မိဖုရားဖွားစောနဲ့ ပေါက္ကံပြည်နောက်ဆုံးနေ့များ

URavika(29 November 15)




--------------------------------------------------------------------


သူပုန်ထတဲ့ခေတ်ဟာ အစိုးရအားကောင်းတဲ့ခေတ်မဟုတ်ပါ။ အစိုးရတစ်ရပ် တရားမဲ့သွားတာနဲ့၊ အားနည်းလာတာနဲ့ သူပုန်ထတာ ဓမ္မတာပါပဲ။ အထူးသဖြင့် ပဒေသရာဇ်ခေတ်မှာပါ။ ပုဂံလက်နက်နိုင်ငံတော်ကို မွန်နဲ့ မြန်မာတို့ အတူထူထောင်ခဲ့ပြီး နှစ်ပေါင်း(၃၀ဝ)နီးပါး တည်တံ့ခဲ့ကြောင်း လူတိုင်းအသိ ဖြစ်တယ်။ ပထမနှစ်တရာကို မွန်တို့စိုးမိုုးခဲ့တယ်၊ ဒုတိယနှစ်တစ်ရာမှာ မွန်တို့အားနည်းသွားပြီး မြန်မာတို့အားကောင်းလာတယ်။ တတိယနှစ်တစ်ရာ (နှစ်ပေါင်း ၇၀ လောက်)မှာ မြန်မာတို့ပဲ စိုးမိုးခဲ့တယ်။ ဒါပေမဲ့ (၁၃)ရာစုနှောင်းခေတ်မှာ ပုဂံက အားနည်းလာခဲ့ပြီး မွန်၊ ရခိုင်နဲ့ ရှမ်းတို့ ခေါင်းထောင်နိုင်ခဲ့ပါတယ်။

ပုဂံရဲ့ နောက်ဆုံးနေ့ရက်များအကြောင်းကို ရေးရင် မိဖုရားဖွားစောကို ပစ်ပယ်ထားလို့ မရပါ။ ဟိုတလောက ဒေါ်အောင်ဆန်းစုကြည်ကို ရှင်စောပုနဲ့ နှိုင်းတော့ မွန်ထဲမှာရော မြန်မာထဲမှာပါ မလိုလားသူအချို့ ရှိခဲ့ပါတယ်။ တစ်ယောက်က ရှင်စောပုနဲ့ မိဖုရားဖွားစော အတူတူပဲလားလို့ မေးလာခဲ့ပါတယ်။ အဲ့ကတည်းက မိမိ ဒီအကြောင်း ရေးဖို့ စိတ်ကူးရခဲ့မိပါတယ်။ အမှန်မှာ ပုဂံပျက်ရတဲ့ အချိန်ဟာ အခုခေတ်လို သူပုန်ထတဲ့အချိန်ပါ။ ပုဂံမင်းဆက်မှာ နောက်ဆုံးဖြစ်တဲ့ နရသီဟပတေ့ဟာ အင်မတန်မှ ဆင်ခြင်ညာဏ်နည်းပြီး မောက်မာသူ ဖြစ်တယ်။ သူသာ မိဖုရားဖွားစောအကြံကို ယူခဲ့ရင် ပုဂံပြည်ဟာ ပျက်စရာအကြောင်း မရှိပါ။ ဒါပေမဲ့ သူက အမှန်တရားကို သိရတဲ့အခါမှာ အခါနှောင်းခဲ့ပါပြီ။

နရသီဟပတေ့ဟာ အေဒီ ၁၂၅၆ မှာ နန်းတက်ပြီး အေဒီ ၁၂၈၇ မှာ နတ်ရွာစံခဲ့ရပါတယ်။ နန်းစံ(၃၁)နှစ်ပါ။ မြန်မာသက္ကရာဇ် ၆၁၇ ခုနှစ်မှာ နန်းတက်တော့ ဖခမည်းတော်ဥဇနာမင်းလက်ထက်ကတည်း မောင်းမလည်း မက၊ မိဖုရားလည်းမကျ မြှောက်စားခံရတဲ့ မိဖုရားစောကို မိဖုရားအရာ ပေးခဲ့တယ်။ မိဖုရားစောက ဆိတ်ထိန်းကမ်းဖြူရွာတောင်သူသမီးတစ်ဦး ဖြစ်ပြီး ညာဏ်ပညာကြီးသူ ဖြစ်တယ်။ နရသီဟပတေ့ နန်းရဖို့ အမတ်ကြီးရာဇသင်္ကြန်က ကြံဖန်ပေးခဲ့ပေမဲ့ နရသီဟပတေ့က မေ့နေလို့ ပန်းပွတ်သည်မြေး လို့ ဆိုမိတယ်။ ဒီစကားကြောင့် ဒလကို နယ်နှင်ခံရတယ်။ သူပုန်သူကန်တို့ ထကြွလို့ အကြံကောင်းပေးနိုင်သူမရှိ။ ရာဇသင်္ကြံကို ခေါ်ဖို့ မိဖုရားစောကပဲ အကြံပြုရသတဲ့။ သရေပစ္စပတေ့က မွန်တို့ကို သွားတိုက်ရာ မတိုက်ရသေးဘဲ စစ်ကွဲပြန်လာလို့ အသက်ချမ်းသာရာရဖို့ မိဖုရားကပဲ မင်းကြီးကို ရှင်းပြခဲ့ရတယ်။ ဘုရင်မှာ မကောင်းတဲ့အကျင့်တစ်ခု ရှိတယ်။ အိပ်ရာက ထထချင်း အနားရှိဓားလှံကို ယူပြီး တွေ့ရာ လှမ်းပစ်တတ်လို့ မောင်းမတွေ ဒုက္ခရောက်ကြရတယ်။ မိဖုရားက လုံပနီသီးကို အနားမှာ ထားပေးတယ်။ မင်းကြီးက ပစ်လို့ မောင်းမတွေကို ထိလို့ ခါးက ရမ်းရမ်းသွားတယ်။ ဒါကြောင့် ခါးရမ်းသီး မည်သွားသတဲ့။

သက္ကရာဇ် ၆၄၆ မှာ နရသီဟပတေ့က တရုတ်သံများကို သတ်တယ်။ တရုတ်တွေက ပုဂံကို ဝင်သိမ်းတယ်။ နရသီဟပတေ့က ပုသိမ်ကို ပြေးရတယ်။ ဒါကြောင့် သူ့ကို တရုတ်ပြေးမင်းလို့ ခေါ်ကြတယ်။ ရှင်ဒိသာပြာမောက်က တရုတ်ပြည်အထိ သွားပြီး စစ်ပြေငြိမ်းအောင် ဆွေးနွေးခဲ့ရာ တရုတ်မြန်မာစစ် ပြီးဆုံးခဲ့တယ်။ ဒါကြောင့် နရသီဟပတေ့က ပုဂံကို ပြန်ဖို့ တိုင်ပင်တယ်။ မိဖုရားစောက ပြည်သူတို့ မကြိုက်၊ ခစားသူ နည်း၊ ကြားညှပ်နေချိန်မို့လို့ မပြန်သေးဖို့ ပြောတယ်။ နရသီဟပတေ့က လက်မခံပါ။ ပြန်မယ်ဆိုတော့ ပြန်ရင် သားတော်သီဟသူ အုပ်ချုပ်နေတဲ့ ပြည်ကို ဖြတ်ရမှာမို့ အန္တရာယ်များလို့ မဝင်ဖို့ ပြောတယ်။ သီဟသူက သူ့ကို ရန်မရှာလောက်ပါလို့ နရသီဟပတေ့က ထင်တယ်။ ပြည်စားသီဟသူက သူ့မယ်တော်ကို ဝက်လက်ခိုးမသားလို့ သူ့ဖခမည်းတော်နရသီဟပတေ့က မကြာမကြာ ခေါ်ခဲ့တာကို ငြိုးနေခဲ့ရာ သူ့ဖခမည်းတော်က ပြည်ကို ရောက်တာနဲ့ "အဆိပ်ကို စားမလား၊ ဓားလှံနဲ့ သေမလား"လို့ မေးတော့ အဆိပ်နဲ့ သေဖို့ မိဖုရားကပဲ အကြံပေးခဲ့တယ်။ နရသီဟပတေ့ ကျသွားတာနဲ့ ပုဂံပြည်လည်း နိဂုံးချုပ်သွားရပါတော့တယ်။

ဒီမှာ ပုဂံပြည်ပျက်ရခြင်းအကြောင်းကို ပုသိမ်ကနေ ပြည်သို့ အဆန်မှာ မိဖုရားစော ပြောတဲ့စကားကို ဆင်ခြင်နိုင်ဖို့ ဒီမှာ နည်းနည်းရေးသင့်တယ်လို့ ယူဆပါတယ်။






--------------------------------------------------------------------


မိဖုရားဖွားစောက "အရှင်မင်းကြီးက အရင်က မိမိစကားကို မနာယူခဲ့ပါ။ ' ပြည့်ဝမ်းကို မဖောက်ရာ ၊ ပြည့်ဦးကင်းကို မနှိမ်ရာ ၊ ပြည့်တံခွန်ကို မလှဲရာ။ ပြည့်မျက်စိကို မထုတ်ရာ ၊ ပြည့်စွယ်ကို မချိုးရာ ၊ ပြည့်မျက်နှာကို မဖျက်ရာ ၊ ပြည့်ခြေပြည့်လက်ကို မဖြတ်ရာ ' လို့ မိမိအကြံပြုခဲ့ပါတယ်၊ အရှင်မင်းကြီး မနာယူခဲ့လို့သာ အခုလို ဒုက္ခတွေ့ရတာပါ " လို့ ပြောပါတယ်။ ဒီစကားကိုတောင် နရသီဟပတေ့က နားမလည်ပါ။ ဒါကြောင့် မိဖုရားစောက-

"ပြည့်ဝမ်းဆိုတာ သူဌေးသူကြွယ်တွေပါ၊ မင်းကြီးက သူတို့ပိုင်ပစ္စည်းတွေကို သိမ်းယူခဲ့တယ်၊ ဒါဟာ ပြည့်ဝမ်းကို ဖောက်မိရာရောက်တယ်။"

"ပြည့်ဦးကင်းဆိုတာ မှူးမတ်တွေကို ပြောတာပါ၊ မင်းကြီးက မှူးမတ်တွေကို သတ်ဖြတ်ခဲ့ခြင်းမှာ ပြည့်ဦးကင်းကို ချိုးနှိမ်ရာရောက်တယ်။"

"ပြည့်တံခွန်ဆိုတာ ရသေ့ရဟန်းတွေကို ပြောတာပါ။ မင်းကြီးက ရသေ့ရဟန်းတွေကို ဒေါသထွက်ပြီး ဒုက္ခပေးခဲ့ပါတယ်၊ ဒါဟာ ပြည့်တံခွန်ကို လှဲရာရောက်တယ်။"

"ပြည့်မျက်စိဆိုတာ ပညာရှိ၊ ပညာရှင်တွေကို ပြောတာပါ။ မင်းကြီးက ပညာရှိ၊ ပညာရှင်တွေကို မထောက်မချင့်ဘဲ နှင်ထုတ်ခြင်းမှာ ပြည့်မျက်စိကို ထုတ်ရာရောက်တယ်။"

"ပြည့်အစွယ်ဆိုတာ မင်းညီမင်သားတွေ (အခုခေတ်ဆို) အတိုက်ခံပါတီတွေကို ဆိုလိုတာပါ၊ သူတို့ကို မျက်ပြီး သတ်ခြင်းမှာ ပြည့်အစွယ်ကို ချိုးရာရောက်ပါတယ်။"

"ပြည့်မျက်နှာဆိုတာ သူတစ်ပါးရဲ့ သားပျိုသမီးပျိုများကို ဆိုလိုတာပါ၊ သူ့သားမယားကို မတရားယူခြင်းမှာ ပြည့်မျက်နှာကို ဖျက်ရာရောက်ပါတယ်။"

"ပြည့်ခြေပြည့်လက်ဆိုတာ မထောက်မချင့်၊ တန်ဖိုးမထားတာကို ဆိုလိုတာပါ၊ စစ်သည်တော်တို့ကို သတ်ဖြတ်ခြင်း၊ ပြစ်ဒဏ်ပေးခြင်းမှာ ပြည့်ခြေပြည့်လက်ကို ဖြတ်ရာရောက်ပါတယ်" ဒီလိုလျှောက်တင်ခဲ့ပါတယ်။ ဒီစကား(၇)ခွန်းဟာ သမိုင်းဝင်ခဲ့ပါတယ်။ ပုဂံပြည်က ဘာကြောင့် ပျက်ခဲ့ရပါသလဲဆိုတဲ့ အမေးကို ကောင်းကေားဖြေပေးနိုင်တဲ့ စကားပါ။ နရသီဟပတေ့ဟာ တကယ်လို့သာ မိဖုရားစောစကားကို လက်ခံခဲ့ရင် အသက်ရှည်မှာ ဖြစ်သလို ပုဂံပြည်လည်း ပျက်စရာအကြောင်းမရှိပါ။ နရသီဟပတေ့ နတ်ရွာစံတော့ သားတော် ဒလစားကျော်စွာက နန်းတက်ခဲ့ပေမဲ့ ပုဂံကို ပြန်ပြီး မစုစည်းနိုင်တော့ပါ။ သူလည်း မိဖုရားစောကို အရိုအသေတန်ခဲ့တော့ မိဖုရားကြီးက ရှမ်းညီနောင်သုံးပါး (အသင်္ခယာ၊ ရာဇသင်္ကြံ၊ သီဟသူ)တို့နဲ့ တိုင်ပင်ပြီး အတင်းပဲ သင်္ကန်းဆည်းပေးလိုက်တယ်။ ကျော်စွာသား စောနစ်ကို ပုဂံမှာ နန်းတင်ပေးပေမဲ့ ရုပ်ပြလောက်ပဲ ကျန်ပါတော့တယ်။ ရှမ်းမင်းသားတို့က မိမိနေတဲ့ မြို့တွေမှာ မင်းပြိုင်များ ဖြစ်လာကြပြီး ပင်းယမှာ နန်းစံတဲ့ သီဟသူက မိဖုရားစောကို နန်းတော်တည်ဆောက်ဖို့ တိုင်ပင်ရာ အဖွားအရွယ်မို့ မိဖုရားဖွားစောလို့ အမည်တွင်ပါတော့တယ်။

ဒီနေရာမှာ တကယ်လို့ မိဖုရားဖွားစောက ရှမ်းတွေကို မထိန်းနိုင်ခဲ့ရင် ထိုင်းနိုင်ငံမှာ မွန်နိုင်ငံတစ်ခု ပျောက်ဆုံးခဲ့သလို မြန်မာတွေလည်း လက်ရှိအချိန်မှာ ကျန်ရှိတော့မှာမဟုတ်တော့ပါ။ တရုတ်ကဖိ၊ ရှမ်းက အိ၊ ရှိတဲ့ဗမာ မနေသာဆိုတာ ဒီခေတ်ကို ပြောတာပါ။ အမှန်မှာ မွန်ဂိုတွေရဲ့ ထိုးစစ်ကြောင့် နန်ချောင်နိုင်ငံတော် ပျက်စီးခဲ့ရာ ရှမ်းတပ်မကြီးတွေဟာ အခုလက်ရှိထိုင်းနဲ့ မြန်မာနိုင်ငံထဲကို ဝင်ရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက် ရှမ်းတပ်ဖွဲ့တွေဟာ ဘယ်တော့မှ ယူနန်ကို မပြန်တော့လို့ ထိုင်းနိုင်ငံလို့ ပေါ်ပေါက်သွားခဲ့ခြင်းဖြစ်တယ်။ မြန်မာနိုင်ငံရောက် ရှမ်းတပ်မတွေက ဘာအကြောင်းကြောင့်မှန်းမသိဘဲ တပ်နုတ်ပြန်သွားလို့သာ မကြာတော့တဲ့အချိန်မှာ အင်းဝဆိုတဲ့ မြန်မာနိုင်ငံတစ်ခု ပြန်လည်ပေါ်ပေါက်ခွင့် ရရှိခဲ့ကြောင်း တင်ပြအပ်ပါတယ်။

ပုဂံခေတ်က ဒီလိုသမိုင်းအဖြစ်အပျက်ကို ဆင်ခြင်ပြီး လက်ရှိအခြေအနေမှာ ကောင်းကောင်း အသုံးချတတ်ဖို့ လိုပါ့မယ်။ မိဖုရားဖွားစောနဲ့ လက်ရှိဒေါ်အောင်ဆန်းစုကြည်ကို ခိုင်းနှိုင်းခဲ့မယ်ဆိုရင် မိဖုရားဖွားစောရဲ့ စကား(၇)ခွန်းကိုလည်း လက်ရှိကာချုပ်မအလနဲ့ ဘယ်လောက်မှန်နေလဲ ဆင်ခြင်ကြည့်ကြပါ။ လက်ရှိမြန်မာ့တပ်မတော်ဟာ နရသီဟပတေ့ခေတ်ကအတိုင်း ဖြစ်ပြီးတော့ (၁) သယံဇာတကို ခိုးတယ်၊ (၂) ရွှေမန်းလို အမတ်မျိုးကို ဖယ်ရှားပစ်တယ်၊ (၃) ရဟန်းသံဃာတော်များကို သတ်ဖြတ်အသုံးချတယ်၊ (၄) ပညာတတ်တွေ ပြည်ပရောက်ကုန်ကြတယ်၊ (၅) ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်ဖို့ တားဆီးတယ်၊ (၆) ပြည်သူများနဲ့တိုင်းရင်းသူများကို မုဒိမ်းကျင့်သတ်ဖြတ်တယ်၊ (၇) မိမိစစ်သည်တော်များနဲ့ တိုင်းရင်းသားတပ်မတော်သားများရဲ့ အသက်ကို တန်ဖိုးမထားပါ။ ဒါကြောင့် တိုင်းပြည်ပျက်ဖို့ အင်္ဂါတွေ စုံညီလို့ နေပါပြီ။ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပြည်ထောင်စုကြီး ပြိုကွဲမသွားဖို့ ဝင်ထိန်းရမှာ ဖြစ်တယ်။ မအလတို့စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာအပြည့်လွှဲပေးဖို့ လိုပါ့မယ်။

ဒါကြောင့် အချိန်တွေ မနှောင်းခင် ပုဒ်မ ၅၉(စ)ကို ပြင်ပေးပါ။ ပုဒ်မ ၄၃၆ ကို ချက်ချင်းပြင်ပေးပါ။ ဒါ အင်မတန်မှ အရေးကြီးပါတယ်။

URavika





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org