သခင် အောင်ဆန်း နဲ့ မ ရင်အေး တို့ဇာတ်လမ်း

သ ခင် တင် မောင် ( ကျုံ မ ငေး )(17 January 16)




------------------------------------------------------------------------------------------

သခင်အောင်ဆန်း အတွက်ကတော့ မြစ်ဝကျွန်းပေါ် ရွာကြီး တစ်ရွာ က မြေပိုင်ရှင် စက်သူဌေး သမီးကလေး `` မရင်အေး ´´ ကို ကျွန်တော်ရွေးပါတယ်။ မရင်အေးကို ရွေးရတဲ့အကြောင်းရင်းကတော့ မရင်အေးဟာ ရုပ်ရည်ချော သလောက် သဘောလည်း ကောင်းတယ်။
စိတ်လည်း ရှည်တယ်။ ပြီးတော့ သူ့မှာ အုပ်ထိန်းသူဆိုလို့ အမေတစ်ယောက်တည်းဘဲ ရှိတယ်။
အမွေဆိုင်ကလည်း မောင်လေးတစ်ယောက်ပဲရှိတယ်။

အဲဒီ မောင်ကလေးကလည်း ကျွန်တော်တို့ ဒို့ဗမာ အစည်းအရုံးဝင် သခင် တစ်ယောက်ဖြစ်တယ်။
သခင်အောင်ဆန်းနဲ့လည်း ရင်းနှီးတယ်။

သခငေ် အာင်ဆန်းကိုလည်း ကျောင်းသားဘဝကတည်းက ကြည်ညိုလေးစားခဲ့ သူ ဖြစ်တယ်ဆိုပြီး ရွေးချယ်လိုက်တာ ပါပဲ။

သခင်အောင်ဆန်း နဲ့ မရင်အေးတို့ ဇာတ်လမ်းကလေးဟာ တော်တော် ကလေး ရင်နင့်စရာ ကောင်းတဲ့ အဖြစ်အပျက်ကလေးလို့ ဆိုလိုက်ချင်ပါတယ်။
ဒီဇာတ်လမ်းကလေးဟာ ကာယကံရှင်တွေ မဆိုထားနဲ့ ၊ စပ်ကြားက ဇာတ်ဆရာလုပ်မိတဲ့ ကျွန်တော်တောင်မှ ရင်နာခဲ့ရပါတယ်။ ဒီနေရာမှာ ဇာတ်လမ်း အစကို ပြန်ကောက်ရပါလိမ့်မယ်။ သခင်အောင်ဆန်း ဟာ အခုလို ဘဝကြင်ဖေါ် ဖူးစာဘက်ကို ရှာဖို့တို့ ၊ ဘာတို့ကို လုံးဝ စိတ်ဝင်စားခဲ့တဲ့လူ မဟုတ်ပါဘူး။
သူ့စိတ်ဟာ ဟိုတစ်ချိန်တုန်းက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ နဲ့ဗမာပြည်သူတစ်ရပ်လုံး ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာဘဲ အာရုံ စူးစိုက်နေရတဲ့ လူဖြစ်ပါတယ်။





------------------------------------------------------------------------------------------

ဘေးကရဲဘော်တွေက ဒီလို ဒီလိုလုပ်ရမယ် ဆိုလို့သာ သူကသဘောတူ လိုက်ရတယ်။
သူ့သဘောကတော့ ဒီကိစ္စကို ရေးကြီးခွင် ကျယ် မထားဘူး။ ဒီကိစ္စဟာ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မှာဘဲလို့လဲ သဘောထားဟန် တူပါတယ်။ ဘာကြောင့်လည်းဆိုတော့မော်လမြိုင် ညီလာခံပြီး တဲ့ နောက်တစ်လကျော်လောက်အကြာမှာ ကျွန်တော် ရန်ကုန်ကိုရောက် လာပါတယ်။ သခင်အောင်ဆန်းအတွက် မှန်းထားတဲ့ သတို့သမီး မရင်အေး ရဲ့ ဓာတ်ပုံကိုလည်း မရင်အေးတို့မြို့ကို သွားပြီး ယူခဲ့ပါတယ်။

မရင်အေး နဲ့ တွေ့တော့လည်း ကျွန်တော့်အပေါ်မှာ အစ်ကိုအရင်းလို ခင်မင်နေတဲ့မိန်းခလေး ဖြစ်တဲ့အတွက် ကျွန်တော်က .... `` ဟေ့ ... မရင်အေး ၊ ညည်းရဲ့ နောင်ရေးအတွက် အကိုကြီး အစီအစဉ် တစ်ခုလုပ်နေတယ်။ ညည်းဘာမှ ဂျီးမများရဘူးနော်။ အကိုကြီးသဘော အတိုင်း စီစဉ်လိုက်မယ်။ ညည်းဓာတ်ပုံ တစ်ပုံသာ ပေးလိုက်ပေတော့ ´´

မရင်အေးက ရှက်ကိုး ရှက်ကန်းနဲ့ ....
`` ဟာ ... အကိုကြီးကလည်း ရှက်စရာကြီး။ ညီမအတွက် ဒီလို အလုပ်မျိုးကို လုပ်နေရသလား ´´
လို့ ပြောပြီး သူ့ဓာတ်ပုံကို ထုတ်ပေးလိုက်ပါတယ်။ ဒို့ဗမာ အစည်းအရုံးဌာန ချုပ်မှာသခင်အောင်ဆန်း နဲ့ တွေ့ကြတော့ ကျွန်တော်က ...

`` ကဲ ... ဆရာကြီး ၊ ခင်ဗျားနဲ့ မှန်းထားတဲ့ သတို့သမီးလောင်းကလေးရဲ့ ဓာတ်ပုံကိုယူလာခဲ့တယ်။ ခင်ဗျားကတော့ ကြိုက်သလား ၊ မကြိုက်ဘူးလား မသိဘူး။ ကျွန်တော့်မှာတော့ တကူးတကန့် သွားယူခဲ့ရတယ်။ ထမင်းကြွေး မယ်သာကြံပေတော့ ´´ လို့ ပြောလိုက်တော့ သခင်အောင်ဆန်းက ....

`` ဟေး ... ခင်ဗျားတို့ ဒီကိစ္စကို တစ်ကယ်လုပ်နေကြတာလား။ ကျုပ်က ဒီကိစ္စဟာအလကားပြောနေကြတာလို့ထင်နေတာဗျ။ မော်လမြိုင်မှာ ပြောပြီးကတည်းကကျုပ်ဖြင့် တစ်ခါမှ မစဉ်းစားမိပါဘူးဗျာ ´´

သခင်အောင်ဆန်းဟာ အိမ်ထောင်ရေးထက် ဗမာ့ လွတ်လပ်ရေးကိုသာ အလေးအနက်ထားတယ် ဆိုတာဟာ ထင်ရှားပါတယ်။ နောက်ပြီး သခင်အောင်ဆန်းကပြောသေးတယ်။

`` အဟုတ်ပြောတာပါဗျာ။ ကျုပ်တော့ မိန်းမယူဖို့ စိတ်မကူးသေးဘူး။ ခင်ဗျားတို့ပြောတာတွေကိုလည်း မယုံမိဘူး။
အခု ခင်ဗျားက ဓာတ်ပုံတွေ ဘာတွေ ယူလာတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလိုများ ဖြစ်နေ တာလားဗျာ ´´ လို့ ပြောပြီး ဓာတ်ပုံကို သေသေချာချာ စိုက်ကြည့်နေပါတယ်။ ပြီးတော့ သက်ပြင်းရှည်ကြီးချလိုက်ပြီး ....


`` ခက်တာပဲဗျာ။ သူကလေးကို မြင်ရတာ ကျွန်တော်လိုကောင်နဲ့ မတန် ပါဘူးဗျာ။ သနားစရာ ကောင်းပါတယ်။ ကျုပ်တို့က ရှေ့လျှောက်ပြီး ဘာတွေ လုပ်လို့ ၊ ဘာတွေဖြစ်မယ်မှန်း မသိနိုင်တဲ့လူစားတွေဗျ။ သူတို့လို နုနုနယ်နယ် ကလေးတွေနဲ့ ကျုပ်တို့ရဲ့ခရီးကြမ်းနဲ့ မဖြစ်သေးပါဘူးဗျာ။ ပြီးတော့လည်း ကျုပ်တို့က တစ်ကယ့် မေတ္တာနဲ့ချစ်လို့ ကြံစည် ကြတာလဲ မဟုတ်။ သူ့ကို ယူပြီး သူ့ပိုက်ဆံ နဲ့ နိုင်ငံရေးလုပ်ဖို့ကြံကြတာ။ ဒါဟာ မတရားဘူးဗျ။ မှန် လည်း မမှန်ဘူး ´´ လို့ ဇွတ်ငြင်းနေပါတော့တယ်။

အဲဒီလိုနဲ့ နောက်မကြာခင်မှာပဲ မရင်အေးတို့ ခရိုင်မှာ ဒို့ဗမာအစည်းအရုံး ညီလာခံကျင်းပတယ်။ အဲဒီ ညီလာခံကို သခင်အောင်ဆန်းနဲ့ ကျွန်တော်တို့ နှစ်ယောက် ဌာနချုပ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ကြပါတယ်။ ကျွန်တော်ကတော့ ညီလာခံကိုသွားကတည်းက စိတ်ထဲမှာ ` တစ်ချက်ခုတ် ၊ နှစ်ချက်ပြတ် ´ သဘောနဲ့ တက်ခဲ့တာဖြစ်ပါတယ်။

ညီလာခံအပြီးမှာ မရင်အေးတို့အိမ်ကို ကျွန်တော်တို့ သွားကြပါတယ်။ ညီလာခံကျင်းပတဲ့ မြို့နဲ့က သိပ် မဝေးလှဘူး။ မရင်အေးတို့အိမ် ရောက်လို့ မရင်အေး ကိုလည်းတွေ့လိုက်ရော ၊ သခင်အောင်ဆန်းဟာ မျက်စိပျက် ၊ မျက်နှာပျက် နဲ့ ....

`` ဟေ့လူ .. ဘယ်လို လုပ်လိုက်တာလဲ။ ခင်ဗျား ကျွန်တော့်ကို တကယ် ဂျောက်ကျအောင် လုပ်နေပြီ ထင်တယ် ´´ လို့ ပြောပါတယ်။

မရင်အေး ခမျာမှာတော့ ဘာအကြောင်းမှ မသိ်ရှာသေးဘူး။ သူ့ ဓာတ်ပုံကို ကျွန်တော်ယူလာတုန်းက ဘယ်သူ ဘယ်ဝါကို ပြဖို့ ဆိုတာ မပြောခဲ့တော့ အခြေအနေမပျက် ကျွန်တော်တို့ စားဖို့၊ သောက်ဖို့တွေကိုသာ လုပ်ကိုင်နေ ရှာပါတယ်။ မရင်အေးတို့အမေကြီးကတော့ ကျွန်တော်တို့လူငယ်တွေ လွတ် လွတ်လပ်လပ် နေကြနိုင်အောင် ဘုန်းကြီးကျောင်းကို ထွက်သွားပါတယ်။ အကြောင်းမသိသေးတဲ့ မရင်အေးက အိန္ဒြေမပျက်ပေမယ့် သခင်အောင်ဆန်း ကတော့ မနေတတ် ၊ မထိုင်တတ်နဲ့ အိမ်အပြင်ဘက်ကိုသာ စိုက်ကြည့်နေပြီး ငိုင်နေရှာပါတယ်။

ထမင်းစားသောက်ပြီးတော့ ကျွန်တော်တို့နှစ်ယောက်က အိမ်ခေါင်းရင်းခန်းမှာ ပက်လက်ကုလားထိုင်နှစ်လုံးနဲ့ ထိုင်နေကြတယ်။ မရင်အေးက လဖက်ရည် ကြမ်းနဲ့အချို အချဉ်ပွဲ လာချတော့မှ ကျွန်တော်က မရင်အေးကို စကားပြော ကြရအောင် ဆိုပြီးအနားမှာ ထိုင်ခိုင်းလိုက်ပါတယ်။ မရင်အေးကလည်း ရိုရိုသေသေ အကိုကြီးအရင်းတွေကို ပြုစုကျွေးမွေးနေရသလို ပြုံးပြုံးရွှင်ရွှင် နဲ့ဘဲ အနားမှာ ထိုင်ရှာပါတယ်။ ကျွန်တော်ကမရင်အေး နဲ့ သခင်အောင်ဆန်း ကို မိတ်ဖွဲ့ပေးလိုက်ပါတယ်။ မရင်အေးကလည်း သခင်အောင်ဆန်းမှန်း သိ ပါတယ်။ သတင်းစာထဲမှာ ဓာတ်ပုံကို မြင်ဘူးပါတယ်လို့ ပြန်ပြော လိုက် ပါတယ်။ အဲဒီအချိန်မှာ သခင်အောင်ဆန်းက ဆိုင်းမဆင့် ၊ ဗုံမဆင့် နဲ့ ....

`` ဒီမယ် ... မရင်အေး ၊ ခင်ဗျား အကိုကြီး သခင်တင်မောင်ဟာ ကောင်းတဲ့ လူမဟုတ်ဘူးဗျ။ ခင်ဗျား ဓာတ်ပုံကိုယူလာပြီး ကျွန်တော့်ကို ပြတယ်ဗျ။ ကျွန်တော်ကဘာမှ သိရတာလည်း မဟုတ်ဘူး။ သူတို့တစ်တွေက အကြံကြီး ကြံနေကြတယ်။ခင်ဗျားရဲ့ ပိုက်ဆံနဲ့ ကျွန်တော် နိုင်ငံရေးလုပ်အောင် ဆိုပြီး စီစဉ်နေကြတယ်ဗျ ´´

လို့ ပြောချလိုက်ရော။ ကျွန်တော်လည်း အံ့အားသင့်နေပြီး ဘာမှ မပြော တတ်အောင်ဖြစ်နေတုန်းမှာ မရင်အေးဟာလည်း တခါထဲ မီးဖိုခန်းထဲကို ဝင်ပြေးပါလေရော။ မရင်အေးနောက်ကို ကျွန်တော် ဝင်လိုက်သွားပြီး အစအဆုံး ကျွန်တော်တို့ရဲ့ စီမံကိန်းကိုဖွင့်ဟ ဝန်ခံလိုက်ပါတယ်။ မရင်အေးကိုလည်း စိတ်မဆိုး ဖို့ ေ တာင်းပန်ရပြန်ပါတယ်။မရင်အေးဟာ တော်တော်ကြာကြာကြီး တွေနေ ပါတယ်။ နောက်တော့ သူ့ဟာသူအိမ်ရှေ့ခန်းကို ထွက်သွားပြီး သခင်အောင် ဆန်း အနားမှာဘဲ သွားထိုင်ပါတယ်။ကျွန်တော်ကတော့ လိုက်သွား ရ ကောင်းမလား ၊ မလိုက်ဘဲ နေရ ကောင်းမလား ဆိုပြီး ဝေခွဲ လို့မရခင်မှာ ဘဲ မရင်အေးက ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါတယ်။ကျွန်တော်လည်း ထိုင်မိရော၊ မရင်အေးက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပုံကတော့ .... ့

့ `` ဒီမယ် ... အကိုကြီး ၊ အကိုကြီးတို့ နှစ်ယောက်စလုံးကို အကိုအရင်းလိုဘဲ ကျွန်မ သဘောထားပါတယ်။ မောင်လေးကလည်း အကိုကြီးတို့ကို သိပ်ချစ် တယ်။သိပ် ကြည်ညိုတယ်။ မေမေ ဆိုတာကလည်း အကိုကြီးတို့တစ်တွေကို အင်မတန်လေးစားပါတယ်။ ဒီတော့ အခုလို အကိုကြီး စီစဉ်တာဟာ ဘာမှ အပြစ်ပြောစရာမရှိပါဘူး။ ဒီကိစ္စမှာ ကျွန်မသဘောကတော့ အကိုအောင် ဆန်း နဲ့ ကျွန်မနဲ့ဟာမတန်ပါဘူး။ ကျွန်မတို့ဟာ တောသူတွေပါ။ တော မှာနေပြီး တောသူပီပီဘဲ နေတတ် စားတတ်ပါတယ်။ အကိုအောင်ဆန်းတို့ ကတော့ နောက်ဆိုရင် တိုင်းပြည်ရဲ့ခေါင်းဆောင်ကြီးတွေ၊ တိုင်းပြည်အုပ်ချုပ် တဲ့ ဝန်ကြီးတွေ၊ ဘာတွေ ဖြစ်ကြဦးမှာပါ။ဒီတော့ ကျွန်မတို့လို တောသူတွေနဲ ့ဆိုရင် မဖြစ်ပါဘူး။ ဒီလိုပြောတာဟာ အကိုအောင်ဆန်းကို ကျွန်မ မချစ် လို့၊ မခင်လို့ ပြောတာ မဟုတ်ပါဘူး။ အကိုအောင်ဆန်းတို့ ပါရမီကို ညီ မလေး တစ်ယောက် အနေနဲ့လည်း ဖြည့်လို့ ရပါတယ်။ ပိုက်ဆံလိုချင်ရင်လည်း တောင်းကြပါ။ မေမေ သိအောင်တစ်မျိုး၊ မသိအောင် တစ်မျိုးပေးရင်လည်း ပေးလို့ ရပါတယ်။ ကျွန်မရော၊ မောင်လေးကရော အ ကိုကြီးတို့နိုင်ငံရေး လုပ်တာကို လေးစားနေကြတာပဲ။ နောက်ဆုံး ... အကို ကြီးတို့ လိုတဲ့ ငွေက သိပ်များနေရင် မေမေ မသိအောင် ညီမပေးမှာပေါ့ ´´ လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။

ကျွန်တော်က ဘယ်လို ပြန်ပြောရမလဲလို့ စဉ်းစားနေတုန်း သခင်အောင်ဆန်း က ....

`` ဟုတ်တယ်။ ခင်ဗျားပြောတာ မှန်တယ်။ မှန်တယ် ဆိုတာက နိုင်ငံရေး ပါရမီကိုဘယ်အနေနဲ့ဘဲ ဖြစ်ဖြစ်၊ ဖြည့်ဆည်းလို့ ရတယ်ဆိုတာကို ပြောတာ။ ခင်ဗျား ပြောသလို ညီမတစ်ယောက် အနေနဲ့ပဲ ဖြည့်ပါမယ် ဆိုတာကို ကြိုက်ပါတယ်။ ဒါပေမယ့် ကျုပ်တို့က ဝန်ကြီးတွေ၊ ဘာတွေ ဖြစ်မှာမို့ ခင်ဗျား တို့လို တောသူတွေနဲ့ မတန်ပါဘူးဆိုတဲ့ဟာကတော့ မဟုတ်သေးဘူး။ ဝန် ကြီး ဆိုတဲ့ကောင်ကရော ဘာကောင်မို့လဲ။မိုးကျ ရွှေကိုယ်လည်း မဟုတ်ပါ ဘူး။ တောသား ပါပဲဗျ။ တောရွာ ဇနပုဒ်က တောမှာမွေးခဲ့တဲ့အကောင် ပါဗျ။ ခင်ဗျားပြောတဲ့ တောသူမို့လို့ မတန်ပါဘူး ဆိုတဲ့စကားကိုပြန် ရုပ်သိမ်း လိုက်ပါဗျာ ´´ ဆိုပြီး ဟဲ ဟဲ ... ဟဲဟဲ နဲ့ သဘောကျနေပါတော့တယ်။

ကျွန်တော့် ဝမ်းထဲမှာတော့ ကိုယ့်လူက ဒီလိုတော့လည်း အပြေလည်သား ပါကလား။ချစ်ရေးဆိုပုံကလေးကလည်း မခေပါကလား လို့ ပီတိ ဖြစ်လိုက် မိပါတယ်။ ကျွန်တော်တို့ပြန်ခါနီးမှာ မရင်အေးက သူ့မေမေဆီမှာ ကျွန်တော် တို့အတွက် အထွေထွေသုံးဖို့ငွေ ၁၀ဝကျပ် ပေးလိုက်မယ်လို့ ပြောပြီး ကျွန်တော် တို့ကို စာအိတ်နဲ့ ထည့်ထားတဲ့ ပိုက်ဆံကိုပေးလိုက်ပါ တယ်။ သင်္ဘောပေါ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့မှ ရာတန် ( ၃ ) ရွက်ဖြစ်နေ တာကို တွေ့ရပါတယ်။ ဟိုခေတ်က ငွေ ၃ဝဝ ကျပ်ဆိုတာ နည်းနည်းနောနောတန်ဖိုး မဟုတ်ပါ။

သခင်အောင်ဆန်း နဲ့ မရင်အေး တို့ ဇာတ်လမ်းကတော့ အခုအတိုင်းဘဲ အဆင်ပြေပြေနဲ့ စခဲ့ကြတာပါပဲ။ ဒါပေမယ့် မကြာပါဘူး။ အဲဒီညီလာခံ မှာ ဟောခဲ့တဲ့ တရားကြောင့် သခင်အောင်ဆန်းဟာ ဆုငွေ ( ၅ ) ကျပ် အထုတ်ခံရတဲ့ ဘဝကို ရောက်ခဲ့ရပါတယ်။ အဲဒီ ဝရမ်းကို ရှောင်ရင်းတိန်းရင်း ကနေပြီး ဗမာပြည်အပြင်ဘက်ကို ရောက်သွားရတယ်။ နောက် ရဲဘော်သုံးကျိပ်ကို ဦးဆောင်လာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗမာ့ လွတ်လပ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း အဖြစ်နဲ့ ဗမာပြည်ကို ပြန်ရောက်တဲ့အချိန်မှာ မရင်အေးကတော့ မျှော်သလင့်လင့်နဲ့ ရှိနေရှာပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ကတော့ အထက်ဗမာပြည် သိ်မ်း ပိုက်နိုင် ဖို့အတွက် ဆက်လက် စစ်ချီနေရှာပါတယ်။

သ ခင် တင် မောင် ( ကျုံ မ ငေး )
အိုးဝေ ဂျာနယ် ၊ အမှတ် - ၂၅ ။ ( ၁၅. ၈. ၁၉၆၉ ) နေ့ထုတ်မှ..








----------------------------------------------------------------------------------





----------------------------------------------------------------------------------



Thein Junior တရာတန်ကဟိုးတုန်းကထဲရှိပါတယ်။
အဲဒီတုန်းက တရာတန်က (တစ်ရာဟုမခေါ်ပါ) ဒီပုံနဲ.တူတယ်။
သိပ်မသေချာပါ၊ ဂျပန်မတက်ခင်ကာလ၊ ဂျပန်ခေတ်နဲ. ဂျပန်အဆင်းဖက်ဒရယ်အစိုးရလက်ထက်တွေမှာ ပိုက်ဆံတွေတမျိုးမျိုးပြောင်းခဲ့ပါတယ်။
(မှတ်ချက်- တစ်ရာဆိုသည့်သုံးအနှုန်းကို ဦးနေဝင်းလက်ထက်ကထွင်ခဲ့သည်။
မြန်မာနိုင်ငံဟု လွတ်လပ်ရေးရပြီးမှသုံးခဲ့သည်။ အင်္ဂလိပ်လို Burma ကို Myanmar ဟု နဝတ လက်ထက်ကျမှပြောင်းခေါ်ခဲ့သည်)

Koko



----------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org