးမှာ ဖြစ်ပြီး မြန်မာသင်္ဘောသားတွေ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေရရှိရေးအတွက် ရုရှားအာဏာပိုင်တွေနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တောင်သာမြို့ကလာတဲ့ မြန်မာသင်္ဘောသား ကိုကျော်ကျော်ကတော့ သင်္ဘောနစ်ရာမှာ ကွယ်လွန်သွားခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဝမ်းနည်းတဲ့အကြောင်းနဲ့ သင်္ဘော နစ်မြုပ်စဉ် အတွေ့အကြုံတွေကို ဒီဗွီဘီကို ပြန်ပြောပြပါတယ်။

“သင်္ဘော စောင်းသွားတဲ့အချိန်မှာ ကျနော်တို့က မစောင်းတဲ့ဘက်ကို အားလုံးက လူတွေတန်းစီ ရပ်နေကြတာပေါ့။ တချို့ကလည်း အသက်ကယ်လှေပေါ် ခုန်ချတာပေါ့။ တချို့ကျတော့လည်း မြုပ်တဲ့အထိ စောင့်ကြတာပေါ့။ ကျနော်ကတော့ ခုန်ချတာ ရေထဲပြုပ်ကျတာပေါ့။ ပြီးတော့မှာ အသက်ကယ်လှေပေါ် တက်တာ။ တချို့ကျတော့လည်း အသက်ရှင်တယ်၊ တချို့ကျတော့လည်း ဆုံးသွားတယ်။ ကျနော်ကတော့ ဘုရားစာကိုပဲ ရွတ်နေတဲ့အတွက် ဘုရားစာကိုပဲ အာရုံပြုတယ်၊ ကျန်တာကတော့ ကျနော့်စိတ်ထဲမရှိဘူး။”

နိုင်ငံတကာက သင်္ဘောသား ၁၃၂ ဦး လိုက်ပါသွားတဲ့ ရုရှားပိုင် ဒဲလ်နီ ဗော့စ်တော့ ငါးဖမ်းသင်္ဘောဟာ ဧပြီ ၂ ရက်နေ့ မနက်က ရုရှား ကမ်ချက်ကာကျွန်းဆွယ်မှာ နစ်မြုပ်သွားခဲ့တာပါ။

သင်္ဘောပေါ်ပါသွားတဲ့ မြန်မာသင်္ဘောသား ၄၂ ဦးအနက် ၂၂ ဦး အသက်ရှင်ပြီး သေဆုံးသူ ၁၆ လောင်း ပြန်ရရှိကာ ၄ ဦး ပျောက်ဆုံးနေတယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – myanmarembassy.ru .

Credit : DVB
. ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org