ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာဆိုင်ရာလျှောက်ထားချက်

Tun Min Latt(28 July 15)




-----------------------------------------------------------------------

မိတ်ဆက်

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်း၊ တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ လူထုခေါင်း ဆောင်ကြီးစတဲ့ ဂုဏ်ထူးဝိသေသတွေနဲ့ မြန်မာ့သမိုင်းမှာ ဥဒါန်းထားခဲ့တဲ့ ပုဂ္ဂိုလ်ဟာ အသက် သုံးဆယ်စွန်းရုံ လူငယ်လေးတစ်ယောက်မျှသာ ရှိသေးတယ် လို့ သိလိုက်ရတဲ့ အချိန်က စပြီး အံ့သြ ဘနန်းဖြစ်ခဲ့ရပါတယ်၊ နိုင်ငံရေး စစ်ရေး စတဲ့ အတွေးအမြင် အသိပညာတွေကြောင့်သာ ဒီလို ထိပ်တန်းခေါင်းဆောင် ဖြစ်ခဲ့တယ်လို့ပဲ ထင်ခဲ့တာပါ။

ဒါပေမယ့် အမှတ်မထင် ဦးအောင်ဆန်းရဲ့ ဘာသာရေးအမြင်ကိုပါ ဖတ်လိုက်ရတော့ သူဟာ အရာရာမှာ နှံ့စပ်ကျွမ်းဝင်နေတဲ့ ခေါင်းဆောင်တစ်ယောက်လို့ အားရသွားပါတယ်။ ဒီနေ့ခေတ်ထိတိုင် ရဟန်းသံဃာတော်တွေကြားမှာ ကျယ်ကျယ်လောင်လောင်ဆွေးနွေးနေကြပေမယ့် အလင်းမပွင့်သေးတဲ့ အတွေး အမြင် တွေကို အသက်သုံးဆယ်ဝန်းကျင်လူငယ်လေးတစ်ယောက်က ပြတ်သားရှင်းလင်း အမြင်ကျယ်ပြောစွာ ပြောသွားခဲ့တာပါ။

ဦးအောင်ဆန်းရဲ့ အသံကို နားထောင်ကြည့်ကြပါဦးစို့။ အာဇာနည်နေ့အတွက် အမှတ်တရ သံဝေဂဖြစ်စွာ....။

၁၉၄၆ ခုနှစ် ဇန်နဝါရီလ (၂၀) ရက် ဖဆပလညီလာခံ (ရွှေတိဂုံအလယ်ပစ္စယံ)တွင် သံဃာတော် များအား ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာရေး သီးခြား လျှောက်ထားချက်။





-----------------------------------------------------------------------

“ဘာသာရေးသည် ကျွန်ုပ်တို့လူမှုကို ရှုပ်ထွေးစေသည်မဟုတ်။ ဘာသာတရားကို မှီ၍ အသက် မွေးကြကုန်သော သူတို့သာလျှင် ရှုပ်ထွေးစေကြ၏။ ဘာသာတရားကို ကြည့်ပြန်မူ ဤကဲ့သို့သော သူမျိုးကို အားပေးခြင်း မရှိသည်ကို တွေ့မြင်ကြရပေမည်။ သို့သော်လည်း အသီးအသီးသော ဘာသာတရားတို့ကို မှီ၍ အသက်မွေးကြကုန်သော သူများရှိခဲ့ဖူးလေပြီ။



ဥရောပတိုက်၌ ရဟန်းမင်းကြီးများနှင့် ဧကရာဇ်မင်းတို့ အချင်းဖြစ်ပွားခဲ့ပုံ၊ ကျွန်ုပ်တို့ နိုင်ငံ၌ အရည်းကြီးများနှင့် အနော်ရထာမင်းမြတ်အရေးတွေ့ရပုံ၊ အနောက်နိုင်ငံကြီးများ နယ်ချဲ့ရာတွင် သမ္မာကျမ်းစာကိုင်သူတို့က ရှေ့သွားလုပ်၍ အလံကိုင်သူနှင့် ကုန်သည်တို့က နောက်မှ လိုက်ရပုံ အကြောင်းစုံတို့ကို ထောက်ထားလျက် မည်သည့်ကာလဒေသ၌ မဆို ဘာသာတရားကို မှီ၍ အသက်မွေးကြသူများ ရှိခဲ့ဖူးကြောင်းကို ကျွန်ုပ်တို့ သတိရကြပေလိမ့်မည်။



ယခု ဘာသာတရားကို မှီ၍ အသက်မွေးသူများဟု ဆိုရာ၌ ရှင်းလင်းရန်လိုပေသေး၏။ ဘုန်းကြီးပင်ခေါ်ခေါ် ရဟန်းပင်ခေါ်ခေါ် နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ဘာသာတရားကို မှီ၍ အသက်မွေးသူများသာဖြစ်၍ ဘာသာတရားပြန့်ပွားတိုးတက်မှုကို သတိပြုခြင်း အားထုတ်ခြင်း မရှိချေ။ ဘာသာတရားနှင့်ဆန့်ကျင်သောအမှုကိုပင် ပြုကြ၏။ တစ်မျိုးမှာကား ဘာသာတရား တိုးတက်ပြန့်ပွားမှုကို လေးစား၍ လောကီသားတို့၏ အမှုကို ရှေ့ရှုခြင်းမရှိချေ။



ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သံဃာတော်အရှင်မြတ်များသည် ရာဇဝင်တစ်လျှောက်လုံး ကျွန်ုပ်တို့လူမျိုး၏ ရှေ့က မားမားမတ်မတ် ရပ်လျက် မြင့်မြတ်သော အမှုကိုသာ ပြုခဲ့ကြပေ၏။ ရှေးခေတ်များ၌ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့တစ်မျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခုခေတ်၌ပင် တောရွာများတွင် သံဃာတော်အရှင်သူမြတ်များ ပညာသင်ကြားပေးလျက် ရှိသောကြောင့် မြောက်မြားစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။



အချုပ်မှာ သံဃာတော်အရှင်မြတ်များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓါတ် မြင့်မြတ်မှု အသွင်အပြင်ယဉ်ကျေးမှုတို့သည် အထူးသဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သံဃာတော်အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရကို ခံတော်မူထိုက်ကြပါပေ၏။



ကျွန်ုပ်တို့နိုင်ငံတွင် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်ဖြစ်သောကြောင့် အခြားဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀ဝ အတွင်း လိမ်းကပ်၍ လာခဲ့သော ကြေးညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်နိုင်ခဲ့ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည် ဟူ၍ ယူဆရပေမည်။



သို့ဖြစ်ပါသောကြောင့် ယခု သံဃာတော်အရှင်သူမြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည် ဘုရား။ အရှင်သူမြတ်များဘုရား။ အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာပွားများ၍ သမစိတ္တနှင့် ညီအရင်း အကို မောင်ရင်းနှစ်မ ကဲ့သို့ နေနိုင်ကြပါလိမ့်မည်။





-----------------------------------------------------------------------

အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။
တစ်ကမ္ဘာလုံး ကိုးကွယ် ဆည်းကပ်သည် ကိုလည်း မြင်ချင်လှပါသည်။
တပည့်တော်တို့ နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတစ်မျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။

တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား၊ညီညွတ်ရေး တရားကိုလည်း ဟောတော်မူကြပါ။
မြင့်မြတ်သော လွတ်လပ်ရေး တရားကိုလည်း ဟောတော်မူကြပါ။

< မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူန ဘဝမှ လွတ်မြောက်မှုစသည်တို့ ဖြစ်ပါသည်။



အရှင်သူမြတ်တို့သည် သုံးလူ့ထွတ်ထား မြတ်စွာဘုရား သြဝါဒပေးတော်မူခဲ့သည့်အတိုင်း “အပ္ပမာဒေန သမ္ပာဒေထ ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ မြန်မာလူမျိုးတစ်မျိုးလုံးကို ဆိုဆုံးမတော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုးသည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစားနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင်မြတ်များ၌ ဤကဲ့သို့ မွန်မြတ်သော တာဝန်ဝတ္တရားများ ရှိပါသည်။



ဤမွန်မြတ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်တော်မူကြပါဘုရား။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်းကိုသာ ပြုနိုင်ပါသည်။ ေ ဆာင်ရွက်ဖို့ တာဝန်ကျေပွန်မည် မကျေပွန်မည် ဟူသော ပြဿနာမှာ အရှင်မြတ်များသာ ဖြေရှင်းနိုင်ကြပေမည်။”



ဓမ္မဂင်္ဂါfFacebookမှ


-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org