NCA လက်မှတ်ထိုးပြီးနောက်ပိုင်းကာလစိန်ခေါ်မှုများ

မိုးကုတ်ကိုတိုး(14 September 15)


NCA တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အခုပဲထိုးထိုး၊ နောက်အစိုးလက်ထက်ကျမှပဲထိုးထိုး ပြေးမလွတ်ပဲ ကြုံရမှာက သူ့အစီအစဉ်အတိ်ုင်းပါပဲ။ ကျော်သွားလို့ မရပါဘူး။

NCA စာချုပ်ထဲမှာ စစ်ဖက်ဆိုင်ရာက ၅၅ချက်၊ နိုင်ငံရေးဆိုင်ရာက ၃၃ချက်နဲ့ ရောနေတာက ၂၅ ချက် ရှိနေတယ်။

စာချုပ်လက်မှတ်ရေးထိုးပြီးတာနဲ့ ၂၄နာရီအတွင်း ၂ဖက်သက်ဆိုင်ရာတပ်မှူးတွေကို အကြောင်းကြားရ မယ်။ ငါးရက်အတွင်း အောက်ခြေအထိ ဒီစာချုပ်အကြောင်း ရှင်းလင်းအသိပေးရမယ်။

၁၄ရက်ကြာရင် NCA စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး JICM ကို နှစ်ဖက် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးပြီး လိုအပ်တဲ့အဖွဲ့တွေကို ဖွဲ့စည်းရမယ်။






--------------------------------------------------------------------


၁။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီJMC

၂။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုပူးတွဲကော်မတီ UPDJC ကို ဖွဲ့စည်းပြီးတော့ တိကျတဲ့ အချိန်ဇယားတွေကို သတ်မှတ်ရေးဆွဲရေး၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို ရေးဆွဲရေးတွေကို လုပ်ရပါမယ်။

ဒါကတော့ နှစ်ဖက်လက်နက်ကိုင်တပ်တွေအကြားမှာ လုပ်ရမယ့်အလုပ်တွေ ဖြစ်ပါတယ်။

ရက် ၃၀ ကြာရင်တော့ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရေးတို့၊လိုအပ်တဲ့လုပ်ငန်းလမ်းညွန်တို့၊

အစီအစဉ်တွေနဲ့ အောက်ခြေအထိ စောင့်ကြည့်ရမယ့် အဖွဲ့တွေ ဖွဲ့စည်းရေးအတွက် လုပ်ပြိး ဖြစ်ရပါမယ်။






--------------------------------------------------------------------


ဒီအထိ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရပိုင်းက လုပ်ဆောင်ပေးရမယ့်အခြေအနေပါ။ အောက်ခြေ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်အဖွဲ့မှာတော့ အရပ်သားတွေ၊ နိ်ုင်ငံရေးပါတီတွေကလူတွေ ပါလို့ရနိုင်လောက်ပါ တယ်။

NCA စာချုပ် လက်မှတ်ရေးထိုးပြီးလို့ ရက်၆၀ ကြာရင်တော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ ဝင်လာပါပြီ။ ဘာလုပ်ဖို့လဲဆိုတော့ နိ်ုငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ နိုင်ငံရေးမူဘောင်ရေးဆွဲရေးအချိန်ကို ရောက်လာပါပြီ ။ Political frame work. ဒီကဏ္ဍတွေအတွက် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိ်ုင်ငံရေး ပါတီတွေဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြပြီးပါပြီ။ NDF ပါတီအနေနဲ့လည်း ၂၀၁၃ လောက် ကတည်း ပါတီရဲ့နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲခဲ့တယ်။ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA မှာ တင်ပြ ပြီး FDA ရဲ့မူဘောင်အဖြစ် ထုတ်ပြန်ခဲ့တယ်။ NBF က ရေးဆွဲတဲ့နိုင်ငံရေးမူဘောင်နဲ့ညှိပြီး ၅၆ ပါတီဆွေးနွေးပွဲ ဖိတ်ခေါ်ကာ အဖွဲ့နှစ်ခုရဲ့မူဘောင်ကို အခြေခံပြီး ၅၆ပါတီရဲ့ နိုင်ငံရေးမူဘောင်ကို ချမှတ်နိုင်ခဲ့တယ်။ တစ်ဖက်မှာ လည်း NLDနဲ့ UNA တို့ကလည်း သူတို့မူဘောင်တွေကို ရေးဆွဲထားပြီး ဖြစ်ပါတယ်။

အဖွဲ့အစည်းအားလုံးရဲ့ မူဘောင်တွေကို စုစည်းပြီး single text တစ်ခုတည်းတော့ မူဘောင်ဖြစ်အောင် ရေးဆွဲကြရမှာပါ။ လောလောဆယ်တော့ ဒီကဏ္ဍအတွက် ကြိုတင်ဆွေးနွေးပွဲတွေ လေးကြိမ်လောက် လုပ်ထားပြီး ဖြစ်ပါတယ်။ တကယ့်ဆွေးနွေးပွဲကြရင်တော့ ဒီမူဘောင်တွေကို ဘယ်လိုဆွေးနွေးပြီးယူကြမယ် ဆိုတာကိုတော့ မသိတတ်ပါ။ ကောင်းဖို့ လမ်းစတော့ ဖြစ်လာပါလိမ့်မယ်။ အားလုံးဟာ နိ်ုင်ငံအနာဂတ်အ တွက် စဉ်းစားနေကြတာကတော့ ဝမ်းသာစရာ တစ်ခုပါ။ ဒိအတွက် အချိန်ကတော့ တစ်လလောက်ပေးထားပါတယ်။

ဒီဆွေးနွေးပွဲကို ဘယ်သူတွေတက်မယ်၊ ဘယ်သူတွေကို ဖိတ်မယ်ဆိုတာကတော့ ဟို့အပေါ်က ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်မှုပူးတွဲကော်မတီ UPDJC က ဆုံးဖြတ်ပါလိမ့်မယ်။

Single text လည်းရပြီဆိုရင်တော့ ပိုအလုပ်များပါတော့မယ်။ ဒါက ဘာလဲဆိုတော့ နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့ကြတဲ့ နိ်ုင်ငံရေးဆွေးနွေးပွဲကြီး စတော့မှာ ဖြစ်ပါတယ်။ သူကလည်း နိုင်ငံရေးမူဘောင်က ချမှတ်ထားတဲ့အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမူဘောင်မှာက ဘယ်သူတွေကိုဖိတ်မယ်၊ ဘယ်လောက်ဖိတ်မယ်။ ဘယ်လိုအဖွဲ့တွေကို ဖွဲ့မယ်။ တစ်ဖွဲ့မှာ ဘယ်နှစ်ယောက်ပါရမယ်။ ဒီအဖွဲ့တွေက ဘာတွေကို အထူးပြုဆွေးနွေးရမယ်။ ဒီဆွေးနွေးချက်တွေကို အားလုံးပါဝင်တဲ့ ညီလာခံမှာ ဘယ်လိုဆုံးဖြတ်မယ်။ ဘယ်လောက်ရာခိုနှုန်းနဲ့ အတည်ပြုမယ်။ တကယ်လို့ သဘောမတူနိုင်တဲ့အချက်တွေ ပါနေရင် ဘယ်လိုပြန်ဆွေး နွေးကြရမယ်။ တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ စတာ စတာတွေ ပါနေပါတယ်။






--------------------------------------------------------------------


ဒီအတွက် အချိန်ပေးရမယ်။ ကြာမယ်။ အခြေခံဥပဒေပြင်ဆင်ရေးတို့၊ ဒါမှမဟုတ် အသစ်တစ်ခု ရေးဆွဲ ရေး အဆင့်ထိလည်း ရောက်သွားနိုင်ပါတယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်ကတော့ အနည်းဆုံး ၁၀နှစ်လောက် ကြာနိုင်တယ်ဆိုတော့ ပါဝင်ကြမယ့်သူတွေ၊ ပါတီတွေကတော့ အားမွေးထားကြဖို့ လိုပါတယ်။ တစ်ခါတက်ပြီး ပြီးသွားမှာမဟုတ်တော့ ကြာပါလိမ့်မယ်။

မြန်မာပြည်မှာ နိုင်ငေံ၇းပါတီတွေက ၁၀ဝလောက်နဲ့ဆိုတော့ နိုင်ငံရေးပါတီပိုင်းကို ဘယ်လိုဖိတ်ကြမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ။

ပိုစိတ်ဝင်စားတာက အရင်အမျိုးသားညီလာခံမှာ အစိုးရဘက်ကပဲ ခြယ်လှယ်သွားတာမျိုး မဖြစ်စေဖို့ နှစ်ဖက်ပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုပူးတွဲကော်မတီ UPDJC က ဦးဆောင်ကျင်းပသွား မယ် ဆိုတာပါပဲ။

တကယ့်နိုင်ငံရေးကစားပွဲတော့ NCA စာချုပ် လက်မှတ်ထိုးပြီးရင် လာတော့မယ်။
တောထဲတောင်ထဲမှာ လက်နက်ကိုယ်စီနဲ့ အပြန်အလှန်ပစ်ခိုက်တိုက်ခိုက်နေကြတဲ့ဖြစ်စဉ်ကနေ စားပွဲဝိုင်းဆွေးနွေးပွဲတွေမှာ စကားလုံးတွေနဲ့အပြန်အလှန်ပစ်ပေါက်၊ ညှိနှိ်ုင်း၊ ဆွဲဆောင်သိမ်းသွင်း၊ အပေးအယူတွေနဲ့ လုပ်ကြမယ့် နိုင်ငံရေး ပွဲကြီးကတော့ တဖြည်းဖြည်းနီးလာပါပြီ။

ဒါပေမယ့် ဒီပွဲက ကြာပါဦးမည်။ အနည်းဆုံး ၁၀နှစ်ဆိုလား။

ဒါတောင် ကြားထဲက ဖောက်မထွက်သွားဖို့ လိုသေးတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနှစ်ခုနဲ့တောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ကြာတတ်တာ လက်နက်ကိုင်အဖွဲ့တွေ များလွန်းတဲ့ မြန်မာပြည်ကတော့ ကြာရင်လည်း ကြာနိုင်ပါတယ်။

ဒါပေမယ့် အားလုံးသဘောထားတွေ ညီသွားခဲ့ကြရင်တော့ မြန်နိုင်ပါတယ်။

မြန်မာပြည်ကြီး ကံကောင်းပါစေဗျာ။

မိုးကုတ်ကိုတိုး(၆-၉-၂၀၁၅)





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org