တောင်ပြုံးခုံရုံး

ဆူးငှက်(26 August 15)




-----------------------------------------------------------------------

မြန်မာပြည်မှာကျင်းပတဲ့နတ်ပွဲတွေထဲမှာတောင်ပြုန်းပွဲဟာအကြေ၊ အညာစုံစုံလင်လင် စည်စည်ကားကားလာရောက်ကြတဲ့ပွဲပါပဲ။ အနယ်နယ်အရပ်ရပ်က မန္တလေးကိုရောက်လာကြပြီး မန္တလေးကနေတောင်ပြုန်းကိုကားနဲ့ မီးရထားနဲ့ သွားလာကြတယ်။ အရင်ခေတ်တုန်းကတောင်ပြုန်းကိုလှေတွေနဲ့ သွားကြတယ်။ မန္တလေးဈေးချိုတော်ရဲ့ အနောက်ဘက်ကကပ်စီးတဲ့ ရွှေတချောင်းမြောင်းကနေတောင်ပြုန်းအထိလှေတွေနဲ့ သွားကြတယ်။ မန္တလေးဈေးချိုတော်ရဲ့အနောက်ဘက်ကကပ်စီးတဲ့ရွှေတချောင်းမြောင်းကနေတောင်ပြုန်းအထိလှေတွေနဲ့သွားကြတယ်ဆိုရင်အတော်အံ့ကြသကြမှာပါပဲ။ ဒီလိုသွားကြတာ ကျွန်တော်တို့တောင်မှ မမီခဲ့ပါဘူး။ ကျွန်တော်တို့မိဘများခေတ် ဖြစ်မှာပေါ့။ "နှဲကုပ်သို" လို့အမည်ရတဲ့ ရွှေတချောင်းမြောင်းဟာဘိုးတော်ဘုရားလက်ထက်တည်းကမတ္တရာကနေအမရပူရနေပြည်တော် တက်သိမ်းအင်းအထိဖောက်သွယ်ခဲ့တဲ့ မြောင်းဖြစ်ပါတယ်။ တာပေါင်း ၂၇၀ဝ ရှည်သတဲ့။ လယ်တွေကို ရေပေးဝေဖို့အပြင် မတ္တရာနဲ့ အမရပူရနေပြည်တော် ဆက်သွယ်သွားလာရေးအတွက် ရေလမ်းအဖြစ် အသုံးပြုခဲ့တာပေါ့။ ရတနာပုံခေတ်မှာတော့ ရွှေတချောင်းမြောင်းအမည်နဲ့ ရေရှင်ရေကောင်းတွေ စီးဆင်းခဲ့ပြီးမတ္တရာနယ်မှာ လယ်ရေပေးဝေရေးနဲ့ မန္တလေးရွှေမြို့တော်မှာသုံးရေချိုးရေသုံးရေအတွက်သာမကမတ္တရာနယ်ကသစ်သီးသစ်နှံတွေကို မန္တလေးဈေးချိုတော်ဆီလှေများနှင့် ပို့ဆောင်ဖို့ အသုံးဝင်ခဲ့တယ်။

တောင်ပြုန်းပွဲတော်အခါရောက်ရင် လူစည်ကားတဲ့ဈေးချိုတော်ကနေလှေတွေနဲ့ ဆိုင်းတွေဗုံတွေနဲ့ တောင်ပြုန်းပွဲတော်ဆီရွှေတချောင်းမြောင်းအတိုင်းသွားကြတာတဲ့။ သီပေါမင်းခေတ်မှာတောင်ပြုန်းပွဲတော် ကျင်းပတဲ့အခါ ပွဲတော်အုပ်ချုပ်ရေးအတွက် ရနောင်မောင်မောင်တုတ်ကိုလွှဲအပ်ထားတာတဲ့။ သိကြတဲ့အတိုင်းပဲရနောင်မောင်မောင်တုတ်ဆိုတာကသီပေါဘုရာင်ရဲ့ "သူ့ဓားနှင့် မသေစေရ"လို့ အပစားပေးခဲထားရသူပါ။

ဒီတော့ တောင်ပြုန်းပွဲကိုရနောင်မောင်မောင်တုတ်လက် ဝကွက်အပ်ထားတဲ့အခါ ပွဲတော်နဲ့ပတ်သက်တဲ့ မှုခင်းမှုရာတွေကိုလည်းနေပြည်တော်ကလွှတ်ရုံးအဆင့်ဆင့်ဆီတရားနည်းလမ်းကျစွာဥပဒေနဲ့အညီဓမ္မသတ် ရာဇသတ်များနဲ့အညီတက်ရောက်စရာမလိုဘူး။ ရနောင်မောင်မောင်တုတ်ရဲ့ တစ်ဦးတည်းအမိန့်အာဏာနဲ့ သဘောကျစီရင်စေရတယ်။





-----------------------------------------------------------------------

တောင်ပြုန်းပွဲဆိုတာကလည်းအခုမှမဟုတ်ဘူး။ ရတနာပုံခေတ်ကတည်းကမူးယစ်ရမ်းကားအပျော်ကြူးကြတဲ့ပွဲလို့ ဆိုတယ်။ ခိုးကြမယ်၊ ဝှက်ကြမယ်။ တိုက်ကြမယ်၊ သတ်ကြမယ်၊ ရိုက်ကြမယ်။ အဲ… အဲ… မိန်းကလေးတွေကိုကာယိန္ဒြေိပျက်အောင်စော်ကားကြမယ်။ ဒီလိုကိုး…။ ဒီတော့ ပွဲတော်တွင်းအပြစ်ကျူးလွန်သူမှန်သမျှ အပြစ်ကျူးလွန်သူလို့ ယူဆသူမှန်သမျှ…။ မျက်မုန်းကျိုးသူမှန်သမျှ…။ အမိန့်အာဏာဖီဆန်သူမှန်သမျှ…။ ထင်ရင် ထင်သလို…၊ မထင်ရင် မထင်သလိုရနောင်မောင်မောင်တုတ်ရဲ့ တစ်ဦးတည်းသဘောနဲ့ တရားစီရင်သတဲ့…။ ရှင်းပါတယ်။ "ရနောင့်တရားရုံး"ရဲ့ စီရင်ချက်ကတစ်မျိုးတည်းပါပဲ။ "သတ်စေ…"ပေါ့။

ဒီတော့ မန္တလေးကနေတောင်ပြုန်းကိုပွဲတော်လာသူတွေ ဖီး၊ လိမ်း၊ ဝတ်စား ပြင်ဆင်ပြီး၊ ဆိုင်းသံဗုံသံတညံညံနဲ့ ပျော်ပျော်ပါးပါးအများဆုံးလာကြတဲ့လမ်းဖြစ်တဲ့ ရွှေတချောင်းမြောင်းဘောင်မှာ မန္တလေးရွှေမြို့တော်ကအထွက်၊ တောင်ပြုန်းပွဲခင်းအထိမြောင်းဘေးတစ်လျှောက်မှာကားစင်တွေဆင်ထားသတဲ့…။ အဲဒီကားစင်တွေမှာရာဇဝတ်သားလို့ယူဆသူတိုင်း ကားစင်တင်သတ်တယ်။ သတ်ပြီးရင် သုဿန်လုပ်တိုင်းတွေမှာချက်ချင်းမြှုပ်နှံတာမဟုတ်ဘူး။ ကားစင်ပေါ်မှာပဲရင်ကိုခွဲ၊ အတွင်းကကလီစာတွေနှုတ်၊ တော်ရာမြှုပ်ပြီးကျန်လူသေကောင်ကြီးကိုကားစင်ပေါ်မှာပဲခြေကားယားလက်ကားယားနဲ့ ရေနံချေးသုတ်ထားတာပွဲတော်ပြီးတဲ့အထိဒီအတိုင်းထားသတဲ့။

ဒါကြောင့် တောင်ပြုန်းပွဲလာကြတဲ့ ပွဲတော်လာတွေထဲကမိန်းမပျို၊ မိန်းမအိုတွေ၊ အသည်းငယ်တဲ့ ယောကျာ်းသားတွေဟာ မန္တလေးရွှေမြို့တော် အိုးဘိုရပ်လွန်တာနဲ့ ရွှေတချောင်းမြောင်းအတိုင်းခမ်လှမ်းလှမ်းကကားစင်ကြီးတွေရိုးတိုးရိပ်တိတ်အမြင်မှာတင် လှေဝမ်းမှာမှောက်ပြီးမျက်နှာဝှက်ကြ ဆိုသကိုး…။ ပွဲတော်လာသူတွေ ရနောင်ရဲ့ အမိန့်အာဏာမဖီဆန်ရဲအောင် ကြိုပြီးသတိပေးတဲ့သဘောပေါ့…။

တောင်ပြုန်းပွဲတော်ရက်အတွင်းဖြစ်ပွားတဲ့အမှုအခင်းကို ချုပ်ရင်ချုပ်၊ သတ်ရင်သတ်၊ လွှတ်ရင်လွှတ်၊ ပွဲတော်အတွင်းမှာပဲအပြီးစီရင်ရတာတဲ့။ အဲဒီအမှုအခင်းကိုဒီ့ပြင်ရုံးအထိသယ်ယူမလာရဘူးတဲ့။ တောင်ပြုန်းပွဲအတွင်းပဲအပြတ်စီရင်…၊ ဒီလိုကိုး…။ ဒါကို "တောင်ပြုန်းတရား"လို့ ခေါ်သတဲ့။ ဒီအစဉ်အလာကြောင့် နောက်ပိုင်းမှာအမှုအခင်းတစ်ခုခုကိုတရားနည်းလမ်းအရသက်သေသက္ကာရနဲ့ ဥပဒေကြောင်းအရစစ်ဆေး၊ ရှေ့နေရှေ့ရပ်နဲ့ လျှောက်လဲ၊ ခုံရုံးအဆင့်ဆင့်နဲ့ ဥပဒေကြောင်းအရတရားနည်းလမ်းကျစွာဆုံးဖြတ် အပြစ်မပေးဘဲတစ်ဦးတစ်ယောက် တစ်ဖွဲ့ရဲ့ အာဏာနဲ့၊ လုပ်ပိုင်ခွင့်နဲ့ မျက်စိစုံမှိတ်ပြီးတစ်ချက်လွှတ်အမိန့်ချ အပြစ်ပေးရင် "တောင်ပြုန်းတရားစီရင်တယ်"လို့ ပြောစမှတ်ရှိကြတယ်။





-----------------------------------------------------------------------

"တောင်ပြုန်းတရား"ဆိုတာရေမြေလိုက်တာနေမှာပေါ့…။
တရုတ်ပြည်ကအနော်ရထာမင်း ပြန်အလာ၊ တောင်ပြုန်း ရပ်မှာစစ်နားတုန်းဆုတောင်းပြည့် စေတီတည်တယ်မဟုတ်လား။
ပြည်သူပြည်သား၊ မင်းမှုထမ်းတွေနဲ့ တစ်ဦးချင်းစီလုပ်အားနဲ့ စေတီတည်တော့ အကလေးအရွယ် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ အပျော်မက်ပြီးစေတီတော်မှာလုပ်အားဒါနမပါနိုင်ဘဲအုတ် ၂ ချပ် လပ်ရောမဟုတ်လား…။
ဒီအပြစ်အတွက် ဘုရင်ကမြေးတော် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးညီနောင်ကိုရွှေကြိမ်လုံးနဲ့ဆုံးမလိုက်ပါဆိုတာကို မင်းအလိုလိုက် မင်းကြိုက်လိုက်ရုံမကသည်းသည်းလှုပ်တွေကလွန်ကြိုးနဲ့တုပ်ပြီး ဝါးရင်းတုတ်နဲ့ရိုက်သတ်လိုက်တာ မဟုတ်လား…။
ဒီအစဉ်အလာဒီရေခံမြေခံကြောင့်ထင်ပါရဲ့ သီပေါမင်းလက်ထက်၊ ရနောင်မောင်မောင်တုတ်လက်ထက် တောင်ပြုန်းပွဲ တော်ကို "ဝ"ကွက်အပ်ထားချိန် ရာဇဝင်တွင်လောက်တဲ့ "တောင်ပြုန်းတရား"ဆိုတာပြောစမှတ်ဖြစ်ခဲ့ကြရတာပါပဲ။

ကျွန်တော်တို့လည်းနတ်ဖြစ်သွားတဲ့ မင်းကြီးမင်းလေးရဲ့ အာဏာစက်ကတစ်ပြည်လုံး ဖြန့်ကျက်သွားခဲ့ ထင်ပါရဲ့…။ "တောင်ပြုန်းခုံရုံး"က တရားအစီအရင်တွေ ဆယ်စုနှစ်ပေါင်းများစွာ တစ်ပြည်လုံး ခါးကော့အောင်ခံခဲ့ရပြီပဲ…။ အခုလည်း "တောင်ပြုန်းခုံရုံး"အစီအရင်များက လွတ်ကြပါပြီလား…။ ။



-----------------------------------------------------------------------

ဆူးငှက်



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org