ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကို အုပ်ချုပ်ခွင့်မုချရမှာဖြစ်တယ်လို့ ဆရာမင်းသိင်္ခ ဟောကိန်းထုတ်ခဲ့

Law Ka Nat(7 November 15)


ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကို အုပ်ချုပ်ခွင့် မုချရမှာ ဖြစ်တယ် လို့ ဆရာမင်းသိင်္ခ ဟောကိန်း ထုတ်ခဲ့ ------------------------------------------------------------------- 'ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး'တွင် တက်ကြွစွာ ပါဝင် ဟောပြောမှုကြောင့် ဆရာမင်းသိင်္ခ အဖမ်းခံရသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့၊ အင်းစိန် ထောင်အတွင်း တရားရုံးက ဆရာမင်းသိင်္ခ ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်သည်။

အင်းစိန်ထောင်ကြီးအတွင်း ဆရာ မင်းသိင်္ခနှင့်အတူ တစ်တိုက်တည်း အတူနေခဲ့ဖူးသော ဆရာမောင်ဝံသသည် ဒုအကြိမ်မြောက် အထိန်းသိမ်းခံရပြီး ထောင်ခုနစ်နှစ် ပြစ်ဒဏ်ချမှတ်ခံရ သော်လည်း မထင်မှတ်ဘဲ ၁၉၉၂ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော အခါ ဆရာမောင်ဝံသ ထံ မိမိသွားရောက်နှုတ်ဆက်သည်။
ဆရာ မောင်ဝံသက ထောင်တွင်း အတွေ့အကြုံများကို စီကာပတ်ကုံး ပြောကြားချက်များ၌ ဆရာ မင်းသိင်္ခအကြောင်း ပါလာသည်။

"ဒီလူ တော်တော်ချစ်ဖို့ ကောင်းတယ်ဗျာ၊ တကယ့် ရဲဘော်ရဲဘက် ပီသတယ်။
အစောပိုင်းတုန်း ကတော့ ဒီလူ စူပါစာရေးဆရာဆိုတော့ အထာကိုင်လိမ့်မယ်လို့ ထင်ထားတာ။
"ကျွန်တော့် အထင်မှားသွားတယ် ကိုသွေးသစ်ရေ၊ ကိုအောင်ထွန်းကြီးမှာ ဟိတ်ဟန် မရှိဘူး။

လူတိုင်းနဲ့ တည့်အောင်နေတတ်တယ်။ ရှင်းရှင်းပြောမယ်ဗျာ၊ ထောင်ကြပ်၊ ဝါဒါ၊ ဘုတ်ကိုင်ဆိုတဲ့ ငနဲတွေကအစ ကိုအောင်ထွန်းကြီးနဲ့ဆို လေပေးဖြောင့်နေတာပဲဗျို့။

"ဒါကြောင့်မို့လားမသိဘူး။ အင်မတန် တင်းကျပ်တာတွေကို အလူးအလှိမ့်ခံနေရတဲ့ ကျွန်တော်တို့လို နိုင်ငံရေးအကျဉ်းသမားတွေဆီကို စားစရာ၊ အသုံးအဆောင်၊ ဆေးဝါးတွေကအစ ရောက်ရောက်လာတယ်ဗျ။ ယူလာပေးတဲ့သူတွေက ဘယ်သူတွေမှတ်သလဲ၊ ထောင်ဝန်ထမ်း၊ အကြပ်၊ ဝါဒါ၊ ဘုတ်ကိုင်တွေ၊ ဘယ်သူက ပေးခိုင်းတာလဲလို့ မေးလိုက်ရင် 'ဆရာကြီး မင်းသိင်္ခ'လို့ ဖြေသဗျ။





-------------------------------------------------------

"ကိုအောင်ထွန်းကြီးက ဥပဓိရုပ်ကောင်းသလို စကားပြောလည်းကောင်းတယ်။ သူ့ မျက်လုံး အကြည့်မှာ တစ်ဖက်သားကို ညှို့ဓာတ်တွေရှိတယ်။ ဆံရှည်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ သူ့စတိုင်က ထူးခြားမှုရှိတယ်။ သူ့မှာက ပြောစရာစကားတွေကလည်း အများသား ဘဝကလည်း စုံခဲ့သကိုးဗျာ။

"ဒီလို ဘဝကလည်းစုံ၊ ဗေဒင်၊ ယတြာ၊ ဂါထာ၊ မန္တာန်တွေကလည်း တတ်ကျွမ်းတဲ့ သူဆိုတော့ဗျာ ရေချိုးချိန် လူတွေစုံတဲ့ အခါမျိုးမှာ သူ့အပြောတွေက ကွက်စိပ်နားထောင် နေရသလိုမျိုး ကျွန်တော်တို့ မျောပါသွားတာ။ မှတ်မိသေးတယ်ဗျ၊ ဗေဒင်၊ ယတြာ၊ အတိတ်နိမိတ် ကောက်တာနဲ့ ပတ်သက်ပြီး ကိုအောင်ထွန်းကြီး လုပ်ပုံ။ အင်းစိန်ထောင်ထဲကို ကုလသမဂ္ဂက လူ့အခွင့်အရေး ကိုယ်စားလှယ် 'ယိုရိုယိုကိုတာ' လာကြည့်မယ်ဆိုတော့ ထောင်အဆောက်အအုံတွေ ထုံးဖြူ သုတ်လိုက်တယ်ဗျာ။ အဲဒီလို ထုံးဖြူသုတ်တာကို ကိုအောင်ထွန်းကြီးက ဘယ်လို အတိတ်၊ နိမိတ်ကောက် ယူလိုက်သလဲဆိုတော့...။

"ထုံးသုတ်တာက ကိုယ့်အတွက် အတိတ်ကောင်း၊ နိမိတ်ကောင်းပဲဗျာတို့၊ ကြည့်နေ၊ ကိုယ်တရားရုံးက ပြန်လာရင် အားလုံး အံ့အားသင့်စေရမယ်။ မင်းသိင်္ခဆိုတဲ့ စာရေးဆရာ ကိုယ့်ကို ကွင်းလုံးကျွတ်လွှတ်စေဆိုတဲ့ အမိန့်ချမှတ်မှာ ကျိန်းသေပဲ"တဲ့။ "အဲ... တရားရုံးက ပြန်လာတော့ မျက်နှာရှုံ့တွတွနဲ့ 'တစ်သက်တစ်ကျွန်း အမိန့်ချလိုက်ပြီဗျ' လို့ ပြောတယ်။ အဲဒီကစပြီး သူ ဘာပြောပြော၊ ဘာဟောဟော ကျွန်တော်တို့ အယုံအကြည် တန်သွားတယ်ဗျာ"

"တစ်ခါတော့ သူကပြောသေးတယ်။ အဆောင်တိုင်း အဆောင်တိုင်းက သောက်ရေအိုးတွေ အားလုံး ရိုက်ခွဲပစ်လိုက်၊ အဆောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ အားလုံး လွတ်လိမ့်မတဲ့"

"ဘယ်လုပ်ရဲပါ့မလဲဗျာ။ ရေအိုးခွဲမှုနဲ့ အရေးယူခံရမှာ၊ ပြီးတော့ သေချာတာက သောက်ရေ ငတ်ကုန်ကြမှာ၊ သူ့အဟောကို မယုံလို့ ကျွန်တော်တို့ မလုပ်ဘူး။

"တစ်နေ့တော့ ရေချိုးဆင်းချိန်၊ ကျွန်တော်ရယ်၊ ကိုအောင်လွင်ရယ်၊ ကိုမိုးသူရယ်၊ ဒေါက်တာ ဘမော်သမက် ဦးရဲထွန်းရယ်ဆီကို သူလာပြီး ဘာစကား အဆက်အစပ်မှ မရှိဘဲ 'ဘယ်လ၊ ဘယ်နေ့၊ ဘယ်အချိန်မှာ ခင်ဗျားတို့ အထဲက အင်္ဂါသားဆိုတဲ့ ပုဂ္ဂိုလ် ဒီအကျဉ်းထောင်ကြီးထဲက လွှတ်မိန့်ကျလိမ့်မယ်' လို့ ခပ်တည်တည်ကြီးပြောပြီး ထွက်သွားသဗျ။ ကျွန်တော်တို့ကလည်း ဆက်မမေးပါဘူး။

တစ်လလောက်ကြာတော့ မနက်ခင်းမှာ ထောင်ပိုင်ကြီး ရုံးခန်းက ဝန်ထမ်းတစ်ယောက် ရောက်လာပြီး ကျွန်တော့်ကို ထောင်ပိုင်ကြီး ရုံးခန်းထဲလိုက်ခဲ့ဖို့ ခေါ်သဗျ။ ကျွန်တော် စိတ်ထင်လိုက်တာက ထောင်ပြောင်းဦးမှာလား။ အမှုတွဲထပ်တိုးပြီး အင်န်အယ်လ်ဒီ အမတ်ဖြစ်တဲ့ သူမို့လို့ ပြစ်ဒဏ်ရက်ကာလ ထပ်တိုးကြောင်း ပြောလေမလားဆိုပြီး လိုက်သွားတာပေါ့ဗျာ။ ထောင်ပိုင်ကြီးနဲ့ တွေ့တော့ 'ဦးစိုးသိမ်း၊ ပစ္စည်းတွေ သိမ်းပါ။ ခင်ဗျား ဒီနေ့ လွတ်မိန့်ကျပြီ'လို့ ပြောလိုက်တော့ ကျွန်တော် အံ့အားသင့်သွားတယ်။ ဘာပြန်ပြောရမှန်း မသိဘဲ နံရံပေါ်က ပြက္ခဒိန်ကို ကြည့်လိုက်တော့ "၁၉၉၂ ခုနှစ်၊ ဧပြီ ၂၉ ရက်၊ မနက်ပိုင်း" "ဟာ... ကိုအောင်ထွန်းပြောတာ အတိအကျ မှန်နေပါပေါ့လား" လို့ ကျွန်တော့်နှုတ်က အာမေဍိတ်သံအကျယ်ကြီး ထွက်သွားတယ်။





-------------------------------------------------------

ဒီစကားသံ ထွက်သွားတော့ ထောင်ပိုင်ကြီးရော၊ ထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေရော၊ ရဲအထူးသတင်းထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေကပါ 'ကိုအောင်ထွန်းပြောတာ ဘာမှန်တာလဲ၊ ဘယ်လိုမှန်တာလဲ' လို့ အလောတကြီးမေးကြတာပေါ့။

ဒါနဲ့ ကျွန်တော်လည်း ဝမ်းသာအားရ ပြောပြလိုက်တယ်။ ကျွန်တော်တို့ အုပ်စုထဲမှာ ရှိတဲ့ သူတွေ ထဲမှာ ကိုအောင်ထွန်းပြော တဲ့ အင်္ဂါသားဆိုတဲ့ ပုဂ္ဂိုလ်က 'စိုးသိမ်း'ဆိုတဲ့ ကျွန်တော် မောင်ဝံသ ဖြစ်နေတာကိုး။

"ကျွန်တော်ကသာ ခုလိုဝမ်းသာအားရနဲ့ ပြောချလိုက်တာ၊ ကိုအောင်ထွန်း အဖို့တော့ ဒုက္ခရောက်သွားတော့တာပဲ။ ချက်ချင်းပဲ ကိုအောင်ထွန်းကို ရုံးခန်းထဲ သွားခေါ်လာတယ်။ ကျွန်တော့်ကို သူပြောခဲ့တာတွေ ဟုတ် မဟုတ်၊ မှန် မမှန် မေးတယ်။ သူကလည်း ကျွန်တော်ပြောခဲ့တဲ့အတိုင်း ပြန်ပြောတယ်။

"ချုံ့ပြောရမယ်ဆိုရင်တော့ဗျာ၊ ကိုအောင်ထွန်းကို သက်ဆိုင်ရာက လျှို့ဝှက်ခေါ်တွေ့ တယ်။ သူတို့ သိချင်တဲ့ မေးခွန်းတစ်ခုမေးမယ်။ အဲဒီမေးခွန်းက အထက်ကလူကြီးတွေ မေးခိုင်းတာ၊ အာရုံမှာ ထင်တဲ့အတိုင်း အမှန်အတိုင်းဖြေပါ။ အဲဒီအဖြေနဲ့ ပတ်သက်ပြီး လုံးဝ အရေးမယူဘူးလို့ သူကို ပြောသတဲ့။

"ကိုအောင်ထွန်းကလည်း မဟော၊ မပြောပါရစေနဲ့လို့ အကြောက်အကန် ငြင်းဆန်တယ်။
နောက်ဆုံး ဘယ်လိုမှ ငြင်းမရတာနဲ့ 'သူ့ကို တစ်လတိတိအချိန်ပေးပါ။ သူ သက်သတ်လွတ်စား၊ အဓိဋ္ဌာန်ဝင်မယ်၊ တစ်လပြည့်တဲ့ မနက်မှာ အဖြေပေးမယ်'လို့ ကတိပေးလိုက်ရတယ်။
သူသက်သတ်လွတ်စား ဥပုသ်စောင့်၊ အဓိဋ္ဌာန်ဝင်၊ ဂါထာမန္တန်တွေ ရွတ်တယ်။

"တစ်လပြည့်တဲ့နေ့၊ ထောင်ကြီးရဲ့ သီးသန့် အထူးစစ်ကြောရေးခန်းမှာ စစ်ဘက်၊ ရဲဘက်လုံခြုံရေး အရာရှိကြီးတွေ အပါအဝင် အသံဖမ်းစက်ဖွင့်ပြီး ကိုအောင်ထွန်းကို မေးခွန်း စမေးတယ်။ အဲဒီမေးခွန်းက - "ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်းဆောင်ဖြစ်လာမလား၊ တိုင်းပြည်ကို အုပ်ချုပ်ခွင့် တကယ်ရမလား" ဒါပဲ။

"ကိုအောင်ထွန်း အဖြေက - '၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံကို အုပ်ချုပ်ခွင့် မုချရမှာ ဖြစ်တယ်'လို့ ဟောကိန်း ထုတ်သတဲ့"

* * *





-------------------------------------------------------

ဆရာမင်းသိင်္ခ ဟောကိန်းထုတ်တဲ့ အချိန်က ၁၉၉၀ အထွေထွေရွေးကောက်ပွဲပြီးကာလ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ခံ ကိုယ်စားလှယ်အတော်များများ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့အချိန်။

ဆရာမင်းသိင်္ခဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် မဟုတ်သလို ဘယ်ပါတီဝင်မှ မဟုတ်ဘူး။
ရှစ်လေးလုံးတိုက်ပွဲကာလမှာ ဒီမိုကရေစီ တရားတွေ လှည့်လည်ဟောပြောလို့ အင်းစိန် အကျဉ်းထောင်ကြီးထဲမှာ အထိန်းသိမ်းခံနေရတာ။
အဲဒီမှာ ဆရာမောင်ဝံသတို့ အဖွဲ့နဲ့ ဆုံတယ်။ ဆရာမောင်ဝံသပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သူ့ "ဟောကိန်း"ကို မိမိစိစစ်၊ သုံးသပ်မိပါတယ်။
'စာရှုသူများခင်ဗျား' အဲဒီလို အချိန်ကာလမျိုးမှာ ဆရာမင်းသိင်္ခက 'ဟောကိန်း' ထုတ်ခဲ့တာ။

၂၀ဝ၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမပေါ်သေးဘူး။ ကြားဖြတ်ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့၊ရွေးကောက်ပွဲကော်မရှင်တို့ဆိုတာ ဘယ်ဆီ ရောက်နေမှန်းတောင် မသိရဘူး။ (မနေ့တစ်နေ့ကမှရွေးကောက်ပွဲကော်မရှင်က ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၅ နှစ်ကုန်ပိုင်းမှာမှကျင်းပမယ်လို့) သိပ်အံ့ဩစရာကောင်းတဲ့ အချက်က ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့်ရက်ကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာဖြစ်မယ်လို့ ကြေညာချက်ဟာ ဆရာ မင်းသိင်္ခ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ဟောကိန်းထုတ်ခဲ့တဲ့ နှစ်ကာလ၊ လနဲ့ ချိန်ကိုက် တိုက်ဆိုင်နေတာပါပဲ။

၁၉၃၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ မွေးဖွားလာပြီး အသက် ၆၉ နှစ်အရွယ်၊ ၂၀ဝ၈ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ နံနက်တွင် ကွယ်လွန်သွားရှာတဲ့ ဆရာမင်းသိင်္ခရဲ့ ဟောကိန်းမှန် မမှန် မိမိတို့ စောင့်ကြည့်ကြပါစို့။

Law Ka Nat

ref---(မြန်မာတိုင်းမ်း) ၃၁.ဝ၇.၁၄



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org