ဖိနပ်တရံ ပျောက်ခြင်းနှင့် နိုင်ငံရေးအတွေးစများ

ဝေဖြိုးမောင်(7 October 14)



----------------

ရုံးမှာပျောက်သွားတဲ့ ကျွန်တော့်ရဲ့ ၈၅ဝဝ တန် ကတ္တီပါဖိနပ်နဲ့ ပတ်သက်လို့ သူတို့ အသီးသီးပြောဆိုကြပါပြီ...

၁။ ဦးစံလင်း
"ဖိနပ်ကို ရှာလို့တွေ့ပြီးသွားပါပြီ၊ ဒါပေမယ့် အဲ့ဖိနပ်ကို သတ်မှတ်ရက်အတွင်းပြန်ယူလာဖို့က ဖိနပ်ပေါ်မှာ ခွေးချေးပုံကြီး ရှိနေတယ်၊ အဲ့ခွေးချေးပုံကြီးကို အရင်ဖယ်မှရမယ်၊ ခုလောလောဆယ် အုန်းခွံရောင် ခွေးထီးကြီးနဲ့ ခွေးမောင်းမအပေါင်း အစာတောင်းနေလို့ ကြာနေတာပါ၊ ဖိနပ်ကို မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ပဲ ပြန်ယူမှာပါ၊ အထက်ပုဂ္ဂိုလ်တွေ ခွင့်မပြုသေးလို့ ဖိနပ်သတင်းကို အသေးစိတ် မထုတ်ပြန်နိုင်သေးပါဘူး"။

၂။ မေမြတ်နိုး
"အဲ့ဖိနပ်ကို ညီမ မယူပါဘူးရှင်၊ ပရိသတ်ကြီး အထင်လွဲမှာစိုးလို့ မေမေနဲ့ တိုင်ပင်ပြီး ခုလို ရှင်းပြရတာပါ၊ တကယ်လို့ ဖိနပ်ကို ညီမ ယူတယ်ဆိုရင်တောင် အဲ့ဒါဟာ ပရိသတ်ကြီးနဲ့ ကိုယ့်တိုင်းပြည်အတွက် ညီမ ယူလာခဲ့တာပဲ ဖြစ်မှာပါရှင်"။

၃။ ဦးအောင်မင်း
"အထက်လူကြီးဖိနပ်တွေကျ မပျောက်ဘဲ အောက်ခြေဝန်ထမ်းတွေရဲ့ဖိနပ်တွေပဲ ပျောက်ပျောက်နေတာဟာ ယုံကြည်မှုအားနည်းနေသေးလို့ပါ၊ အဲ့တော့ကား ပဋိပက္ခဖြစ်ပွားရာ ဖိနပ်စင်တွေမှာ CCTV ကင်မရာလို စောင့်ကြည့်ရေးပစ္စည်းတွေ တပ်ရပါမယ်၊ ပြီးရင် ဖိနပ်ခိုးတယ်လို့ သံသယရှိသူတွေကို အပြန်အလှန်စွပ်စွဲနေမယ့်အစား၊ အချုပ်ထဲထည့်ပြီး တရားစွဲမယ့်အစား စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးရင်း အဖြေရှာရမှာဖြစ်ပါတယ်၊ ခိုးတဲ့လူမှာကလည်း သူ့အကြောင်းပြချက်နဲ့သူကိုးဗျ၊ ဒီလိုမှမလုပ်ရင် နှစ်ခြောက်ဆယ်ကျော်ကြာ ပြည်တွင်းဖိနပ်ခိုးမှုတွေဟာ အဆုံးသတ်မှာ မဟုတ်ပါဘူး"။

၄။ ပြည်ထောင်စုဝန်ကြီးတစ်ဦး
"ဌာနတကာလှည့် ပါးရိုက်ပြီး စစ်ရင်တော့ ဖိနပ်သူခိုးကို မိပါလိမ့်မယ်။ ဖိနပ်ပိုင်ရှင်လည်း တစ်နေ့ ထမင်းတနပ်လျှော့စားရင် ဖိနပ်ဖိုးကို ပြန်ကာမိနိုင်လို့ ဘာမှ ပူစရာမလိုပါဘူး။ ရတဲ့လစာကို တစ်နေ့ နှစ်ထောင်ပဲသုံး၊ ပြီးရင် အိမ်မှာ ဖယောင်းတိုင်ထွန်းပြီးနေဗျာ ဖိနပ်ဖိုးလောက်တော့ အသာလေး ထွက်လာမှာပါ၊ ဖိနပ်ပျောက်တာကို စိတ်ညစ်ပြီး အရက်တော့ သွားမသောက်နဲ့၊ သောက်ချင်ရင်နွားနို့ပဲသောက်"။

၅။ လွှတ်တော်အမတ်တစ်ဦး
"ဖိနပ်ပျောက်တဲ့ကိစ္စကို လွှတ်တော်မှာ အရေးကြီးအဆိုတင်သွားပါမယ်၊ ပြီးရင် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကို အခြေခံဥပဒေနဲ့ အညီ ဖွဲ့စည်းပြီး၊ ပြည်သူ့ဆန္ဒအတိုင်း ဖိနပ်ကိစ္စကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားပါမယ်"။

၆။ တပ်မတော်အရာရှိကြီးတစ်ဦး
"ရဲဘော်တို့ ဖိနပ်ပျောက်တဲ့ကိစ္စဟာ တိုင်းပြည်ရဲ့အနာဂတ်အတွက် အလွန်ပဲအန္တရာယ်ရှိတယ်ဆိုတာ ငါတို့အားလုံး အသိပဲဖြစ်တယ်၊ ဒါဟာ ငါတို့တိုင်းပြည်မှာ စည်းကမ်းမဲ့နေပြီဆိုတာကို ပြလိုက်တာပဲဖြစ်တယ် ရဲဘော်တို့၊ ဒါ့ကြောင့် တိုင်းပြည်ကြီး ချောက်ထဲကျဖို့ လက်တစ်လုံးအလိုတိုင်းမှာ ကယ်တင်နိုင်ခဲ့တဲ့ ငါတို့တပ်မတော်ရဲ့ထုံးစံအတိုင်း ဖိနပ်ပျောက်ကိစ္စနဲ့တကွ ပြည်သူတို့ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ ငါ့အနေနဲ့ လေးလေးနက်နက် ပြောကြားလိုတယ် ရဲဘော်တို့"။

၇။ ဘာသာရေးဝါဒီတစ်ဦး
"အေးကွယ်၊ ဖိနပ်ပျောက်သွားသလို အမျိုး၊ ဘာသာ၊ သာသနာ မပျောက်ကွယ်ဖို့တော့ သိပ်ကို လိုအပ်နေပြီကွယ်၊ သိပ်ကို လိုအပ်နေပြီ"။

၈။ ကုလသမဂ္ဂအထူးသံတမန်တစ်ဦး
"ဖိနပ်ပျောက်သွားတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ အချိန်မရွေး နောက်ကြောင်းပြန်လှည့် သွားနိုင်တယ်ဆိုတာကို အကဲခတ်မိပါတယ်၊ ကျွန်တော်တို့ အားလုံး သတိကြီးကြီးထားပြီး ဒီဖိနပ်ကိစ္စကို လူ့အခွင့်အရေးရှုထောင့်ကနေ အဖြေရှာဖို့ မြန်မာအစိုးရကို တွန်းအားပေးသွားမှာဖြစ်ပါတယ်"။


----------------

၉။ အရပ်ဘက်လူ့အဖွဲ့အစည်း
"ဖိနပ်ပျောက်တဲ့ကိစ္စကို အစိုးရကိုင်တွယ်တာဟာ လုံးဝပွင့်လင်းမြင်သာမှုမရှိပါဘူး၊ ဖိနပ်ခိုးတယ်လို့ သံသယရှိသူတွေကိုလည်း အစိုးရက ညှင်းပန်းနှိပ်စက်တယ်လို့ ကြားသိရတဲ့အတွက် ဆန္ဒထုတ်ဖော်သွားပါမယ်၊ ဖိနပ်ခိုးတယ်လို့ အစွပ်စွဲခံရသူကို နိုင်ငံရေးအကျဉ်းသားလို့ပဲ သတ်မှတ်ပါမယ်၊ လိုအပ်ရင် သပိတ်စခန်းပါ ဖွင့်ပါမယ်"။

၁ဝ။ မီဒီယာ
"ဖိနပ်ခိုးတဲ့ကိစ္စဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ညီရဲ့လား?၊ အစိုးရကကော ဒီဖိနပ်ပျောက်ကိစ္စကို ကိုင်တွယ်ရာမှာ ဘာလို့ တိတ်ဆိတ်နေရတာလဲ?၊ ဖိနပ်ပျောက်ခြင်းရဲ့နောက်ကွယ်မှာ လာဘ်ပေး၊ လာဘ်ယူတွေ၊ အဂတိလိုက်စားမှုတွေ ရှိမနေနိုင်ဘူးလား?၊ ဖိနပ်ခိုးတာဟာ ပြည်သူကို အာရုံပြောင်းအောင် လုပ်တာလား?၊ ဖိနပ်ပျောက်ခြင်းရဲ့တစ်ဖက်မှာ နိုင်ငံရေးလှည့်ကွက်တွေများ ရှိနေမလား? သို့လော သို့လော"။

၁၁။ နိုင်ငံရေးပါတီများ
"ဖိနပ်ပျောက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ပါ၊ ဖွဲ့စည်းပုံကို မပြင်နိုင်ဘူးဆိုရင် ဖိနပ်တွေဟာ ရှေ့လျှောက်လည်း ပျောက်နေဦးမှာပါပဲ၊ အဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှသာ ဖိနပ်ပျောက်တာကို ထာဝရအဆုံးသတ်နိုင်မှာဖြစ်ပါတယ်"။

(လက်အားနေလို့ အပျော်သက်သက်ပါ၊ ပုဂ္ဂိုလ်ရေးကို စော်ကားလိုခြင်း အလျင်းမရှိပါ)
ဝေဖြိုးမောင်