ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုနှင့် ဖမ်းဆီးရန် ဗြိတိသျှအစိုးရ အကြံ

Min Soe Naing(2 December 15)




--------------------------------------------------------------------


(၁)
နိုင်ငံရေးသုတေသီ။ ။ "တစ်နေ့က ပြည်မြန်မာသတင်းစာမှာ ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ ဗြိတိသျှ အစိုးရကို တိုင်ကြားတဲ့ ကိစ္စမှာ နောက်ဆုံး ဘာဖြစ်သွားသလဲ"
တက္ကသိုလ်စိန်တင်။ ။ " ဗြိတိသျှ အစိုးရက ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးအရေးယူဖို့ ပုလိပ်အရာရှိနဲ့ အဖွဲ့ကို စေလွှတ်လိုက်ပြီးမှ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးခြင်း မပြုဖို့ အမိန့်ထပ်ပို့တယ်။"


နိုင်ငံရေးသုတေသီ။ ။"ကြားရတဲ့ သတင်းစကားက သည်းထိတ်ရင်ဖို ဝတ္ထုတစ်ပုဒ် ဖတ်ရသလိုပဲ။ ဘယ်လိုဖြစ်တာလဲ။ သမိုင်းနောက်ခံဖြစ်ရပ်မှန်ကို ပြောပြစမ်းပါဦးဗျာ။ "
တက္ကသိုလ်စိန်တင်။ ။ " အဲဒီကိစ္စက ယမန်နေ့က ပြည်မြန်မာနေ့စဉ်ထုတ်သတင်းစာမှာ ဖော်ပြပါရှိသလိုပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ ဂျပန်ပြည်သွားပြီး မြန်မာပြည်လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့တဲ့ ရဲဘော်အချင်းချင်း အာဃာတမှားယွင်းမှုတွေ လွန်ကဲလာရာက ဒီအမှုကို စတင်ဖော်ထုတ်လာသူ သခင်ထွန်းအုပ်လဲ ကွယ်လွန်ချိန်အထိ အများပြည်သူ အထင်သေး၊ အမြင်သေး ခံရရှာတယ်။ "


နိုင်ငံရေးသုတေသီ။ ။ ' နောက်လူတွေ နိုင်ငံရေးသံဝေဂပွားရအောင် ပြောပြပါဦးဗျာ။ "
တက္ကသိုလ်စိန်တင်။ ။ " ဒီဖြစ်ရပ်ကို ပြောပြချင်နေတာနဲ့ အတော်ပါပဲဗျာ"

နိုင်ငံရေးသုတေသီ။ ။ ' ပြောချင်တဲ့လူက ပြောချင်သပဆိုရင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ကောင်းကောင်းကြီး နားဆင်ပါ့မယ်ဗျို့ "


(၂)
ထိုနေ့မှာ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ဖြစ်သည်။ အရာရှိမဟုတ်သော မြန်မာအမျိုးသား ၃၅ ဦးကို ဘုရင်ခံက တိုက်ရိုက်ခန့်အပ်သော ဥပဒေပြုကောင်စီသည် ထိုနေ့က ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပသည်။

ထိုအခမ်းအနားတွင် ဘုရင်ခံအမှုဆောင်ကော်မတီဝင် သခင်ထွန်းအုပ်က ဘုရင်ခံကို ဤသို့ဖွင့်ဟ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်ချီတက်လာစဉ် မိမိ(သခင်ထွန်းအုပ်)သည် ဂျပန်စစ်တပ်နောက်မှ လိုက်ပါခဲ့သည်။ ထိုစဉ်က သထုံမြို့အနီး ရွာတစ်ရွာသို့ ရောက်ရှိခဲ့သည်။ ရွာသူကြီးမှာ အိန္ဒိယအမျိုးသားတစ်ဦး ဖြစ်သည်။ ထိုရွာသူကြီးဖြစ်သူသည် ဗြိတိသျှစစ်တပ်နှင့် အဆက်အသွယ်ပြု၍ ရွာသားများအား စည်းရုံးခဲ့သည်။ ဂျပန်တပ်များကို ဆန့်ကျင်ရန် ရွာလူထုအား သွေးထိုးလှုံ့ဆော်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိလုပ်သော စစ်ခုံရုံးက ထိုသူကြီးကို ဖမ်းဆီးစစ်ဆေးပြီး သေဒဏ်ပေးခဲ့သည်။ တရားခံသူကြီးအား အပြစ်စီရင်သောအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဓားဖြင့် ခုတ်သတ်ခဲ့သည်။ သို့သော တရားခံမှာ ပွဲချင်းပြီး မသေခဲ့၍ တပ်သားတစ်ယောက်အား အသတ်ခိုင်းလိုက်ရသည်။ ထိုပြစ်မှုမှာ လူသတ်မှု ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးစစ်ဆေး၍ တရားစွဲသင့်ပါသည်။

သခင်ထွန်းအုပ်က ဘုရင်ခံအမှုဆောင် ကောင်စီတွင် အကျယ်တဝင့် ပြောဆိုခဲ့သည်။ သခင်ထွန်းအုပ်က ဗိုလ်ချုပ်အောင်ဆန်းအပေါ် ထိုသို့ စွပ်စွဲခြင်း သတင်းများ နေ့စဉ်သတင်းစာများ၌ အကျယ်တဝင့်ပါရှိလာသည်။

ဥပဒေပြုကောင်စီတွင် သခင်ထွန်းအုပ်က ဗိုလ်ချုပ်အောင်ဆန်းအပေါ် လူသတ်မှုဖွင့် တရားစွဲရန် ကိစ္စအပေါ် မည်သို့လုပ်သင့်သည်လည်း ဗြိတိသျှအရာရှိများ တိုင်ပင်ဆွေးနွေးကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ထုတ်ဖော်ပြောဆိုချက်မှာ မိမိသည် တရားမျှတစွာ စည်းကမ်းထိန်းသိမ်းပြုခဲ့သည်။ ဥပဒေအရ သေဒဏ်ပေးခဲ့ရသည်။ ထိုသို့ စီရင်မှုအတွက် တာဝန်ယူသည်။ တရားမျှတသော စုံစမ်းစစ်ဆေးမှုကို မိမိခံယူမည်ဟု သတင်းစာဆရာများကို ရဲဝံ့စွာ ပြောလေ၏။






--------------------------------------------------------------------


· မြန်မာပြည်ဘုရင်ခံသည် ဗိုလ်ချုပ်အောင်ဆန်းကို တရားစွဲဖမ်းဆီးရန် မိမိအင်အားကို တွက်ချက်ကြည့်ရာ ဗိုလ်ချုပ်အောင်ဆန်းကို တရားစွဲဖမ်းဆီးလျှင် ပြည်သူတို့အုံကြွဆူပူလာမည်ကို ကြိုတင်မြင်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူ့ရဲဘော်ခေါ် တော်လှန်ရေးစစ်ပြန် တိုက်ရည်ဝ တပ်သားသုံးသောင်းကျော်ရှိသည်။ ထိုရဲဘော်တပ်သားသုံးသောင်းကျော်၏ တော်လှန်ရေးပြန်လက်နက်ဟောင်းများ၊ မီးကြိုးမောင်းပျက်များကို ပုလိပ်တပ်ဖွဲ့တွင်အပ်နှံသည်။ အတည်မပြုသော သတင်းများအရ တောထဲတွင် မြေမြုပ်သိမ်းဆည်းထားသော စစ်သုံးလက်နက် များစွာဝှက်ထားသည်ဟု ဆိုသည်။

စင်ကာပူတွင် ဌာနချုပ်လုပ်ထားသော မဟာမိတ်ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်က မြန်မာပြည်၌ ဆူပူထကြွခဲ့လျှင် နှိမ်နင်းရန် စစ်တပ်အကူပေးပို့စရာ မရှိဟု သတင်းပေးသည်။

အိန္ဒိယပြည်ရှိ မဟာမိတ်တပ်ပေါင်းစုမှူး ဂျင်နရယ် ဘရစ်ကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းလျှင် အိန္ဒိယရှိ လွတ်လပ်ရေးတိုက်ပွဲဝင် မစ္စတာ ပဏ္ဍိ နေရူးတို့က လူစု၍ ဆူပူလိမ့်မည်။ သူတို့ကို နှိမ်နင်းရန် မလွယ်ဟု ဆိုသည်။

သို့သော် ဥပဒေသည် ဥပဒေသာလျှင် ဖြစ်သည်။ ဥပဒေကျူးလွန်သူ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်ပုလိပ်အဖွဲ့က ဖမ်းဆီးရန်မှတပါး အခြားနည်းလမ်း မရှိ။ ထို့ကြောင့် -

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ကြေးနန်းသတင်းသည် မြန်မာပြည်ဘုရင်ခံ ဆာဒေါ်မန်စမစ်ထံ ရောက်လာသည်။ " ဗိုလ်ချုပ်အောင်ဆန်းကို ယနေ့ပင် လူသတ်မှုနှင့် ဖမ်းဆီးလိုက်ပါ။ "

ဤသို့ဖြင့် မြန်မာပြည်ပုလိပ်မင်းကြီးသည် ရာဇဝတ်အုပ်နှင့် ပုလိပ်တပ်ဖွဲ့တစ်ဖွဲကို ဗိုလ်ချုပ်အောင်ဆန်းအိမ်သို့ လက်နက်စုံညီကိုင်ဆောင်စေ၍ လွှတ်လိုက်သည်။ သို့သော် -

ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် အမိန့်ကို ပယ်ဖျက်သော အမိန့်ကို လန်ဒန်က ထပ်ရောက်လာသည်။ " အောင်ဆန်းကို မဖမ်းရ "

ဖြစ်ရပ်မှာ သီသီလေးပင်။ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် သွားသော ပုလိပ်အဖွဲ့ကို လမ်းခရီးမှာပင် နောက်ကလိုက်လံတားဆီးသော ပုလိပ်အဖွဲ့က မီလာသည်။


(၃)
နိုင်ငံရေးသုတေသီ။ ။ "ဗိုလ်ချုပ်အမှုက သည်းထိတ်ရင်ဖိုပဲဗျာ"
တက္ကသိုလ်စိန်တင်။ ။ " ဒါတွေဟာ သမိုင်းဖြစ်ရပ်မှန်ပါပဲ"

+++++++++++++++++++++++

[ Min Soe Naing





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org