၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် ဘုရားငါးဆူတပြိုင်တည်း ပွင့်မည်(အပိုင်း-၁)

ရွှေပြည်စိုး(14 September 15)


နိုင်ငံတော် သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရနဲ့ ဒုဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေး ဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့က ကျင်းပမယ့် ၂၀၁၅ - နိုဝင်ဘာလ - ၈ ရက် အထွေထွေ ရွေးကောက်ပွဲဟာ သမ္မတ၊ လွှတ်တော် နာယက၊ ကော်မရှင် ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ် -- စသူတို့ ပြောသလို လွတ်လပ်ပြီး၊ တရားမျှတပြီး ဘက်မလိုက်ဘူးဆိုရင်၊ ရွေးကောက်ပွဲ ရလဒ် ကြေညာတဲ့နေ့မှာပဲ ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးဖြစ်သော ကကုသန် မြတ်စွာ ဘုရား၊ ကောဏာဂုံ မြတ်စွာဘုရား၊ ကဿပ မြတ်စွာဘုရား၊ ဂေါတမ မြတ်စွာဘုရားနှင့် နောက်ဆုံး ပွင့်တော်မူမည့် အရိမေတ္တေယျ မြတ်စွာဘုရားလောင်း စုစုပေါင်း ငါးဆူတို့ တစ်နေ့တည်း၊ တချိန်တည်း၊ တပြိုင်တည်း ပွင့်တော်မူမည်”လို့ ပြောရခြင်း ဖြစ်ပါတယ်။

ဘုရားငါးဆူ တပြိုင်တည်း ပွင့်တော်မူရန် ဘယ်ကမ္ဘာ၊ ဘယ်နေရာမှာမှ မဖြစ်နိုင်ပါ။ လုံးဝ မဖြစ် နိုင်သလို ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာလည်း ဘယ်တော့မှ၊ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်၊ ဘက်မလိုက်ဘဲ နေမှာ မဟုတ်လို့ ယုံကြည်ပါတယ်။ သူတို့ အစိုးရ၊ သူတို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သူတို့ ကြံ့ဖွံ့ ပါတီတွေရဲ့ လုပ်ရပ်နဲ့ သမိုင်းကြောင်း တွေကို ပြန်လည် ဆန်းစစ်သုံးသပ်ပြီးမှ ခုလို ရဲရဲကြီး ပြောရဲတာပါ။ သူတို့ရဲ့ အကျင့်တူ၊ စိတ်တူ ကိုယ်တူ၊ အကျိုးတူ၊ စရိုက်တူ လုပ်ရပ်တွေကြောင့်ပါ။ သူတို့ရဲ့ ပုလင်းတူ ဘူးဆို့ လုပ်ရပ်တွေ အရင်က လည်း ပြခဲ့ပြီးပြီ၊ မကြာမီလည်း ထပ်ပြီး သက်သေပြပါလိမ့်မယ်။ ဘူးပေါ်သလို ပေါ်လာပါလိမ့်မည်။

(က) ရွေးကောက်ပွဲသမိုင်းကြောင်း။
-----------------------

အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ရပ်တွေကြည့်ပါ - နဝတ စစ်အစိုးရ ဗိုလ်စောမောင် လက်ထက် ၁၉၉၀ - မေလမှာ ကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲကို ကြည့် ကြည့်၊ နအဖ စစ်အစိုးရ ဗိုလ်သန်းရွှေ လက်ထက် ၂၀၁၀ နိုဝင်ဘာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို ကြည့်ကြည့်၊ အရပ်သား ဟန်ဆောင် ဗိုလ်သိန်းစိန် လက်ထက် ၂၀၁၂ ဧပြီလ - ပထမအကြိမ် ကြား ဖြတ် ရွေးကောက်ပွဲကိုပဲ ကြည့်ကြည့် ဘယ်ရွေးကောက်ပွဲမှာမှ ဘက်မလိုက်တဲ့၊ လွတ်လပ်ပြီး တရား မျှတတဲ့၊ ဒီမိုကရေစီနည်းကျတဲ့၊ နိုင်ငံတကာ ရွေးကောက်ပွဲစံချိန် စံညွှန်းနဲ့ ညီတဲ့၊ မီတဲ့ ရွေးကောက်ပွဲ ရယ်လို့ တခုမှ မဖြစ်ခဲ့ဘူး၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းမှာ တခါမှ မကြားဘူး၊ မရှိခဲ့ဘူးတဲ့ မဲလိမ်၊ မဲခိုး စတဲ့ မဲမသမာမှုတွေ၊ ထင်သာ မြင်သာ မရှိတဲ့ ကြိုတင်မဲခိုးတဲ့ နည်းပေါင်းစုံတွေနဲ့ လိမ်ညာ လှည့်ပတ် ပြီး လုပ်ခဲ့တာချည်းပဲ တွေ့ရတယ်။ အလားတူ ၂၀၁၅ နိုင်ဝင်ဘာ - ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေ ထွေ ရွေးကောက်ပွဲမှာလည်း တရားမျှတပြီး ဒီမိုက်ရေစီနည်းကျတဲ့၊ ဒီမိုကရေစီနိုင်ငံတွေရဲ့ ရွေး ကောက်ပွဲ စံချိန်စံညွှန်းမီတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ ရဲရဲကြီး ပြောရဲတယ်။

ဘာကြောင့်လဲ ဆိုတော့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ အရပ်သား ဟန်ဆောင် နေတဲ့ စစ်ဗိုလ်ချုပ်တွေ လွှမ်းမိုး ကြီးစိုးထားတဲ့ အစိုးရနဲ့ ၎င်းတို့ ချုပ်ကိုင်ထားတဲ့ ကြံ့ဖွံ့ပါတီတို့က ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲတိုင်းမှာ သူတို့ပါတီ အောင်နိုင်ရေး၊ သူတို့အစိုးရ အာဏာခိုင်မြဲရေး အတွက် လိမ်ညာ လှည့်စား၊ လက်တလုံးခြား လုပ်တာတမျိုး၊ အမိ်န့်အာဏာ၊ အသပြာနဲ့ ခိုင်းစေတာ တဖုံ နည်းမျိုးစုံနဲ့ အစဉ်အလာမပျက်ရအောင် လိမ်ညာလှည့်စားပြီး လုပ်ခဲ့တာတွေကြောင့် ဖြစ်တယ်၊ နောင်လည်း ဒီလိုပဲ ဆက်လုပ်ဦးမယ်လို့ ယုံကြည်တယ်။

(ခ) စစ်အုပ်စုနဲ့ ဘုံရည်ရွယ်ချက် သုံးချက်
----------------------------------

သူတို့ စစ်အုပ်စုရဲ့ ဘုံရည်ရွယ်ချက် သုံးချက်မှာ -
၁။ ရွေးကောက်ပွဲတိုင်းမှာ သူတို့ အာဏာရ ကြံ့ဖွံ့ပါတီ အနိုင်ရရေး၊
၂။ သူတို့ အစိုးရ အာဏာ တည်တန့်ခိုင်မြဲရေး၊
၃။ သူတို့ စစ်အုပ်စု ချမ်းသာကြွယ်ဝရေးတို့ ဖြစ်တယ်။

အာဏာရ ကြံ့ဖွံ့အစိုးရဟာ ရွေးကောက်ပွဲတိုင်း သူတို့ပါတီ အနိုင်ရရေးအတွက် မဲဆန္ဒရှင် တွေရဲ့ မဲတွေကို မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ တခါမှ မကြားဘူး၊ မရှိခဲ့ဘူးတဲ့ ကြိုတင်မဲခိုး စနစ်နဲ့ မဲမသမာမှု နည်းပေါင်း များစွာကို ကျင့်သုံးပြီး အနိုင်ယူခဲ့တာချည်းပဲ။ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ ကလိမ်ကကျစ် နည်းပေါင်းစုံ သုံးခဲ့တယ်။ ၂၀၁၄ - ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း သူတို့အာဏာရပါတီ ရှုံးမယ်မှန်း သိလို့၊ အရှက် ထပ်ကွဲမှာ စိုးလို့ အချိန်ဆွဲပြီး နောက်ဆုံး ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်တယ်။

သူတို့စစ်အုပ်စု အာဏာ တည်မြဲခိုင်ခန့်ရေးအတွက် လက်နက်မဲ့ ပြည်သူလူထုအပေါ် လက် နက်အာဏာနဲ့ ခြိမ်းခြောက်ရုံမက ကလိမ်ကကျစ်၊ လိမ်ညစ်တဲ့ နည်းမျိုးစုံတွေ သုံးပြီး အုပ်ချုပ်ခဲ့တယ်၊ စစ်အုပ်စုကို လက်နက်မဲ့ ပြည်သူလူထုက ကြောက်ရွံ့လာအောင် တရားဥပဒေနဲ့ မညီတဲ့ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြီး ချုပ်ကိုင်ခဲ့တယ်။

သူတို့ စစ်အုပ်စုဟာ ချမ်းသာကြွယ်ဝရေးအတွက် အာဏာကို တလွဲသုံးပြီး စီးပွားရေး လက်ဝါး ကြီးအုပ်၊ ခရိုနီတွေကို မွေးထုတ်ခဲ့ကြလို့ ဒီနေ့ တနိုင်ငံလုံးရဲ့ စီးပွားရေး စီမံကိန်းကြီးငယ် မှန်သမျှ စစ်ဗိုလ်အုပ်စုနဲ့ ခရိုနီတွေ လက်ထဲမှာချည်းပဲ ရောက်နေတယ်။ ချမ်းသာကြွယ်ဝသူတွေကို ကြည့်ရင် လည်း စစ်အုပ်စုနဲ့ သူတို့ ဆွေမျိုးသားချင်းနဲ့ ခရိုနီတွေချည်းပဲ ဖြစ်တယ်။

စစ်ဗိုလ်အုပ်စုနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲလိမ်မဲခိုး၊ ကြိုတင်မဲခိုး … စတဲ့ မဲမသမာနည်းတွေ သုံးလို့ နိုင်ခဲ့ပြီးပြီ၊ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း သူတို့ သူခိုးပါတီ အနိုင်ရရေးအတွက် အရင်က သုံးခဲ့တဲ့ မဲမသမာမှု နည်းမျိုးစုံနဲ့ နောက်ထပ်ရှာဖွေ တွေ့ရှိ ထားတဲ့ ကလိမ်ကကျစ် လိမ်ညစ်နည်းတွေကိုပါ ပေါင်းပြီး မတရား လုပ်ကြတော့မှာ မြေကြီး လက်ခတ် မလွဲပါ။

ဒါတွေဟာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ အာဏာတည်မြဲခိုင်ခန့်ရေးနဲ့ ချမ်းသာ ကြွယ်ဝရေးအတွက် ဘုံရည်ရွယ်ချက်ပဲ ဖြစ်တယ်။
(ဂ) ရွေးကောက်ပွဲ ကောက်မရှင် ထုတ်ပြန်ပြီး ရွေးကောက်ပွဲ စည်းမျဉ်းတွေ။ -------------------------------------

ရွေးကောက်ပွဲ ကောက်မတီက ထုတ်ပြန်တဲ့ ကြေညာချက်တွေဟာ သူတို့ ကြံ့ဖွံ့ပါတီ အနိုင်ရ ရေးအတွက် ပြိုင်ဘက် ပါတီတွေကို မလှုပ်ရှားနိုင်အောင် ချည်နှောင်မယ့် စည်းမျဉ်းတွေ ဖြစ်မယ် ဆိုတာ သိပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ အာဏာရ အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲ မှန်သမျှ တခါမှ ပွင့်လင်းမြင်သာမှု မရှိသလို ရိုးသားမှုလည်း မရှိတာကြောင့် ဖြစ်တယ်။ သူတို့ ထုတ်ပြန်ချက်တွေထဲက တချို့ကို သာဓကအဖြစ် တင်ပြပါမယ်။

(၁) ရွေးကောက်ပွဲ ဝန်ထမ်းတွေ ဘက်လိုက်မှုရှိရင် ရာထူးက ထုတ်ပယ် အရေးယူမည်။



--------------------------------------------------------------------


“ရွေးကောက်ပွဲ ဝန်ထမ်းတွေ ဘက်လိုက်မှု ရှိရင် ရာထူးက ထုတ်ပယ် အရေးယူမည်”လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ - ဧပြီလ - ၁ ရက်နေ့ထုတ် ဒီဗွီဘီ သတင်းမှာ ပြောထားပါတယ်။ တကယ်တမ်း ပြောရရင် လက်ရှိအစိုးရ အဖွဲ့၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကြံ့ဖွံ့ပါတီ … စတဲ့ အဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေ အားလုံးဟာ စစ်တပ်က လာသူတွေချည်းပါ။ ရွေးကောက်ပွဲ ဝန်ထမ်းအားလုံး နီးနီးကလည်း သူတို့ စိတ်ကြိုက် ရွေးထားတဲ့ တပ်မတော်သားနဲ့ ကြံ့ဖွံ့ ပါတီဝင်တွေ ချည်းပါ၊ ဘုရားစူး လွတ်အောင် တယောက်တလေ ခန့်ထားတဲ့ အရပ်သားကလည်း အထက်က လူကြီးတွေ ခိုင်းသမျှ လုပ်နေရတဲ့ အောက်ဆုံး ပြာတာစာရေး အဆင့်လောက်သာပါ။ ဒီအောက် ဆုံးအဆင့် အရပ်သားဝန်ထမ်းက ဘယ်လို ဘက်လိုက်ရမှာလဲ။ ဘက်လိုက်မယ့်သူတွေက သက်ဆိုင် ရာ ဌာန အာဏာပိုင်တွေနဲ့ သူတို့အတွင်းစည်းက လူတွေချည်းပဲဆိုတာ အားလုံး သိပြီးသာပါ။ (၂) ရွေးကောက်ပွဲတွင် မဲ ၂ ကြိမ်ပေးပါက ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်ခံရမည်။
--------------------------------
“ရွေးကောက်ပွဲတွင် မဲ ၂ ကြိမ်ပေးပါက ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်ခံရမည်” “မဲစာရင်း ၂ နေရာမှာ ဥပမာ - မြောက်ဥက္ကလာမှာ တနေရာ၊ ကျောက်တံတားမှာ တနေရာ ပါနေလို့ ၂ နေရာစလုံး မှာ မဲပေးမယ်ဆိုရင် ပြစ်မှုမြောက်တယ်။ တိုင်သူရှိရင် မဲရုံမှူးက အရေးယူလို့ရတယ်” “မဲစာရင်းမှာ နာမည် ၂ ခု ထပ်နေခြင်းသည် ပြဿနာမရှိ၊ မဲပေးသည့်နေ့တွင် ၂ ခါ ပေးမိပါက ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ငွေဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်”လို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသောင်းလှိုင် ပြောတာ တွေ့ရပါတယ်။ (ဧရာဝတီ ၂၀-၅-၂၀၁၅)။

ဦးသောင်းလှိုင်ရဲ့ အမိန့်ကြေညာချက်ကို ကြည့်ရင် ကော်မရှင်အတွက် တဖက်သတ်ဖြစ်နေ တာ တွေ့ရတယ်။ မဲစာရင်း ၂ နေရာမှာ ပါရအောင် ဘယ်သူလုပ်တာလဲ။ မဲစာရင်းမှာ နာမည် ၂ ခု ထပ်နေရအောင် ဘယ်သူ ရေးသွင်းတာလဲလို့ မေးချင်တယ်။ ဒါတွေဟာ ရွေးကောက်ပွဲ ကော်မရှင်မှာ၊ မဲစာရင်း ရေးသွင်းတဲ့ သူတွေမှာသာ တာဝန်ရှိတယ်။ မဲဆန္ဒရှင်တွေက မဲစာရင်း ကောက်ခွင့် - ရေး သွင်းခွင့်- မဲစာရင်း ကြည့်ခွင့် လုံးဝ မရှိဘူး၊ အဲဒီတော့ မဲစာရင်း ၂ နေရာမှာ ရှိနေမှု၊ မဲစာရင်းမှာ နာမည် ၂ ခု ထပ်နေတာတို့ဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတယ်ဆိုတာ ထင်ရှား တယ်။

နောက်တချက်က “မဲစာရင်းမှာ နာမည် ၂ ခု ထပ်နေခြင်းသည် ပြဿနာမရှိ၊ မဲ ၂ ခါ ပေးမိ သူသာ အပြစ်ရှိတယ်”လို့လည်း ဆိုထားပြန်တော့ ဦးသောင်းလှိုင်ဟာ ဘို့တဘို့တည်း ရှိတဲ့လူ ဖြစ် မနေဘူးလား၊ နာမည် ၂ ခု ထပ်အောင်လုပ်တဲ့ သူ့လူတွေကျတော့ ပြဿနာမရှိဘူး၊ သူ့လူသူ ကာ ကွယ်တယ်၊ သူတို့ လုပ်လို့ မဲ ၂ ခါ ပေးမိသူကျတော့ အပြစ်ရှိတယ်ဆိုတော့ အပြစ်မဲ့သူတွေကို အပြစ် ရှိလာအောင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတယ်ဆိုတာ ဘယ်လိုငြင်းအုန်းမလဲ။ ဒါဟာ အစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်၊ ကြံ့ဖွံ့ပါတီ…တွေရဲ့ လက်ချက်မှတပါး အခြားမရှိလို့ ယုံကြည်တယ်။

ဒီမဲ ၂ ကြိမ်ပေးတာနဲ့ စပ်မိလို့ - ရွေးကောက်ပွဲမှာ သာမန် အရပ်သားက မဲ ၂ ခါ ပေးမိရင် ထောင်ဒဏ် ငွေဒဏ် ချခံရမှာ ဖြစ်ပေမယ့် လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦး (ဗိုလ်မှူးချုပ် အောင်ကျော်နဲ့ ဒု ဗိုလ်မှူးကြီး မျိုးမြင့်ဦး)တို့က အခြား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့အတွက် ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ ၃၁-၃-၂၀၁၅ နေ့မှာ စက်ခလုပ်နှိပ်ပြီး မဲပေးတာကိုတော့ “မှန်ကန်တယ်”လို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းက ဇွန်လ ၃ ရက်နေ့မှာ ပြောကြားပါတယ်။ (မဇ္ဈိမ၊ ဇွန်လ၊ ၃-၂၀၁၅)

မဲ ၂ ခါပေးတာချင်း တူပေမယ့် သူတို့ကြောင့် သာမန်အရပ်သားက မဲ ၂ ခါ ပေးမိရင် အပြစ်ရှိ တယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ရည်ရွယ်ချက် ရှိရှိနဲ့ မဲ ၂ ခါပေးတာကို တော့ “မှန်ကန်တယ်” (အပြစ်မရှိဘူးလို့ ဆိုလိုတယ်)ဆိုတော့ ဒီအစိုးရ၊ ဒီလွှတ်တော်နဲ့ ဒီရွေးကောက် ပွဲ ကော်မရှင်တို့ဟာ အရပ်သားနဲ့ တပ်မတော်သားကြား ခွဲခြားတယ်ဆိုတာကတော့ အတော့ကို အကျည်းတန်၊ အရုပ်ဆိုးလွန်းလှပါတယ်။ လွှတ်တော် နာယက ဦးရွှေမန်းက စစ်ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သလို လွှတ်တော်မှာ မဲ ၂ ခါ ပေးသူရော၊ မဲပေးခံရသူတို့ပါ စစ်အရာရှိတွေ ဖြစ်လို့ တပ်မတော်သား အချင်းချင်း အကာအကွယ် ပေးတာ ဖြစ်တယ်။

ဒီလိုသာ အရပ်သား - စစ်သား ခွဲခြားတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ရှိနေသမျှ၊ အုပ်ချုပ် နေသမျှ ကာလပတ်လုံး တိုင်းပြည်လည်း ဒီထက် မွဲပြာကျပြီး ပြည်သူတရပ်လုံးလည်း အဝီစိ ဆင်းရဲ တွင်းက လွတ်ကင်းမှာ မဟုတ်တော့ဘူးလို့ မှတ်ချက်ပြုလိုက်ပါတယ်။






--------------------------------------------------------------------


(၃) “မဲစာရင်း အချက်အလက်မှားလည်း မဲပေးနိုင်”
-----------------------------------

အထက်ပါ ခေါင်းစဉ်အောက်မှာ - “မဲစာရင်းမှာ အချက်အလက် မှားယွင်းတာနဲ့ မဲပေးခွင့် မဆုံးရှုံးနိုင်ဘဲ မဲစာရင်းမှာ နာမည်မပါမှသာ မဲပေးခွင့် ဆုံးရှုံးမှာ”လို့ ရန်ကုန် တောင်ပိုင်းခရိုင် ရွေး ကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးမြတ်စိုးက ပြောတာတွေ့ရပါတယ်။ (ဒီဗွီဘီ၊ ၁၈-၇-၂၀၁၅)

မဲစားရင်းမှာ အချက်အလက် မှားယွင်းအောင် လုပ်တာလဲ ရွေးကောက်ပွဲ ကော်မရှင်ပဲ၊ မဲစာရင်းမှာ အချက်အလက်မှားပေမယ့် မဲပေးခွင့်ရှိတယ်ဆိုတာရယ်၊ မဲစာရင်းမှာ နာမည်မပါရင် မဲပေးခွင့် မရှိဘူးဆိုတာရယ်တွေဟာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရအောင်၊ သူတို့လူနဲ့သူတို့ ကုလားဖန်ထိုးဖို့ တမင်သက်သက် ရည်ရွယ်ချက်နဲ့ လုပ်နေတာ ထင်ရှားတယ်၊ တခုတလေ မှားရင် သဘောရိုးနဲ့ မှားတာ ဖြစ်နိုင်ပေမယ့် ခုလို အမြောက်အမြား မှားနေတာကတော့ သဘောရိုး မဟုတ်လို့ ခွင့်လွှတ်နိုင်စရာ မရှိပါ။ ပြောစရာတွေက အများကြီးပါ၊ ဒီလောက်နဲ့ပဲ ခဏရပ်လိုက်ပါမယ်။

(ဃ) “ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှု ရှိဖို့၊ ကြိုတင်မဲ မသမာမှု အတတ်နိုင်ဆုံး ကာကွယ် မည်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကတိပေးကြ။ (RFA, Mizzima, 2/3-April-2015)

အထက်ပါ ခေါင်းစဉ်အောက်မှာ “ရွေးကောက်ပွဲ ပွင့်လင်း မြင်သာမှု ရှိဖို့၊ ကြိုတင်မဲ မသမာမှု အတတ်နိုင်ဆုံး ကာကွယ်ပေးသွားမယ်” “၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲနဲ့ ပတ်သက်ပြီး ပြဿနာတွေ အများကြီး ဖြစ်ခဲ့တယ်” “၂၀၁၅ ရွေးကောက်ပွဲမှာ ကြိုတင်မဲ မသမာမှု အတတ်နိုင်ဆုံး မဖြစ်အောင် ဆောင်ရွက်မယ်” “မဲမသမာမှု မရှိဖို့ ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဆောင်သွားမယ်”လို့ ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ကတိပေးသွားပါတယ်။ (အာအက်ဖ်အေ၊ မဇ္ဈိမ၊ ၂/၃- ဧပြီလ-၂၀၁၅)။

ဒါကို ကြည့်ရင် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲ အများကြီးခိုးခဲ့တာတို့၊ မဲမသမာမှု နည်းမျိုးစုံတွေ လုပ်ခဲ့တာတို့ကြောင့် အာဏာရ ကြံ့ဖွံ့ပါတီ အနိုင်ယူခဲ့တာတို့ကို ဒေါက်တာ ဒေါ်မြင့်ကြည်ကိုယ်တိုင် ဝန်ခံပြီးသား ဖြစ်နေပါတယ်။

ဒေါက်တာ ဒေါ်မြင့်ကြည်သာမက ၂၀၁၂ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦး တင်အေးကလည်း ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ - “၂၀၁၀ ရွေးကောက်ပွဲလို ခါးသီးစရာ မဖြစ်စေရဘူး” “ခါးသီးတဲ့ အတွေ့အကြုံ၊ မဲမသမာမှုတွေ၊ ကြိုတင်မဲပြဿနာတွေကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မကြုံရအောင် ကြိုးစားသွားမယ်”လို့ ၂၈-မတ်လ-၂၀၁၂ နေ့က နေပြည်တော်တွင် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကိုယ်တိုင် သတင်းထောက်တွေကို ပြောကြားထားပါတယ်၊ (အာအက်ဖ်အေ၊ ၁၁-အောက်တိုဘာလ-၂၀၁၃)။

ဦးတင်အေးနဲ့ ဒေါက်တာ ဒေါ်မြင့်ကြည်တို့ ကိုယ်တိုင် ပြောတဲ့ ကတိစကားတွေဟာ အထင်ကြီး စရာ လုံးဝမရှိပါ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ မတိုင်မီက သူတို့ကိုယ်တိုင် ကတိတွေ အမျိုး မျိုး၊ အကြိမ်ကြိမ်ပေးခဲ့ကြတယ်၊ ဒါပေမယ့် လက်တွေ့ကျတော့ တယောက်မှ ကတိ မတည်ကြဘူး၊ ဘက်လိုက်မှု၊ ကြိုတင်မဲ နည်းမျိုးစုံနဲ့ ခိုးမှုအပါအဝင် လိမ်ညာလှည့်စား လက်တလုံးခြား လုပ်ပြီးမှ၊ ကလိမ်ကကျစ် လိမ်ညစ်ပြီးမှ၊ သူတို့ ပါတီအနိုင်ယူပြီးမှ ပြောတဲ့ လူလိမ်သူခိုးတွေရဲ့ ကတိစကားတွေ ဟာ ဘာအနှစ်သာရ ရှိမှာလဲ။

နိုင်ငံတော် သမ္မတနဲ့ လွှတ်တော် နာယကတို့ကလည်း ဦးတင်အေး၊ ဒေါက်တာ ဒေါ်မြင့် ကြည်တို့လို ကတိပေးကြတာပဲ၊ လက်တွေ့ကျတော့ ဒီပုတ်ထဲက ဒီပဲအတိုင်းပါပဲ။

၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ အနိုင်ရရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အမတ် လောင်းတွေ၊ ပါတီခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင် အသီးသီးတို့ရဲ့ မဲခိုး နည်း ပေါင်းစုံနဲ့ ဝိုင်းဝန်း ပံ့ပိုးကူညီမှု အချို့ကို ဖော်ပြပါမယ်။ ရှေးဦးစွာ ၂၀၁၀-ဒီဇင်ဘာလထုတ် “ပြည်သူ့အမြင်စာစဉ်”မှာ ဖော်ပြထားတဲ့ မဲခိုးနည်း အချို့ကို ကြည့်ပါ။

၁။ မဲလိမ်၊
၂။ မဲခိုး၊
၃။ မဲကို ငွေနဲ့ဝယ်၊
၄။ ပစ္စည်းရောင်းပြီးမျှား၊
၅။ မဲကြိုတင်ခိုး၊
၆။ ငွေချေးပြီးမျှား၊
၇။ လူလဲပြီး မဲထည့်ခိုင်း၊
၈။ လူစားထိုးပြီး မဲထည့်ခိုင်း၊
၉။ လူတယောက်ကို အခါခါ ပြန်ထည့်ခိုင်း၊
၁၀။ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်း၊
၁၁။ အကျပ်ကိုင်ပြီး ထည့်ခိုင်း၊
၁၂။ အမိန့်အာဏာသုံးပြီး ထည့်ခိုင်း
၁၃။ ကြံ့ဖွံ့ရှုံးပြီးသားကို အနိုင်ပြန်ပေး၊
၁၄။ အတိုက်ခံပါတီနိုင်ပြီးသားကို အရှုံးပြန်ပေး၊
၁၅။ မဲမရေတွက်ဘဲ ကြံ့ဖွံ့ပါတီကို အသာပေး၊
၁၆။ ကြံ့ဖွံ့ရှုံးမယ့် နယ်မြေကို ဖျက်သိမ်း၊
၁၇။ ကော်မရှင်က ကြံ့ဖွံ့ဘက်လိုက်၊
၁၈။ ကြံ့ဖွံ့ဘက်ကို ပယ်မဲမပေး၊
၁၉။ ကြံ့ဖွံ့ရဲ့ မဲမသမာမှုကို အရေးမယူ၊
၂၀။ ကာယကံရှင် မသိဘဲ မဲပေး၊
၂၁။ မဲအကုန် မရေဘဲ ကြံ့ဖွံ့ပါတီ အနိုင်ပေး၊
၂၂။ အတိုက်အခံဘက်ကို ပယ်မဲ လုပ်ပြစ်၊
၂၃။ ဒေါ်စုနာမည်ကို တလွဲအသုံးချ၊
၂၄။ ကြိုတင်မဲကို ရှိတာထက် ပိုပြ၊
၂၅။ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ မပြိုင်ဘဲနိုင်၊
၂၆။ လူမနေတဲ့ နယ်မြေမှာ ကြံ့ဖွံ့နိုင်၊
၂၇။ မဲရုံမှူးက မဲပုံးကို အိမ်ယူပြီး မသမာလုပ်။






--------------------------------------------------------------------


မဲရုံမှူးကအစ မဲရုံဝန်ထမ်း၊ မဲရုံစောင့်ရဲ အားလုံးဟာ ကြံ့ဖွံ့ပါတီဘက်ကချည်းပဲ၊ အပြင်လူ ဝင်ခွင့်မပြု၊ ဝင်ခွင့်ရှိသူကိုလည်း အမျိုးမျိုး အနှောင့်အယှက်ပေးတယ်။ ဒါ့ကြောင့် ကြံ့ဖွံ့ပါတီက ရွေး ကောက်ပွဲ မဲအပြတ်အသတ်နဲ့ နိုင်သွားခြင်း ဖြစ်တယ်။

“ပြည်သူ့အမြင်စာစဉ်”ရဲ့ ဖော်ပြမှုဟာ အလွန်နည်းပါသေးတယ်၊ ထိုင်း-မြန်မာနယ်စပ် အခြေ စိုက် မြန်မာ့အရေး လှုပ်ရှားသူတွေ စုပေါင်းဖွဲ့ထားတဲ့ “ရွေးကောက်ပွဲ ခြေရာခံအဖွဲ့”ရဲ့ ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှ ဖော်ထုတ်မှုတွေက များလွန်းလို့ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးတင်အေးတို့ ၂၀၁၀ ရွေးကောက်ပွဲ မဲမသမာမှုကို ဝန်မခံလို့ မရတော့တဲ့ အခြေအနေ ဖြစ်သွားပါတယ်။ “ရွေး ကောက်ပွဲ ခြေရာခံအဖွဲ့”က ကမ္ဘာမှာ မရှိခဲ့ဘူးတဲ့ မဲလိမ်၊ မဲခိုး၊ မဲမသမာမှုပေါင်း ၄၅၀ ခန့်ကို ဖော် ထုတ်လိုက်တော့ ကမ္ဘာကပါ တုန်လှုပ်ချောက်ချားသွားတယ်။

ရွေးကောက်ပွဲ ခြေရာခံအဖွဲ့ အဖွဲ့ဝင် ဒေါ်ခင်ဥမ္မာက ၂၀၁၀-နိုဝင်ဘာလ-၂၆ ရက်နေ့က ဘန် ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ “ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်”ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဲမသမာမှုအကြောင်း သမိုင်းမှတ်တမ်းတင်မှုများကို ရှင်းလင်း ပြောကြားသွားပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်ခင်ဥမ္မာက -၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ အခြေအနေရဲ့ လေ့လာတွေ့ရှိချက်များအရ “မဲမသမာမှုပေါင်း ၄၅၀ ခန့် တွေ့ ရှိရကြောင်း၊ ယင်းတွေရှိ တင်ပြချက်တွေကို မြန်မာ့သမိုင်း မှတ်တမ်းတခုအဖြစ် အပြည်ပြည်ဆိုင်ရာက သိရှိအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲက ဘယ်လောက်တောင် ပြည်သူတွေရဲ့ သဘောဆန္ဒ မပါဘဲနဲ့ မတရား လုပ်သွားတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း ကမ္ဘာကို သိစေချင်ကြောင်း၊ ဒါဟာ ကျမတို့ နိုင်ငံရဲ့ သမိုင်းဖြစ်ကြောင်း” ရှင်းလင်း ပြောကြားသွားပါတယ်။

သတင်းစာ ရှင်းလင်းပွဲတွင် “ရွေးကောက်ပွဲ ခြေရာခံအဖွဲ့”အကြောင်းကို ဒေါ်ခင်ဥမ္မာက လည်း ကောင်း၊ “ရွေးကောက်ပွဲနဲ့ တိုင်းရင်းသား နယ်မြေတွ” အကြောင်းကို နော်ကညော်ဖောက လည်း ကောင်း၊ “ရွေးကောက်ပွဲ အပြီး နိုင်ငံရေး အခင်းအကျင်း” အကြောင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမိုးဇော်ဦးကလည်းကောင်း၊ ရှင်း လင်း တင်ပြသွားပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံရှိ သတင်းစာများ၊ ရုပ်မြင်သံကြား ဌာနများနဲ့ နိုင်ငံတကာ သတင်းထောက်များ တက်ရောက်ကြောင်း သိရပါတယ်။ (RFA, Nov-26-2010) သမ္မတရဲ့ ကတိ။

“၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို သန့်ရှင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် ကျင်းပဖို့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမယ်”လို့ သမ္မတ ဦးသိန်းစိန်က ကတိပေး ပြောကြားပါတယ်။ (ဒီဗွီဘီ၊ ၉-ဇူလိုင်လ-၂၀၁၅) ကာချုပ် မင်းအောင်လှိုင်ရဲ့ ကတိ။

“ရွေးကောက်ပွဲ လွတ်လပ်မျှတရန် အပြည့်အဝ ကူညီမည်”လို့ ပါကစ္စတန် နိုင်ငံရောက် ကာချုပ် မင်းအောင်လှိုင်က ပါကစ္စတန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ General Rashad Mahmood နဲ့ တွေ့ဆုံစဉ် “၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရမည်ဖြစ် ကြောင်း” ကတိပေး ပြောကြားသည်။ (မဇ္ဈိမ၊ မေလ-၈-၂၀၁၅) လွှတ်တော် နာယက ဦးရွှေမန်း။

“ရွေးကောက်ပွဲတွင် ပြည်သူ့ရွေးချယ်မှုကို အလေးထားမည်”လို့သာ အမေရိကန် နိုင်ငံရောက် စဉ် Carnegie Endowment for International Peace က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောကြား သွားပါတယ်။ (ဘီဘီစိီ၊ မေလ-၃-၂၀၁၅) (င) သူတို့ကို မယုံကြတော့ဘူး။
---------------

ဘာကြောင့် သူတို့ကို မယုံကြည်ကြတော့တာလဲလို့ ဆန်းစစ်ကြည့်တဲ့အခါ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် နာယက ဦးရွှေမန်း၊ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကာချုပ် မင်းအောင်လှိုင် … စသူတို့ အားလုံးဟာ စစ်တပ်မှ စစ်ဗိုလ်ဘဝကနေ ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီး အဆင့်ထိ စစ်အာဏာရှင် စနစ်နဲ့ နှစ်ပေါင်း ၄၀ လောက်ထိ ဌာန အတော်များများမှာ ကျက်စားလာခဲ့လို့ စစ်တပ် မှာ စစ်ဗိုလ်လုပ်ရတဲ့ အရသာ တွေ့ကာ ဒီစစ်အာဏာရှင်ဘဝကို မစွန့်ချင်ကြတော့ဘူး။ သူတို့တွေဟာ စစ်အာဏာရှင်စနစ်နဲ့ ရှေ့ဆက်သွားဖို့ မဟန်တော့လို့ ပြုပြင်ပြောင်းလဲရေးကို ဗန်းပြပြီး စစ်ဝတ်ချွတ်၊ အရပ်ဝတ် ပြောင်းစွပ်ပြီး ဒီမိုကရေစီစနစ်ဆီကို လျှောက်လှမ်းနေပါတယ်လို့ ဟိတ်ကြီး ဟန်ကြီးနဲ့ ဖြီးနေပေမယ့် စစ်စိတ်စစ်မာန်၊ စစ်ဗီဇတွေနဲ့ အပြည့်ကိန်းအောင်းနေဆဲ ဖြစ်တယ်။ လုပ်သမျှတွေဟာ သူတို့နဲ့ သူတို့ စစ်တပ်အတွက် မက်သုံးမက် ရည်ရွယ်ချက် ပြည့်ဝဖိုသာ ဦးထိပ် ထားပြီး လုပ်ခဲ့ကြတာ ဖြစ်တယ်။ တိုင်းသူပြည်သား အကျိုးကို လျစ်လျူရှုကာ အရင်ကလို အမိန့် အာဏာ၊ စည်းကမ်းချက်တွေနဲ့ သာမန်ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်နေတုန်း၊ ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချ၊ သတ်ဖြတ်နေတုန်းပဲ ဖြစ်တယ်။ သူတို့ သားသမီး၊ မြေးအရွယ် ကျောင်းသား လူငယ် တွေကိုတောင် မညှာမတာဘဲ အမှုဆင်ကာ ဖမ်းဆီး၊ ရိုက်နှက်၊ ထောင်ချပြီးတော့မှ “ကျောင်း သားတွေကို မရိုက်ပါဘူး၊ ထုတ်နဲ့ ရွယ်ရုံသာ ရွယ်တာပါ”လို့ တရားရုံးမှာ ထုံးစံအတိုင်း ရဲမှူးက လိမ်ညာ ထွက်ဆိုသွားပါသေးတယ်။ တိုင်းပြည် ခေါင်းဆောင်ဆိုသူတွေက ရိုးသားတဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေ အပါအဝင် လူကြီးလူငယ် ကျောင်းသား၊ ရဟန်းသံဃာများပါမကျန် အားလုံးအပေါ်ကို မတရား နိုင် ထက်စီးနင်း လုပ်တာကို မြန်မာသာမက ကမ္ဘာကိုပါ လိမ်ညာ လှည့်စား လက်တလုံးခြား လုပ်နေမှ တော့ မက်သုံးမက် ငန်းငန်းတက်နေသူတွေကို ဘယ်သူတွေက ယုံကြည်ကြတော့မှာလဲ။ ဒါ့ကြောင့် သူတို့ကို မယုံကြည်ကြတော့ဘူးလို့ ပြောရခြင်း ဖြစ်ပါတယ်။ မက်သုံးမက်နဲ့ အာဏာပိုင်တွေ။

အာဏာပိုင် အသီးသီးဟာ ကတိအမျိုးမျိုးပေးကြပေမယ့် တခါမှ၊ တခုမှ ကတိ မတည်ကြဘူး၊ သူတို့ ကတိစကားတွေဟာ လေထဲက လာပြီး လေထဲ လွင့်ပါသွားတာချည်းပဲ။ ဒါ့ကြောင့် ပြည်သူ လူထုက၊ ကျောင်းသူကျောင်းသားတွေက၊ လူမှုအဖွဲ့အစည်းတွေက၊ နိုင်ငံရေးပါတီတွေက၊ လက်နက် ကိုင် တိုင်းရင်းသားအဖွဲ့တွေက သူတို့ကို မယုံကြည်ကြ၊ ရွံမုန်းလာကြတယ်။ သူတို့ကို မယုံကြည်မှန်း၊ ရွံမုန်းမှန်း သိရက်နဲ့ ဆက်လုပ်နေကြတာဟာ အာဏာမက်လို့၊ မြေမက်လို့၊ ငွေမက်လို့ (မက်သုံးမက်) အပြင် အရှက်မရှိလို့ဆိုတာ ထင်ရှားတယ်။ (အပိုင်း-၁) ကို ဤတွင် ခေတ္တရပ်နားပြီး (အပိုင်း-၂) ကို ဆက်လက် ဖော်ပြပါမည်။ (အပိုင်း-၂)တွင် ပို၍ စိတ်ဝင်စားစရာကောင်းသော အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ရဲ့ အတိုက်အခံပါတီ အထူးသဖြင့် NLD ပါတီအပေါ် မရိုးသားမှု၊ အကောက်ကြံမှုတွေကို တွေ့ရှိသမျှ ဖော်ပြပေးပါမည်။ ရွှေပြည်စိုး





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org