ဗိုလ်နေဝင်း ဖော်စပ်သော နိုင်ငံတော်မွဲဆေး

ကြေးမုံဦးသောင်း(29 November 15)


ဒီမိုကရေစီအစိုးရခေတ်က ဗိုလ်ချုပ်ကြီးနေဝင်း အဖြစ် စစ်တပ်ကို ကွပ်ကဲစဉ်က လာဘ်လာဘကို ရှောင်ကြဉ်သူတဦး ဖြစ်ခဲ့ပါသည်။
မြင်းပွဲများသို့ အမြဲသွားသူ ဖြစ်စေကာမူ အစိုးရပိုင်သော ငွေ၊ တပ်၏ငွေများကို ထိသူမဟုတ်ပါ။ သန့်ရှင်းသူ ဖြစ်ပါသည်။

တခါတွင်ဇနီးဖြစ်သူ ဒေါ်ခင်မေသန်းက အော်တိုကား ကုမ္မဏီနှင့် ဆက်သွယ်ကာ Hillman မော်တော်ကားများကို တပ်မတော်မှ အရာရှိများကို လဆိုင်းစနစ်နှင့်ရောင်းချရန် စီစဉ်ပါသည်။ ဒေါ်ခင်မေသန်းက ကော်မရှင်ပွဲခ ရယူမည့် အစီအစဉ်ကို သိသည်နှင့် တပြိုင်နက် ဒေါ်ခင်မေသန်းကို ရိုက်နှက်ဆုံးမကာ စီမံကိန်း ကို ဖျက်လိုက်ပါသည်။ ဖြောင့်မတ်သူ ဖြစ်ပါ သည်။





------------------------------------------------------------------------------------

၁၉၅၈ ခုနှစ် အာဏာသိမ်းစဉ်ကလည်း ငွေကြေး ကိစ္စတွင် သူကိုယ်တိုင် သန့်ရှင်းစွာ ကျင့်သုံးပြီး လက်အောက် ဗိုလ်မှူးကြီးများကို သန့်ရှင်းကြရန် တင်းကျပ်စွာ အမိန့်ပေးခဲ့ပါသည်။ ၁၉၆၁ ခုနှစ်က ထိပ်သီးစစ်ဗိုလ်ကြီး (၁၃) ဦး ဖယ်ရှားစဉ် စစ်ဆင်ရေးရန်ပုံငွေ ဖြတ်တောက် လာဘ်စားမှုမှ စတင်ကာ ငွေကြေးမသမာမှုများ ကို အရေးယူသည် ဖြစ်ပါသည်။

သို့သော် ၁၉၅၇ ခုနှစ်တွင် အေဒီလမ်း အင်းလျား ကန်ထိပ်တွင် စစ်ဦးစီးချုပ်နေထိုင်ရန် အိမ်ဆောက် စဉ်ကမူ ဇနီးဒေါ်ခင်မေသန်း ဟောင်ကောင်သို့သွား ကာ အိမ်ဆောက်ပစ္စည်များ၊ ဟိုင်ဖိုင်ဓာတ်ပြား၊ တိတ်ပြား၊ ဓာတ်စက်များ ဝယ်ယူစေခြင်းတို့ ပြုလုပ် သောအခါ နိုင်ငံရေးရပ်ကွက်က မျက်လုံးပြူးကာ ကြည့်ကြပါသည်။

“မင်း နေဝင်းဆောက်တဲ့ အိ်မ်ကို မြင်ပြီးပြီလား၊ အိမ်မဟုတ်ဘူး၊ နန်းတော်ကွ နန်းတော်” ဟု ဒေါက်တာ ဘမော်က စာရေးသူအား ပြောပြပါ သည်။

“ငါလည်း အာဏာရတုန်းက အနားယူတဲ့အချိန်မှာ နေဖို့ ကိုယ်ပိုင်အိမ်ဆောက်ခဲ့တယ်။ ကျော်ငြိမ်းတို့၊ ချစ်မောင်တို့လည်း ကိုယ်ပိုင်အိမ်ဆောက်ကြတာပဲ။ အတွင်းဝန်တွေ၊ ဝန်ထောက်မြို့အုပ်တွေလည်း ကိုယ်ပိုင်အိမ်ဆောက်ကြတယ်ဆိုတာ တနေ့ရာထူး ပြုတ်တဲ့အခါ အနားယူတဲ့အခါ အတွက် အိမ်ဆောက် ကြတာဟာ မဆန်းဘူး။

နေဝင်းက သူကိုယ်ပိုင်ဆောက်တာမဟုတ်ဘူး၊ တပ်မတော်ဦးစီးချုပ် နေဖို့ အိမ်ကို ဒီလိုအပင်ပန်း ခံပြီး ဆောက်တာဟာ ဒီကောင် တသက်လုံး ရာထူး က မဆင်းတော့ဘူးကွ” ဟု သူက ကောက်ချက်ချခဲ့ ပါသည်။

သူတသက်လုံး နေထိုင်ရန်အိမ်ကို အခွန်တော်ငွေနှင့် ဆောက်ပြီး နောက်ပိုင်းတွင် ၁၉၆၂ ခုနှစ် အာဏာသိမ်း ပြီးချိန်မှစတင်ကာနိုင်ငံ၏ ဓနစွမ်းအားမှန်သမျှ၊ နိုင်ငံပိုင် ပစ္စည်းပစ္စယမှန်သမျှ သူ၏ မိသားစုပိုင်၊ ဘိုးဘွားပိုင် ပစ္စည်းများအဖြစ် ထင်သလို စားသုံးပါတော့သည်။

ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်ကြီး၏ အဝင်ဝတွင် ကော်ဖီဆိုင်ကလေးတခု ဖွင့်ထားပါသည်။ များသော အားဖြင့် ထိုဆိုင်တွင် လာရောက်စားသောက်သူမရှိပါ။ ဟိုတယ်သို့ တကူးတက လာရောက်သောက်နိုင်သူ ရှားပါးသည်။ တင်မောင်နှင့် သတင်းစဉ်အယ်ဒီတာ သန်းစိန်ထွန်း၊ မောင်မောင်ညိုတို့သည် နိုင်ငံခြားဧည့် သည်များကိစ္စ၊ပြန်ကြားရေးဝန်ကြီးဌာန၏ ဧည့်ခံပွဲများ ပြုလုပ်ရေး ကိစ္စများအတွက် အင်းလျားကန်ဟိုတယ် သို့ မကြာခဏ သွားရလေ့ရှိပါသည်။ သွားလေတိုင်း ဟိုတယ်ပေါက်ဝတွင် ဖွင့်ထားသော အထူးကော်ဖီဆိုင် Expreeso ကော်ဖီခါးသောက်ကြလေ့ရှိပါ၏။ ရံဖန်ရံခါ တွင် သန်းစိန်ထွန်းက မုန့်ပဲသရေစာ ဒါယကာခံရှာပါ သည်။ ဈေးကလည်း ကြီးလှသဖြင့် အမြဲကော်ဖီ မသောက်နိုင်ဘဲ ထိုင်ရုံသာ ထိုင်ခဲ့သည်လည်း ရှိပါ သည်။

ဖြူဖြူချောချော ထောင်ထောင်မောင်းမောင်း ကျောင်းသူ တဦးနှင့် ကျောင်းသူအဖွဲ့ကိုမကြာခဏ တွေ့ရပါသည်။ ကျောင်းသူတို့ အုပ်စုက ဈေးမမေး ဘဲ တန်းဖိုးကြီးသော မုန့်များကို အဝအပြဲစားနိုင်ကြ သည်ကို သတိပြုမိသဖြင့်ငွေရှင်းလျှင်မည်သူက ပေး သနည်းဟု စောင့်ကြည့်မိပါသည်။ဘယ်လောက်ကျ သနည်းဟုမမေးပါ၊ ငွေစာရင်းတောင်းခံလွှာမတောင်း ပါ။ စားသောက်ပြီးတပျော်တပါးထွက်သွားကြပါသည်။

စားပွဲထိုးကလေးကို မေးကြည့်မိပါသည်။ “ဗိုလ်ချုပ်ကြီးရဲ့သမီး ဆေးကျောင်းသူ စန္ဒာဝင်းနှင့် သူရဲ့သူငယ်ချင်းတွေလေ။ တော်တော်ကြာ တခြား သမီးတွေ လာကြဦးမယ်။ ဒီဆိုင်က သူတို့တတွေ နေ့လည်စာစားဖို့ ဖွင့်ပေးရတာပါ။ သူတို့က ဘယ် တော့မှ ပိုက်ဆံမပေးဘူး” ဟု ဖြေပါ၏။

ဗိုလ်နေဝင်းက နိုင်ငံပိုင် ပစ္စည်းမှန်သမျှ သူ၏ မိသားစုပိုင်အဖြစ် စားသုံးစေသူ ဖြစ်သည်။ သူ၏ သားသမီးများသာမက အပေါင်းဖော်များပါ ထင်သလို စားသုံးကြစေပါသည်။ သားသမီးများမှာ ငယ်စဉ်ကပင် ဒါတို့ပြေ၊ ဒါတို့မြေ၊ ဒါငါတို့မြေဟု နိုင်ငံတခုလုံးကို အပိုင်စားစေဟု စိတ်ဓာတ်သွင်း ထားပါသည်။

၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အာဏာသိမ်း ပြီးနောက် (၃) လခန့်အကြာ ဇူလိုင်လ (၇) ရက် လူ သတ်ပွဲ အပြီးတွင် “ခေါင်းရှုပ်တယ်” ဟု ဆိုကာ လန် ဒန်သို့ ထွက်သွားပါသည်။ ထိုကာလမှ စတင်ကာ တနှစ်လျှင် (၄) ခေါက်မျှ၊ (၄)လမျှ နိုင်ငံခြားသို့ သွား ရောက် အပန်းဖြေလေ့ရှိပါသည်။ သူပိုင်စစ်စုံထောက် တပ်က ဝန်ကြီးစစ်ဗိုလ် မှန်သမျှကို အမြဲမှန်ဘီလူးနှင့် ကြည့်နေစေပြီး (၇) ရက်တကြိမ် ဆက်သားတဦး လန် ဒန်သို့ စေလွှတ်ကာ သတင်းများကို အစီရင်ခံရသဖြင့် စစ်ဗိုလ်ဝန်ကြီးများသည် သူရှိနေသော အချိန်များထက် အနေအထိုင် အပြောအဆို ဆင်ခြင်ကြလေ့ရှိပါသည်။

“သူလုပ်နေတာတွေကို ခင်ဗျားမကြိုက်ပါဘူး။ သူမရှိတုန်း သိမ်းလိုက်ပါလား” ဟု အိမ်ရှေ့မင်းတပိုင်း စစ်ဗိုလ်ကြီးကို ပြောမိပါသည်။ စကားလုံးနှင့် အဖြေပင် မပေးရဲပါ။ အဓိပ္ပာယ်ရှိရှိ အပြုံးနှင့်သာ ဖြေဝံ့ရှာပါ၏။ ခေါင်းဆောင်ကြီး၏ နိုင်ငံခြားခရီးစားရိတ်မှာလည်း ကြီးမြင့်လှပါသည်။အခိုင်းအစေလက်တိုလက်တောင်း များ၊ ဆရာဝန်များ၊ စစ်စုံထောက်များ၊ သားသမီးများ၊ သားသမီးတို့၏ သူငယ်ချင်းများပါ ခေါ်လေ့ရှိပါ၏။ ပြန်လာပါက အစိုးရငွေနှင့် ဝယ်လာသော နိုင်ငံခြား ပစ္စည်းများကို ဒေါ်ခင်မေသန်းက မှောင်ခိုဈေးသို့ ပို့ ရောင်းပါသည်။

“တိပ်ရကော်ဒါ အသစ်အဆန်းကလေးဝယ်မလား၊ ဒေါ်ခင်မေသန်း ပါလာတာလေ” ဟု ရောင်းသူပွဲစား များကို တွေ့ဖူးပါသည်။

ခရီးစားရိတ် ဖြုန်းတီးပုံနှင့် ပတ်သက်၍ ဂျာမဏီပြည်၊ ဘွန်းမြို့ မြန်မာသံရုံးမှ သံမှူးတဦးက ပြောပြပါသည်။ “ဗိုလ်ချုပ်ကြီးနဲ့အဖွဲ့အတွက် အငှားကားမဟုတ်တဲ့ အထူးတက္ကစီလေးစီးကို ဟိုတယ်ရှေ့မှာ (၂၄) နာရီ ရပ်စောင့်ရမယ်ဆိုပြီး ငှားထားတယ်။ သူက ရက်(၂၀) နေတော့ အငှာကားစားရိတ်က ကားသစ်ဝယ်လျှင် သုံးစီး ဝယ်နိုင်တယ်။ ကျနော်တို့ သံရုံးမှာ ကားစုတ် ကားပျက်တစင်းပဲ ရှိတယ်။ ကားသစ်ဝယ်သုံးပြီးသံရုံး ထားခဲ့လျှင်ဘယ်လောက်ကောင်းမလဲ၊ မပြောဝံ့ပါဘူး လေ” ဟု ညည်းရှာပါ၏။

ဗိုလ်ချုပ်ကြီးသည် နိုင်ငံခြားဟိုတယ်များတွင် တစ်ပေးကောင်းသူ၊ ဘောက်ဆူးပေးကောင်းသူ ဟုကျော်ကြားပါသည်။ ဆေးရုံတက်ကာ ဆေးစစ်ရင်း အနားယူရာတွင် ဆေးရုံကဆင်းသောနေ့တွင် ဆရာ ဝန်များ၊ သူနာပြုများမှအမှိုက်လှဲသူများအထိ ဝန်ထမ်း အားလုံးကိုဖက်ကာ လက်ဆောင်ပေးပါသည်။

ငွေဖလားကြီးတခု ထဲတွင် မြန်မာနိုင်ငံမှ သယ်လာ သော ကျောက်လက်စွပ်၊ နားကပ်စသော လက်ဝတ် ရတနာအမျိုးမျိုးကို သူက မကြည့်ဘဲ လက်နှင့်နှိုက် ကာ ဆွဲယူ၍ လက်ဆောင်ပေးပါသည်။ အမေရိကန် ဒေါ်လာ တထောင်တန် ရသူများ ရှိကြသည်။

နိုင်ငံပိုင်ငွေ မလေမလွင့်ရန် ချွေတာရှာပါသည်။ လန်ဒန်တွင် လနှင့်ချီကာ အနားယူရာတွင် ဟို တယ်စားရိတ်က ကြီးမားသည်။ လိုသမျှကို ရန်ကုန်ဘဏ္ဍာရေးဝန်ကြီးထံ တောင်းရသည်။ တချီတွင် မြန်မာအစိုးရတွင် လက်ကျန် နိုင်ငံခြား သုံးငွေမရှိသဖြင့် ဗြိတိသျှလေကြောင်းကုမ္ပဏီမှ ငွေချေးရဖူးသည်။

ထိုကြောင့် နိုင်ငံတော်အဖို့ စားရိတ်သက်သာစေရန် လန်ဒန်တွင် အိမ်ကောင်းအိမ်သန့်တလုံးဝယ်ကာ နေထိုင်ပါသည်။ ဒီမိုကရေစီအစိုးရ ခေတ်က သံရုံး မြေနှင့် အဆောက်အအုံကို အစိုးရအနေနှင့် ဝယ်ခဲ့ သကဲ့သို့ မဝယ်ဘဲ သူ၏မိတ်ဆွေ ဘီအိုစီ မန်နေဂျာ ဟောင်း အင်္ဂလိပ်တဦး၏ အမည်နှင့် ဝယ်ခဲ့ပါသည်။





------------------------------------------------------------------------------------

ကံမကောင်း အကြောင်းမလှသဖြင့် သူ၏မိတ်ဆွေ ခမျာ သေဆုံးရှာလေရာ ဇနီးဖြစ်သူက ခင်ပွန်းသည် ပိုင်ဆိုင်ပစ္စည်း အဖြစ် သိမ်းယူသောအခါ ဗိုလ်ချုပ်ကြီး မှာ ဘုံပျောက်သွားရှာပါသည်။ မြန်မာနိုင်ငံတွင်းတွင် မည်သည့်အမှုကိုမဆို အနိုင်ယူနိုင်သော်လည်း အင်္ဂလန်တွင် အင်္ဂလိပ်ဥပဒေဖြစ်နေသည်။ အိမ်ကို မူလက မိမိနာမည်နှင့် မဝယ်ဘဲ ခိုးကြောင်ခိုးဝှက် ဝယ်ခဲ့သဖြင့် ဥပဒေအရ ပိုင်ဆိုင်သူ၏ ဇနီးမယား သာ ဆက်ခံပိုင်ဆိုင်ခွင့် ရှိလေရာ ဗိုလ်ချုပ်ကြီးမှာ မည်သို့မှ မတတ်နိ်ုင်ဘဲ သူခိုးလက်မှ သူဝှက်က လုသည်ကို မခံချိမခံသာ ခံရရှာပါသည်။

စိတ်မကျေနိုင်သဖြင့် နောက်ထပ်အိမ်တလုံး ဝယ်ပြန်ပါသေးသည်။ တခါသေဖူး ပျဉ်ဖိုးနား လည်ပြီဖြစ်သဖြင့်နောက်ဝယ်သောအိမ်မှာ လက်ထဲတွင် မြဲခဲ့ပါသည်။

ဤတချီတွင် မည်သူ့ကိုမှ အညံ့မခံပါ။ တပ်မတော်သား (၆) ဦးကို မြန်မာနိုင်ငံက ခေါ်ယူကာ အိမ်စောင့်တာဝန်ချထားပါသည်။ နှစ်စဉ် တနှစ်တကြိမ် တပ်မတော်သား (၆) ဦး ကို လန်ဒန်သို့လူလဲနှင့် စေလွှတ်ကာအိမ်တော် စောင့်ရန် ပို့ပေးရပါသည်။

ဒုတိယအစီအစဉ်အရ ဗိုလ်ချုပ်ကြီး၏ ဘိလပ် အိမ်တော်စောင့်ရှောက်ရေးအတွက် တပ်မတော် သားများကို ဘိလပ်သို့ အလှည့်ကျပို့ရပြန်သဖြင့် ဆင်ဖိုးထက် ချွန်းဖိုးက ကြီးရပြန်ပါသည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ နန်းသက် (၂၄) နှစ် မပြည့်မီ နိုင်ငံတော်လူမွဲနိုင်ငံဖြစ်ရလေသည်မှာမဆန်းပါပေ။



Andrew Soe ၈ ဇန်နဝါရီ ၂၀၁၅။


-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org