မြန်မာ-တရုတ်နယ်နိမိတ်အငြင်းပွားပြဿနာ ဘယ်လိုဖြေရှင်းမလဲ

အေးသူစံ(8 April 15)




-------------------------------------------------------------------------


မြန်မာ-တရုတ် နယ်စပ် နယ်မြေပိုင်မှု အငြင်းပွားနေစဉ် (ဓာတ်ပုံ − Zaai HomMain Facebook)

လောက်ကိုင်တိုက်ပွဲတွင် မြန်မာတိုက်လေယာဉ်မှ ကြဲချသည့်ဗုံးကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ရမှုအတွက် သမ္မတဦးသိန်းစိန်ကိုယ်စား မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကို တောင်းပန်ခဲ့သည့် သတင်းများ ပြည်တွင်း၊ ပြည်ပမီဒီယာစာမျက်နှာများထက် ပလူပျံခဲ့သည်။

မြန်မာအစိုးရ တောင်းပန်ရသည့်အဖြစ်သို့ ရောက်ရပြီး နောက်တစ်ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း ရွှေလီမြစ်ဝှမ်းတွင် နှစ်နိုင်ငံနယ်နိမိတ်အငြင်းပွားနေဆဲမြေပေါ် တရုတ်နိုင်ငံက မြစ်ကူးတံတားတည်ဆောက်ရန် မြေတိုင်းသည့်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အလံကို လာရောက်စိုက်ထူခဲ့သည်။ တရုတ်လက်နက်ကိုင်စစ်သား ၂၀ ကျော်နှင့် အာဏာပိုင်အဖွဲ့အစည်းတို့က မည်သူပိုင်သည်ကို ပြတ်ပြတ်သားသား မသတ်မှတ်ရသေးသော အငြင်းပွားမြေပေါ် လက်နက်များကိုင်ဆောင် ဝင်ရောက်လာခြင်း ဖြစ်သည်။

၂၀၁၄ နှင့် ၂၀၁၅ ၂ နှစ်အတွင်း သုံးကြိမ်ခန့် ယခုလို တရုတ်အာဏာပိုင်တို့က နယ်မြေတစ်ဖက်သတ်လာရောက်သတ်မှတ်မှုအပေါ် မြန်မာဘက်ခြမ်းမှ ရှမ်းရွာသားများ ဒေါသထွက်ခဲ့ကြသည်။ အထူးသဖြင့် မြန်မာ့တိုက်လေယာဉ်မှ ကြဲချသည့်ဗုံးကြောင့် သေဆုံးတရုတ်နိုင်ငံသားများအား လျော်ကြေးပေးမည်ဟု ဦးဝဏ္ဏမောင်လွင်က တောင်းပန်ပြီးရက်ပိုင်းအတွင်း နယ်နိမိတ်အငြင်းပွားနေရာတွင် တရုတ်အလံလာစိုက်ထူခြင်းမှာ လျော်ကြေးကိစ္စနှင့် ဆက်စပ်မည်ကို ရွှေလီမြစ်တစ်လျှောက် နမ့်ခမ်းဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။

အထူးသဖြင့် လျော်ကြေးအဖြစ် ယခင်ဦးနုနှင့် ဦးနေဝင်းလက်ထက်ကကဲ့သို့ နယ်နိမိတ်ပြန်လည်တိုင်းတာခြင်းဖြင့် မြန်မာပိုင်မြေများ တရုတ်ကိုအပိုင်ပေးလိုက်ရတော့မည်လားဟု ဒေသခံများက စိုးရိမ်ပူပန်နေကြပြီဖြစ်သည်။

‘‘ကျွန်တော်တို့ကတော့ အဲဒီလိုပဲသုံးသပ်ပါတယ်။ ကျွန်တော်တို့ဝန်ကြီး တရုတ်ပြည် သွားတောင်းပန်တယ်။ ဒါကို အခွင့်ကောင်းယူပြီး သူတို့(တရုတ်)လာလုပ်တာဖြစ်နိုင်ပါတယ်။ သူတို့ကိုယ်တိုင်က ဒီနေရာကို ခဏခဏလာလာပြီးလုပ်နေတာ။ နောက်ပြီး တကယ်တမ်းပြောရရင် အခုဒီနေရာတစ်လျှောက် (ရွှေလီမြစ်တစ်လျှောက် နမ့်ခမ်းမြို့)မှာ တရုတ်ကဝယ်တဲ့မြေတွေချည်းပဲ။ ဒေသခံဆိုတာ ရှားနေပါပြီ’’ဟု ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်အမတ်၊ နမ့်ခမ်းဒေသခံ ဦးစိုင်းတင်ဦးကပြောသည်။

ယခုအငြင်းပွားရာနေရာဖြစ်သည့် မြန်မာနိုင်ငံ နမ့်ခမ်းမြို့နှင့် တရုတ်နိုင်ငံဘက်ခြမ်းတို့ကို နယ်ခြားမျဉ်းအဖြစ် ရွှေလီမြစ်ကို နှစ်ဖက်ဒေသခံများက အစဉ်တစ်စိုက်သတ်မှတ်ထားခဲ့သည်။ ရှမ်းမြောက် မူဆယ်ရှိ နယ်နိမိတ်မှတ်တိုင် S78-1 နှင့် S79 ကြား နမ့် ခမ်းမြို့ S62-1 နှင့် S 63 ကြား နယ်နိမိတ်သွယ်တန်းမှု မရှင်းလင်းသည့်နေရာလည်းဖြစ်သည်။

သို့သော် နယ်နိမိတ်မျဉ်းတစ်လျှောက်စီးဆင်းနေသည့် ရွှေလီမြစ်မှာ ယနေ့တွင် ရေစီးကြောင်းပြောင်းသွားရာ နယ်နိမိတ်မျဉ်းသွယ်တန်းထားသည့်နေရာတွင် ယခုအခါ ကုန်းမြေ(မြေနုကျွန်း) ဖြစ်နေသည်။ ထိုမြေပေါ်တွင် နှစ်ဖက်ဒေသခံများက စိုက်ပျိုးမြေများ လုပ်ကိုင်ခြင်းဖြင့် အငြင်းပွားမှုများ ပြန်လည်ဖြစ်ပွားလာခြင်းသာဖြစ်ပြီး နှစ်နိုင်ငံဗဟိုအစိုးရအဆင့်ဖြင့် နယ်စပ်မှတ်တိုင်များ တတိယအကြိမ် ပူးတွဲစစ်ဆေးပြန်လည်စိုက်ထူရန် တရုတ်အစိုးရကို တောင်းဆိုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန နယ်နိမိတ်တိုင်းတာရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နယ်နိမိတ်အငြင်းပွားမှုမှာ ယခင်ကတည်းက မကြာခဏဖြစ်ပေါ်နေခြင်းဖြစ်ပြီး လောက်ကိုင်အရေးနှင့် သက်ဆိုင်ခြင်းမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် ထိုနယ်စပ်ဒေသတွင် နေထိုင်သူများကပြောသည်။

‘‘ရှမ်းတွေကန့်ကွက်တဲ့အသံ ကြားပါတယ်။ ကျွန်တော်တို့ကလည်း နယ်စပ်အနေအထားအရတော့ အခုအငြင်းပွားတဲ့နေရာက မြန်မာပိုင်မြေပဲလို့ ယူဆတယ်။ ဒါပေမဲ့ ကိုးကန့်လျော်ကြေးကိစ္စနဲ့ အပေးအယူလုပ်တာတော့ မဟုတ်နိုင်ပါဘူး။ ဖြစ်လာတဲ့ပြဿနာကိုတော့ အေးအေးချမ်းချမ်းပဲ နှစ်နိုင်ငံညှိနှိုင်းဖြေရှင်းသင့်ပါတယ်’’ဟု ကိုးကန့်ဒေသ လွှတ်တော်အမတ် ဦးကျော်နီနိုင်ကပြောသည်။






-------------------------------------------------------------------------


ယခုနယ်နိမိတ်ပြဿနာမှာ ရှေးယခင်ကတည်းက ဖြစ်ပွားခဲ့ဖူးသော ပြဿနာဖြစ်၍ ကိုးကန့်တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ နယ်နိမိတ်မျဉ်းမှာ မြစ်ကြောင်းပေါ်တွင် ရှိနေသည့်အတွက် ပြဿနာဖြစ်ရခြင်းသာဖြစ်ကြောင်း တရုတ်နယ်စပ်တွင်နေထိုင်သည့် စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကပြောသည်။

‘‘ဒီပြဿနာက နှစ်တိုင်းကြားနေကျ။ အဓိကကတော့ နယ်နိမိတ်က မြစ်ကြောင်းပေါ်ရောက်နေတာပဲ။ တစ်နှစ်ပြီးတိုင်း မြစ်ကြောင်းပြောင်းတော့ ဒီလိုသူပိုင်တယ်ငါပိုင်တယ် ပြဿနာတက်ကြတာ။ ကိုးကန့်ပြဿနာနဲ့မဆိုင်ပါဘူး’’ဟု ၎င်းကပြောသည်။

ရွှေလီမြစ်ကိုနယ်နိမိတ်အဖြစ် ကာလရှည်ကြာ သတ်မှတ်ထားသည့်အတွက် မြစ်ကြောင်းပြောင်းလဲမှုကို သတိမပြုဘဲ နှစ်ဖက်အငြင်းပွားမှုများဖြစ်လာခဲ့ကြောင်း ဦးဝဏ္ဏမောင်လွင်က ပြီးခဲ့သည့်ဇွန်လက ပြည်ထောင်စုလွှတ်တော်တွင် တရုတ်-မြန်မာနယ်စပ်ကိစ္စ လာရောက်ဖြေကြားခဲ့သည်။

သို့သော် အငြင်းပွားမြေနေရာပေါ်တွင် တစ်ဖက်ဘက်မှအလံစိုက်ထူခြင်း၊ မြေတိုင်းခြင်း အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းများ မလုပ်ရခြင်းမှာ လိုက်နာရသည့် စည်းကမ်းဖြစ်သည်။

‘‘နယ်စပ်မှာ တိုင်တစ်တိုင်ကျိုးပဲ့လို့ ပြင်တာကအစ တစ်ဖက်တည်းသဘောနဲ့လုပ်လို့မရဘူး။ လယ်သမားတစ်ယောက် ထွန်စက်နဲ့ နယ်စပ်တိုင်ကိုထိမိလို့ ကျိုးပဲ့သွားရင်တောင် ဓာတ်ပုံရိုက်၊ မူလအနေအထားနဲ့နှိုင်းယှဉ်ပြီး နှစ်ဖက်တာဝန်ရှိသူတွေနဲ့ သက်သေတွေပါမှလုပ်လို့ရတယ်’’ဟု နိုင်ငံခြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သို့သော် တရုတ်နိုင်ငံဘက်ခြမ်းကမူ အငြင်းပွားနေရာပေါ်တွင် မကြာခဏဝင်ရောက်၍ တိုင်များထူခြင်း၊ ၎င်းတို့ပိုင်မြေအဖြစ် ပြုမူခြင်းများ မကြာခဏပြုလုပ်နေသည့်အပြင် ယခုနောက်ဆုံး ဧပြီ ၃ ရက်က လက်နက်များဖြင့် ဝင်ရောက်လာမှုမှာမူ လက်မခံနိုင်စရာဖြစ်ကြောင်း ဒေသခံများကပြောသည်။

‘‘သူတို့က အနိုင်ကျင့်တဲ့ပုံစံနဲ့လာတာမျိုး။ မြစ်တိုက်စားလို့ကမ်းပါးပြိုတော့ မြန်မာဘက်က ရွာတစ်ရွာလုံးရွှေ့ရတယ်။ ရွာဟောင်းက ရွှေလီမြစ်လယ်မှာ။ အခု မနှစ်က နှစ်ဖက်ပြန်လာတိုင်းတော့ အဲဒီရွာဟောင်းနေရာ တရုတ်ဘက်ပါသွားပြီ။ ကုန်းဆာရွာက လယ်မြေတွေလည်း တရုတ်ဘက်ပါသွားတယ်။ အခုကျတော့ မူဆယ်ကနေ တရုတ်ပြည်ရွှေလီကိုသွားတဲ့ တံတားမှာ တစ်လမ်းကပျက်နေပြီ။ အဲဒီတံတားက ကြံ့ခိုင်မှုမရှိတော့ နောက်ထပ်တစ်နေရာရှာတဲ့အနေနဲ့ မြစ်ကူးတံတားဆောက်ဖို့ လာတာလို့လည်း ကြားတယ်။ သူတို့အခုဆောက်မယ့်ပုံစံက နယ်နိမိတ်ကို ခွဆောက်မှာ’’ဟု ဒေသခံတစ်ဦးကပြောသည်။

သို့သော် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ဒေါ်လာဘီလီယံချီသည့် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုရှိထားရာ ယခုလိုမပြောပလောက်သည့် မြေဧကလေးငါးဆယ်လောက်ဖြင့် လဲမည်မထင်ကြောင်းနှင့် အဆိုပါဒေသမှာ အစိုးရအဆက်ဆက် မကြာခဏ နယ်နိမိတ်အငြင်းပွားမှုများ ဖြစ်ပွားလေ့ရှိသည့်နေရာဖြစ်ကြောင်း ရွှေလီမြစ်ဝှမ်းတွင် ကာလအတန်ကြာနေထိုင်ဖူးသူ နိုင်ငံရေးဆောင်းပါးရှင် ဦးအေးမောင်ကျော်ကပြောသည်။

‘‘အခုဖြစ်တဲ့နေရာက တရုတ်ဘက်မှာလည်း နယ်ခြားမှတ်တိုင်ရှိတယ်။ မြန်မာဘက်ကလည်း စိုက်ထားတယ်။ အရမ်းကိုနီးကပ်နေတယ်။ မြစ်ကြောင်းက ပြောင်းပြောင်းသွားတော့ ပြန်တိုင်းရင် တစ်ခါတစ်မျိုးဖြစ်သွားတယ်။ ဟိုအစဉ်အဆက် ဦးနုရော၊ ဦးနေဝင်း လက်ထက်မှာရော နယ်နိမိတ်ပြန်တိုင်းတိုင်း မြန်မာဘက်က လျှော့ပေးခဲ့ရတာတွေရှိတယ်။ ကြည့်လိုက်ရင် သူတို့(တရုတ်)ယူသွားတာက လယ်မြေတွေ။ မြန်မာဘက်မှာကျန်ခဲ့တာတောင် ကုန်းတွေချည်းပဲ။ ဒါပေမဲ့ အခု လောက်ကိုင်ကိစ္စလျော်ကြေးနဲ့တော့ အခုနယ်နိမိတ်အငြင်းပွားတာ မဆိုင်လောက်ဘူး။ အောက်ခြေကလူတွေကြောင့် ပြန်ပြန်ဖြစ်တာမျိုးလို့ထင်ပါတယ်’’ဟု ၎င်းကပြောသည်။

ရွှေလီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုခြင်းကို ကာကွယ်ရန် သင့်လျော်သည့် ကမ်းထိန်းလုပ်ငန်းများ လုပ်ဆောင်ရန်လိုကြောင်း မူဆယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က ပြည်ထောင်စုလွှတ်တော်တွင် မနှစ်ကတည်းက အဆိုတင်သွင်းခဲ့သည်။ ယနေ့အထိ ယင်းအဆိုအကောင်အထည်ပေါ်လာခြင်း မရှိသေးသော်လည်း ယခုနှစ် ဇန်နဝါရီတွင် နိုင်ငံခြားရေးဒုဝန်ကြီးဦးတင်ဦးလွင်က တရုတ်အပါအဝင် မြန်မာနှင့်နယ်နိမိတ်ထိစပ်နေသည့် နိုင်ငံလေးခုတွင် မှတ်တိုင်များစိုက်ထူရန် လွှတ်တော်တွင် ဘတ်ဂျက် သန်း ၁၇၀ တောင်းခံခဲ့သည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် မှတ်တိုင်ပေါင်း လေးရာကျော်အတွက် ကျပ်ငွေ ၁၇၅ သန်းဖြစ်ပြီး တရုတ်နှင့် ထိစပ်နေသည့်ဒေသတွင် မှတ်တိုင် ၅၀ အတွက် ကျပ်ငွေ ၃၅ သန်းတောင်းခံခြင်းဖြစ်သည်။



-------------------------------------------------------------------------


‘‘မြန်မာ-တရုတ်နယ်စပ်က မိုင်သုံးထောင်ကျော်ရှည်ပါတယ်။ အခု မှတ်တိုင် ၅၀ ထပ်စိုက်ဖို့ဆိုတာလည်း ဘတ်ဂျက်တောင်းထားပေမယ့် မှတ်တိုင်စိုက်တာ ဒီထက်ပိုများရင်လည်း များနိုင်တယ်။ တတိယအကြိမ် နယ်မြေပူးတွဲတိုင်းတာစစ်ဆေးဖို့ ကျွန်တော်တို့ဘက်ကအသင့်ပါပဲ။ တရုတ်ဘက်က သူတို့ပြင်ဆင်ရေးတွေလုပ်နေတယ်လို့ အကြောင်းပြန်ထားပါတယ်။ နယ်မြေကွင်းဆင်းစစ်တယ်ဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံလိုလားချက်၊ လုံခြုံရေးနဲ့ငွေကြေးကိုလည်း ကြည့်ရပါသေးတယ်။ အခု အလံလာစိုက်တဲ့နေရာကလည်း ဘယ်သူပိုင်တယ်ပြောရခက်တယ်။ မြေပုံတွေ၊ စာချုပ်တွေနဲ့အတိအကျကိုင်ပြီးမှ ကျွန်တော်ပြောနိုင်မယ်’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။

လက်ရှိ နှစ်နိုင်ငံ နယ်နိမိတ်မြေပုံမှာ အသစ်ဖြစ်နေပြီး မြေပုံအဟောင်းကိုမူ မြေစာရင်းဌာနကို တောင်းယူကြည့်ရှုသည့်အခါ မြေစာရင်းကမပေးတော့ကြောင်းနှင့် တိုင်းတာရေးအဖွဲ့များ ၂၀၁၄ မေလက လာရောက်စဉ်က အသစ်ရေးဆွဲလာသော မြေပုံနှင့်သာ ဒေသခံများကိုရှင်းပြခဲ့ကြောင်း ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းတင်ဦးကပြောသည်။

‘‘မြေပုံဟောင်းအရ အခုဖြစ်နေတဲ့နေရာတွေ ကျွန်တော်တို့ ပိုင်တယ်။ သူတို့ထပ်ဆွဲလာတဲ့ မြေပုံမှာကျတော့ မြန်မာပိုင်မြေတွေက ဟိုဘက်ရောက်သွားပြီ။ အဟောင်းကိုသွားတောင်းတော့လည်း မပေးတော့ဘူး။ အခုထိ ၁၉၈၆ ခုနှစ်က လာစိုက်ထားတဲ့ နယ်ခြားမှတ်တိုင်က တရုတ်ဘက်မှာရှိနေသေးတယ်။ အခုထပ်လာစိုက်တဲ့ နယ်ခြားမှတ်တိုင်ကျတော့ ကျွန်တော်တို့ဘက်မှာဖြစ်နေပြီ။ သက်သေပြဆို တရုတ်ထဲက နယ်ခြားမှတ်တိုင်ကြီး အခုထိကိုရှိနေသေးတာပါဗျာ’’ဟု ၎င်းကပြောသည်။

နှစ်စဉ် မြစ်ကြောင်းပြောင်းတတ်သည့် ဧပြီနှင့်မေလရောက်တိုင်း တရုတ်-မြန်မာနယ်နိမိတ်အငြင်းပွားမှုများ ကြုံနေကျဖြစ်သည်။ ပြီးခဲ့သည့်နှစ် မေလ ၂၇ ရက်က နှစ်ဖက်နယ်နိမိတ်ပူးတွဲစစ်ဆေးရေးအဖွဲ့ စိုက်ထူသွားသော မှတ်တိုင်များပေါ်တွင် မြန်မာဘက်ခြမ်းမှ ရှမ်းတောင်သူများ၏ ကြံစိုက်ခင်း ၄၂ ဧက တရုတ်ဘက်ပါသွား၍ ရှမ်းတောင်သူများက မှတ်တိုင်များဆွဲနုတ်ခြင်း၊ မီးရှို့ခြင်းတို့ပြုလုပ်ခဲ့သည့်အတွက် နှစ်ဖက်တာဝန်ရှိသူများက ယာယီနယ်နိမိတ်မျဉ်းများ ပြန်တိုင်းပေးခဲ့ရသည်။

ယခုအခါ တရုတ်ဘက်က မြစ်ကူးတံတားဆောက်ရန် အကြောင်းပြ၍ အငြင်းပွားမြေပေါ်တွင် တရုတ်အလံလာစိုက်ခဲ့ပြန်သည်။ ဒေသခံများကန့်ကွက်လိုက်၍ တပ်ခေါက်ပြန်သွားသော်လည်း ယင်းပြဿနာကို ရေရှည်ဖြေရှင်းပေးရန် ဒေသခံများက အလိုရှိနေသည်။ မြန်မာအစိုးရဘက်ကလည်း သတ်မှတ်ပြီးသားနယ်နိမိတ်ကို တတိယအကြိမ်ပူးတွဲစစ်ဆေးရန် တရုတ်အစိုးရကို ယမန်နှစ်ကတည်းက တောင်းဆိုထားပြီးဖြစ်သည်။ တရုတ်နိုင်ငံ ဗဟိုအစိုးရကမူ အငြင်းပွားနယ်နိမိတ်ပြန်လည်တိုင်းတာရေးအပေါ် အချိန်ကာလသတ်မှတ်ချက်တစ်ခုခုကို ယခုအထိ မြန်မာထံ ပြန်လည်အဖြေမပေးသေးချေ။ ဒေသခံများကို မြေပြင်ပထဝီအနေအထားနှင့် သဘာဝအရ နယ်နိမိတ်ပြောင်းလဲတတ်ပုံကို သေချာတိကျစွာ နားလည်သဘောပေါက်သည်အထိ ရှင်းပြပြောကြားမှုကို နှစ်ဖက်အာဏာပိုင်များ ပျက်ကွက်နေသရွေ့ နယ်နိမိတ်အငြင်းပွားမှုမှာ ဖြေရှင်းရန် ကြန့်ကြာနေဦးမည်သာဖြစ်သည်။



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org