စစ်အာဏာရှင်တို့ရဲ့ အကောက်ကြံမှုအောက်က ဒေါ်အောင်ဆန်းစုကြည်

ဇော်ဝင်း(26 May 15)


အပိုင်း ၁
၂၀၁၁ ခုနှစ် နိုဝင်ဘာလဆန်းမှာ ကျုံးသွင်းခံရသော ဆင်ကြီးတကောင် ဆောင်းပါးကို ကျနော်ရေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်အာဏာရှင်တွေက ၂၀ဝ၈ အခြေခံဥပဒေဆိုတဲ့ ကျုံးကြီးထဲ မဝင်၊ ဝင်အောင် ကျုံးသွင်းနေပြီ။ ခြောက်ပို့နေပြီ။ အဲဒီကျုံးကြီးထဲ ဝင်မိရင် ဒီမိုကရေစီအင်အားစုတွေ အကြားမှာ အကွဲအပြဲတွေ ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေကြားမှာ၊ အဖိနှိပ်ခံရတဲ့ အလုပ်သမားလယ်သမားတွေကြားမှာ အကွဲကွဲ အပြဲပြဲဖြစ်စေမယ့် အဲဒီ ၂၀ဝ၈ အခြေခံဥပဒေကျုံးကြီးထဲကို မဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝေဖန်ခဲ့ တောင်းပန်ခဲ့ပါတယ်။ ကတ္တီပါလမ်းခွဲနဲ့ ဒီမိုကရေစီရပလားဟေ့ ဆောင်းပါးတွေထဲမှာ အဲဒီအကြောင်းတွေကို ဆက်ရေးခဲ့ပါတယ်။ မိတ်ဆွေတချို့ရဲ့အကူအညီနဲ့ နောက်မျိုးဆက်တွေအပေါ်ကျူးလွန်သော ရာဇဝတ်မှု ဆိုတဲ့ စာအုပ်ထဲမှာ အဲဒီဆောင်းပါးတွေကို ကျနော် စုပေါင်းပြီး စာအုပ်ထုတ်ခဲ့ပါတယ်။

အခု ၃ နှစ်ကျော်ကာလကုန်လွန်လာတဲ့ အချိန်မှာ ၂၀ဝ၈ အခြေခံဥပဒေ ကျုံးကြီးထဲကို ဝင်ခဲ့တဲ့အတွက် စစ်အာဏာရှင်တွေရဲ့ အကောက်ကြံမှုကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ ဘယ်လောက်ခံခဲ့ရသလဲ ဆိုတာ ပြန်ကြည့်လိုက်မိပါတယ်။ အဲသလို ကြည့်လိုက်မိတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်အာဏာရှင်တွေရဲ့ အလိုကျ ကပြနေ ရတဲ့ အဆင့်အထိ အခြေအနေဆိုးဝါးလာတာကို တွေ့မြင်လိုက်ရပါတယ်။



-------------------------------------------------------------------------


ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ ဆက်လက် ရပ်တည်ချင်တဲ့အတွက် ၂၀ဝ၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ လက်မှတ်ထိုးခဲ့တယ်။ ပါတီမှတ်ပုံတင်ခဲ့တယ်။ စစ်အာဏာရှင်တွေရဲ့ ဖိအားကြောင့် ၂၀ဝ၈ အခြေခံဥပဒေကို ဒူးထောက်လိုက်ပြီလားလို့ ဝေဖန်ကြတဲ့အခါ လေးစားလိုက်နာပါမည် ဆိုတာဟာ ထိန်းသိမ်း စောင့်ရှောက်တာ မဟုတ်တဲ့အတွက် ဒူးထောက်တာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ သူနဲ့သူ့ပါတီဟာ ဒူးကလွဲရင် အကုန်ပျော့ပျောင်းပါတယ်လို့ ပြောခဲ့တယ်။ ဒူးကတော့မာတယ်။ ဘယ်တော့မှ ဒူးမထောက်ဘူးလို့ ပြောခဲ့တယ်။

ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီးတဲ့နောက် လွှတ်တော်ကြီးထဲကို အားရပါးရ ဝင်တော့မယ်လည်း ပြင်ရော၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒူးထောက်ရမယ့် အခြေအနေကို ရင်ဆိုင်လာရတယ်။ လွှတ်တော် အမတ်ဟာ အခြေခံဥပဒေကို လေးစားလိုက်နာရုံသာမက ထိန်းသိမ်းကာကွယ်ပါမည်လို့ ကျမ်းသစ္စာကျိန်ဆိုမှသာ လွှတ်တော်ထဲဝင်ခွင့်ရတော့မယ်။ ဒီအချက်ကို ဒီချုပ်ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် မသိခဲ့ဘူး။ အဲသလောက် လေ့လာမှု အားနည်းခဲ့တယ်။ ဒီတော့ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ ဗိုလ်ချုပ်လူထွက်တွေဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်နိုင်ရေးကို အကူအညီပေးခဲ့ပါသလား။ ထိန်းသိမ်းကာကွယ်ပါ့မယ်လို့ ကျမ်းမကျိန်ဘဲ လွှတ်တော်ထဲ ဝင်ခွင့်ရအောင်များ အကူအညီပေးခဲ့ပါသလား။ သူတို့ ပျော်ပျော်ကြီးနဲ့ မိန့်မိန့်ကြီး လက်ပိုက်ကြည့်နေခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်ခဲ့သလဲဆိုတာတော့ အားလုံးသိကြပြီး ဖြစ်ပါတယ်။ တကယ်တော့ စစ်အာဏာရှင်တွေဟာ ဒေါ်စုကို ချိုးလိုက်တာပါ။ ဦးချိုးလိုက်တာပါပဲ။ ပြည်သူတွေအတွက် ရင်ထုမနာ ဖြစ်ရတဲ့ အဖြစ်အပျက်ပါ။ ပန်းကောင်း အညွန့်ကျိုးဖြစ်ခဲ့ရပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀ဝ၈ အခြေခံဥပဒေကို လက်ခံလိုက်ရတဲ့ အတွက်၂၀ဝ၈ အခြေခံဥပဒေရဲ့ ခွင့်ပြုချက်ဘောင် အတွင်းမှာသာ ကပြအသုံးတော်ခံရေးဟာ ဒီချုပ်ရဲ့ လမ်းစဉ်ဖြစ်လာပါတော့တယ်။ ဒါ့ကြောင့် ပါတီရဲ့ မူလလမ်းစဉ်၊ မူလ ဗျူဟာတွေအားလုံးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းစဉ်ဟာ စစ်အာဏာရှင်တွေနဲ့ ပြန်လည် သင့်မြတ်ရေး လမ်းစဉ်ဖြစ်သွား ပါတယ်။ တကယ်တော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာဟာ တိုင်းရင်းသားအားလုံး အပါအဝင် ဖြစ်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး နိုင်ငံရေး အင်အားစုအားလုံး သင့်မြတ် ညီညွတ်ရေး ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကတော့ စစ်အာဏာရှင်တွေနဲ့ ပြန်လည် သင့်မြတ်ရေးသာဖြစ်တယ်။ စစ်အာဏာရှင်တွေနဲ့ သင့်မြတ်ရေးဟာ အလုပ်သမား လယ်သမားတွေရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်မယ်ဆိုရင်လည်း သူဟာ စစ်အာဏာရှင်ဘက်မှာပဲ ရပ်ပါတော့တယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ပြန်လည် သင့်မြတ်ရေးဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားနဲ့ မဆန့်ကျင်အပ်ဘူးဆိုတဲ့ မူမျိုး သူ့မှာ မရှိလို့ပါ။ ဒါ့အပြင် နိုင်ငံရေး အင်အားစုအားလုံး သင့်မြတ် ညီညွတ်ရေးဆိုရာမှာလည်း အဓိက နိုင်ငံရေး အင်အားစုဆိုတာဟာ သူ့ပါတီနဲ့ စစ်အာဏာရှင်တွေပဲလို့ သူက မှတ်ယူထားပုံရပါတယ်။ ဒါ့ကြောင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို စစ်အာဏာရှင်နဲ့ သူနဲ့ သင့်မြတ်ရေးလို့ပဲ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဒါ့ကြောင့် ကချင်ကို အစိုးရက ထိုးစစ်ဆင်တဲ့အခါ၊ ကိုးကန့်ကို အစိုးရက ထိုးစစ်ဆင်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ နှုတ်ဆိတ်ခဲ့ပါတယ်။ ကချင်၊ ကိုးကန့် တိုင်းရင်းသား တွေက သူ့အပေါ် စိတ်နာကျည်းသွားမလားဆိုတဲ့ ပြဿနာဟာ သိပ်အရေး မကြီးတဲ့ ပြဿနာလို့ ဒေါ်အောင် ဆန်းစုကြည်က ယူဆမှတ်ယူပုံရပါတယ်။ အပြစ်မဲ့ ကချင်တိုင်းရင်းသား၊ အပြစ်မဲ့ ကိုးကန့်တိုင်းရင်းသားတွေ သေကြကြေကြ၊ ဒုက္ခရောက်ကြရတာဟာလည်း သူနဲ့ မဆိုင်သလို သဘောထားပုံရပါတယ်။ တကယ်လို့ သူ့ကို သွားမေးရင်လည်း အစိုးရကိုမေးလို့ပဲ ထုံးစံအတိုင်း ပြောမယ်ထင်ပါတယ်။ သူ့သဘောထားကို ကြားရဖို့ သိပ်မလွယ်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ စစ်အာဏာရှင်တွေနဲ့ အချစ်ပျက်မှာ စိုးလို့ပါ။ စစ်အာဏာရှင်နဲ့ သင့်မြတ်ရေး အတွက် ကချင်၊ကိုးကန့်တို့နဲ့ သင့်မြတ်ရေးကို သူစွန့်လွှတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ပါတီလမ်းစဉ်ကို ပြောင်းလဲတော့မယ်လို့ ဆုံးဖြတ်တဲ့အခါ သူ့ပါတီကို မလွှဲမရှောင်သာ ပြင်ဆင်ဖွဲ့စည်းလာရတယ်။ သူ့ပါတီထဲက ဒေါင်ဒေါင်မြည် အမာခံတွေကို ဖယ်ထုတ်ပစ်ရတယ်။ ၂၀ဝ၈ အခြေခံ ဥပဒေကို မလေးစား မလိုက်နာနိုင်တော့တဲ့ ပါတီဝင်တွေဟာ ပါတီထဲက လွင့်ကုန်ကြတယ်။ နော်အုန်းလှတို့လို ဒေါ်မြင့်မြင့်အေးတို့လို အမာခံတွေကို ဒေါ်အောင်ဆန်းစုကြည်က ကတ္တီပါလမ်းခွဲ လုပ်ပစ်လိုက်တယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် ဦးဝင်းတင်နဲ့ ဦးတင်ဦးလို တကယ့် ပါတီဖောင်ဒါကြီးတွေကိုတောင်မှ ပါတီ ဗဟို အလုပ်အမှုဆောင် အဖြစ်ကနေ ထုတ်ပစ်လိုက်တယ်။ သူတို့ကို လုပ်ပိုင်ခွင့်မရှိတော့တဲ့ ဂုဏ်ထူးဆောင် နာယကကြီးတွေ နေရာပို့ပြီး ထုတ်ပယ်ပစ်လိုက်တယ်။ အပေါ်ကန်ထုတ်တဲ့နည်းပါပဲ။




-------------------------------------------------------------------------


ဒါတွင်မကဘူး။ အာဏာရှင်ဆန်ဆန် အပြုအမူတွေကိုပါ မလွဲမရှောင်သာ ဆက်လုပ်လာတယ်။
အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စီအီးစီ တဖွဲ့လုံးဟာ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းက လက်ညှိုးထိုးရွေးချယ် ထားတဲ့ စီအီးစီတွေချည်းပဲ။
ပါတီညီလာခံကို ကျော်လွန်ပြီး ဥက္ကဋ္ဌတယောက်တည်းက ခေါင်းခေါက်ရွေးထားတဲ့ သူတွေချည်းပဲ။
ခေါင်ကောက်ရွေးတာ မဟုတ်ဘူး၊ ခေါင်းခေါက် ရွေးတာပါ။
သူခေါင်းခေါက်တာကို ခံမယ့်သူချည်း ရွေးထားတာပါ။
ပါတီညီလာခံဆိုတာဟာ ပါတီရဲ့ အဆင့်မြင့်ဆုံးအာဏာပိုင် ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ လက်ဝဲလက်ယာ ပါတီအားလုံး အဲသလိုပဲ ကျင့်သုံးပါတယ်။
ဒါဟာ ဒီမိုကရေစီကို ရိုသေလေးစားလိုက်နာမှုကို ပြသတာပါ။ ပါတီဝင်ထုကို အဓိက အာဏာပိုင်အဖြစ် သဘောထားပြီး ကျင့်သုံးတဲ့မူဖြစ်ပါတယ်။
အခုတော့ စီအီးစီကို ပါတီညီလာခံက ၊ ပါတီဝင်ထုကြီးကရွေးခွင့်မရဘဲ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း က ရွေးခဲ့ ပါတယ်။
ဦးဝင်းတင်နဲ့ ကျနော် ဆုံတွေ့ချိန်မှာ ဆရာဦးဝင်းတင်ကို ကျနော်မေးခဲ့ပါတယ်။
ဘာ့ကြောင့် ဒီလောက် ရုပ်ပျက်ဆင်းပျက် အာဏာရှင်ဆန်ခဲ့ရသလဲလို့ မေးတော့ ဆရာက “ဟုတ်ပါတယ်၊ ဒါအာဏာရှင်ပေါ့ဗျာ၊ အဲသလို မဖြစ်အောင် ဥက္ကဋ္ဌက ရွေးချင်ရွေးပါ၊ ဒါပေမယ့် ရွေးပြီးသား စီအီးစီတွေကိုတော့ ပါတီညီလာခံက အတည်ပြုခိုင်းလိုက်ပါ။ ဒါဆိုရင် ဒီမိုကရေစီဘောင်ဝင်သွားပါလိမ့်မယ်လို့ ကျနော်ပြောခဲ့ပါသေးတယ်။ အဲဒါတောင် မရဘူးဗျာ။ အဲသလောက်လေးကို မလုပ်တာ။” လို့ ပြန်ဖြေခဲ့ပါတယ်။ ဒါတွေကြောင့် ဦးဝင်းတင်တို့ကို အရင်ထုတ်ပယ်ခဲ့လေသလားလို့ ကျနော့်စိတ်ထဲမှာ တွေးမိပါတယ်။ ဆရာ့ကိုတော့ အားနာလို့ မမေးဖြစ်ခဲ့တော့ပါဘူး။

ဒါပေမယ့် ခရိုနီတွေရဲ့ ငွေတွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံနေတဲ့ ကိစ္စကိုတော့ ကျနော်မေးကြည့်ပ ါတယ်။
“ဓါးပြတိုက်ထားတဲ့ ငွေနဲ့ပဲ ဖြစ်ပစေ၊ ဘုန်းကြီးကို ဆွမ်းလောင်းရင်တော့ သာဓုခေါ်ရမှာပဲ ဆိုတာ ဒေါ် အောင်ဆန်းစုကြည်ရဲ့မူပေါ့ဗျာ” လို့ ဆရာဦးဝင်းတင်က ပြောခဲ့ပါတယ်။
ဒါဟာ ဆရာဦးဝင်းတင် မကြာခဏ ပြောလေ့ရှိတဲ့စကားပါ။ အဲဒီတကြိမ်တည်းတွင် ပြောတာ မဟုတ်ပါဘူး။
တခြားသူတွေကိုလည်း သူပြောလေ့ရှိပါတယ်။
နိုင်ငံရေး သမားရောင်းရန်ရှိသည် အပိုင်း ၂ ရဲ့ နိဂုံးမှာ အဲဒီစကား လုံးကို ကျနော်သုံးခဲ့ပါတယ်။ ဆရာလုပ်နေတဲ့ အလုပ်တွေကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ အဲဒီတုန်းက ဆရာ့နာ မည်ကို ခြွင်းချန်ခဲ့တာပါ။

စီအီးစီ တဖွဲ့လုံးကို ဥက္ကဋ္ဌတယောက်တည်းက စိတ်ကြိုက်တော်ကောက်တာဟာ အာဏာရှင်လုပ်ရပ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် မသိဘဲ မနေပါဘူး။ သူမသိရင်တောင် ဦးဝင်းတင်က သိအောင် ထောက်ပြခဲ့ပါတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် ဇွတ်တိုးခဲ့သလဲ။ အဲသလို မလုပ်ရင် မရတော့လို့ လုပ်ခဲ့ရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှေ့ဆက်သွားမယ့်လမ်းဟာ ၂၀ဝ၈ အခြေခံဥပဒေဘောင် လမ်းကြောင်းဖြစ်ပါတယ်။ သူ့ရဲ့မူဟာ စစ်အာဏာရှင်တွေနဲ့ ပြန်လည်သင့်မြတ်ရေးမူဖြစ်ပါတယ်။ အဲဒီမူ အတိုင်းသွားမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ပေး လိုက်တဲ့ စီအီးစီနဲ့ သွားလို့မရပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၈၈ အရေးတော်ပုံကြီးထဲက ပေါက်ဖွား လာပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ စိတ်ဓါတ်နဲ့ ကြီးထွားလာခဲ့တဲ့ပါတီပါ။ တကယ်လို့ပါတီဝင်တွေက ရွေးချယ် တင်မြှောက်ရင် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့သူတွေဟာ ပါတီခေါင်းဆောင်အဖြစ်နဲ့ ထိပ်ပိုင်းတက်လာကြ မှာပါ။ အဲဒီလူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ လက်ညှိုးထောင် ခေါင်းငြိမ့်လုပ်မှာ မဟုတ်ပါဘူး။ အဲသလို လူတွေဟာ ဒေါ်အောင်ဆန်းစုကြည်သွားမယ့် စစ်အာဏာရှင်တွေနဲ့ ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းမှာ ဆူးညောင့်ခလုတ်တွေ ဖြစ်နေမှာပါ။ အဲသလိုလူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အလုပ်လုပ် လို့ မရနိုင်ဘူး။ ဒါ့ကြောင့် သူ့စိတ်ကြိုက် စီအီးစီကို သူကိုယ်တိုင် ရွေးချယ်လိုက်ရတာပါပဲ။

ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဟာ နိုင်ငံရေးကို နားလည်းမလည် အစဉ်အလာလည်း မရှိတဲ့ လက်ညှိုးထောင် ခေါင်းငြိမ့်တွေ စုစည်းရာနေရာကြီး အဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလဲ လာပါတယ်။ စစ်အာဏာရှင်ခေတ်မှာ နိုင်ငံရေးကိုအနံ့တောင်မခံနိုင်ကြတဲ့ အဆိုတော်လိုလို၊ ဒါရိုက်တာလိုလို၊ ရုပ်ရှင်မင်းသမီးလိုလို ပန်းချီဆရာလိုလို အဲသလို ခါတော်မီတွေ လိုလိုတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ထိပ်တန်းရောက် လာတယ်။ ဒီချုပ်က ရွေးကောက်ပွဲမဝင်ဘူးဆိုတော့ တခြားပါတီဘက်ကူး၊ ဒီချုပ်ကရွေးကောက်ပွဲဝင်တော့ ဒီချုပ်ဘက်ကို ကူးကြတဲ့ ဦးဝင်းတင်ပြောတဲ့ သာကူးတွေဟာ ပါတီထဲမှာ လူရာဝင်လာကြတယ်။ ကိုယ်ပိုင် ပါတီထောင် ဥက္ကဋ္ဌလုပ်ပြီးမှ ကိုယ်ဥက္ကဋ္ဌလုပ်တဲ့ ပါတီကြီးတခုလုံးကိုချနင်းပြီး နိုင်ငံရေး စင်ဆောက်၊ ဒီချုပ်ထဲကို ဂျွမ်းပစ်ဝင်လာတဲ့ လူစားမျိုးဟာလည်း ဒီချုပ်ထဲမှာ လူရာဝင်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိနပ်ကိုင်ပေး ထီးမိုးပေးတဲ့လူတွေဟာလည်း ပါတီထဲမှာ အရေးပါလာတယ်။

ဒါတွေဟာ ၂၀ဝ၈ အခြေခံဥပဒေကျုံးကြီးထဲကို ဝင်လိုက်တဲ့ အတွက် ပေးဆပ်ရတဲ့ အရာတွေ ဖြစ်ပါတယ်။





-------------------------------------------------------------------------


၂၀ဝ၈ အခြေခံဥပဒေအောက်ကိုဝင်တော့မယ့် အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မှားသွားရင် နောင်ပြန်ပြင် လို့ ရတာပဲလို့ ပြောခဲ့တယ်။
ဒါမျိုးဆိုတာ လွယ်လွယ်ပြင်လို့ ရတဲ့ အရာမဟုတ်ဘူးဆိုတာ သူသိခဲ့ပုံမရဘူး။
၂၀ဝ၈ အခြေခံဥပဒေဟာ စစ်အစိုးရက နှစ်ပေါင်းများစွာ အချိန်ယူတူးဖော်ထားတဲ့ မြောင်းကြီး တခုပါ။
အဲဒီမြောင်းကြီးထဲဝင်မိသွားတဲ့ရေဟာ ကမ်းနှစ်ဖက်အကြားမှာပဲ မြောင်းကြီးတလျှောက် စီးဆင်းရပါတယ်။
ကမ်းနှစ်ဖက်ကြားမှာ ဟိုဘက်ကမ်းနည်းနည်းတိုးလိုက် ဒီဘက်ကမ်းနည်းနည်းတိုးလိုက် တိုးခွင့်ရတာဟာ သူတို့ အတွက် အစွမ်းကုန်လွတ်လပ်ရေးပါပဲ။
၂၀ဝ၈ အခြေခံဥပဒေက ခွင့်မပြုရင် ဘာမှ လုပ်လို့ မရပါဘူး။
၂၀ဝ၈ အခြေခံဥပဒေကို ၂၀ဝ၈ အခြေခံဥပဒေဘောင်အတွင်းက ပြင်မယ်ဆိုတာဟာ ခေတ်သစ်မြန်မာ့ သမိုင်း အတွက် အပြောင်မြောက်ဆုံးဟာသကြီး တခုပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးဘူတာမှာ ရောက်နေ ပါတယ်။
သူသွားချင်တာကတော့ ရန်ကုန်ပါ။
ဒါပေမယ့်သူဟာ မန္တလေးသွားမယ့် မီးရထားကြီးကို တက်စီးမိပါတယ်။
ဒါပေမယ့် သူဟာ အားမလျှော့သေးပါဘူး။
သူထိုင်နေတဲ့ ထိုင်ခုံကို လက်နဲ့ စုံကိုင်ပြီး ရန်ကုန်ဘက်ကို အားစိုက်တွန်းနေပါတယ်။
ထိုင်ခုံက ရန်ကုန်ဘက် နည်းနည်းရွေ့သွားတဲ့အခါ သူ့ခမျာ တော်တော်ကြီးကို အားရဝမ်းသာဖြစ်ရှာပါတယ်။
စစ်အာဏာရှင်ကြီးတွေကတော့ တပြုံးပြုံးနဲ့ပါပဲ။သူရဦးရွှေမန်းကဆိုရင် ထိုင်ခုံကို ကူတောင် တွန်းပေးလိုက်ပါသ ေးတယ်။ ဟုတ်ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးရွှေမန်းတို့တွန်းနေတဲ့ ထိုင်ခုံကြီးဟာတခါတလေမှာ ရန်ကုန်ဘက်ကို နည်းနည်း ရွေ့သွားပါတယ်။
ဒါပေမယ့် ၂၀ဝ၈ အခြေခံဥပဒေ ရထားကြီးကတော့ မန္တလေးဆီ တွင်တွင်ကြီး ခုတ်မောင်းနေတုန်းပါပဲ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း




-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org