ညစ်ပတ်သူများ ရဲ့ သမိုင်းသစ်မော်ကွန်းဝင်မည့်နေ့

မြန်ပြေသား(25 June 15)




-------------------------------------------------------------------------

ခြေဥပြင်ဆင်ရေးမဲခွဲဆုံးဖြတ်မည့်နေ့တွင် ကိုယ်စားလှယ် ၄၉ဦး ပျက်ကွက်။
ယနေ့ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၃၃ ဦး ရှိသည့်အနက် ၅၈၄ ဦး တက်ရောက်ပြီး ၄၉ဦးမှာ တက်ရောက်ခြင်းမရှိဘဲ ခွင့်ပန်ကြားခဲ့သည်။

ဇွန်လ ၂၄ရက်က ပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးတွင် နာယကက ကိုယ်စားလှယ်များကို အခြေခံဥပဒေပြင်ဆင် ရေးမဲခွဲဆုံးဖြတ်မည့်နေ့တွင် မပျက်မကွက် တက်ရောက်ကြရန် ကိုယ်စားလှယ်များကိုမှာကြားခဲ့သည်။

သတင်း - 7days
================================

အထက်ပါ သတင်းကိုဖတ်ပြီး တိုင်းပြည်၏ အနာဂတ်အတွက် အလွန်ကို စိတ်ပျက်မိပါတော့တယ်။
အာဏာရပါတီ အပါအဝင် အတိုက်ခံပါတီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၊ သန်းပေါင်းများစွာသောပြည်သူတွေရဲ့ ဆန္ဒအတိုင်း အခြေခံဥပဒေကိုပြင်ဆင်ဖို့ဆွေးနွေးကြရမှာ အားလုံးသောရွေး ကောက်ခံ ကိုယ်စားလှယ်များက ပြင်ဆင်ဖို့ သဘောတူကြပါတယ်။

ဘယ်ပုဒ်မ ဘယ်လိုပြင်မယ်ဆိုတာက ဆက်လက်ဆွေးနွေးကြရမည့် ကိစ္စဖြစ်တယ်။
အားလုံးနဲ့ဆန့်ကျင်ဖက် လုံးဝမပြင်လိုဟု ပြောနေတာတာက တပ်မတော်။
အများသိတဲ့အတိုင်း ၂၅%က တပ်မတော်ဖြစ်နေတဲ့အတွက် ရွေးကောက်ခံကိုယ်စားလှယ် အားလုံးတက်ရောက် ထောက်ခံမဲပေးရင်တောင် ပြင်ဆင်ဖို့လုံလောက်တဲ့ ၇၆% မရနိုင်ပါဘူး။
ဒီကြားထဲ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဖြစ်လိုက်လို့ လစ်လပ်နေတဲ့ ကိုယ်စားလှယ်နေရာတွေက ရှိပါသေးတယ်။
အဲဒီတော့ နဂိုကတည်းက လွှတ်တော်ကြီးမှာ ၇၅%အပြည့် လွှတ်တော်ကိုယ်စားလှယ်မရှိပါဘူး။
အဲဒီလိုအခြေအနေမှာမှ ၄၉ယောက်ပျက်ကွက်ဆိုတော့... လစ်လပ်နေရာတွေမရှိဘူးပဲထား။
အကယ်၍သာ (အကယ်၍သာလို့ စကားခံရတာကအမှန်တကယ် ပျက်ကွက်သူတွေထဲမှာ ရွေးကောက်ခံရော တပ်ကိုယ်စားလှယ်ရောပါနိင်ပါတယ်) ပျက်ကွက်သူတွေဟာ ရွေးကောက်ခံကိုယ်စားလှယ်ထဲကသာဆိုလျင် ရွေးချယ်ခံကိုယ်စားလှယ် ၄၉၈ယောက်အနက် ၄၄၉ယောက်ပဲ ဒီနေ့လွှတ်တော်တက်တယ်ဆိုတဲ့သဘော။

၄၄၉ ယောက်ဟာ ကိုယ်စားလှယ်စုစု ပေါင်း ၆၆၄ယောက်ရဲ့ ၆၇%ပဲရှိပါတယ်။
ဘယ်ပါတီက ဘယ်သူတွေပျက်ကွက်တယ်ဆိုတာ နောင်ကျ သတင်းတွေထွ က်လာပါလိမ့်မယ်။





-------------------------------------------------------------------------

သမိုင်းညစ်အသစ်တခု သူတို့ရေးလိုက်ပြီလို့ပဲ ပြည်သူတွေအတွက် စိတ်မကောင်းစရာမှတ်ယူ ရလိမ့်မယ်။
ခလုတ်ပဲ နှီပ်နှိပ်၊ ထိုင်ထပဲလုပ်လုပ်၊ ကြိုက်တဲ့နည်းနဲ့သာ ခွဲပေတော့။
ရလဒ်က ဘာဆိုတာ ကြိုသိနေပြီ။
တိုင်းပြည်အတွက် စေတနာခေါင်းပါးတဲ့ လူညစ်တွေကို ပြည်သူလူထုမှ ဒါဏ်ခတ်ရပါလိမ့်မယ်။



။--------------------------------------------------

ဖွဲ့စည်းပုံပြင်ရေး လုံလောက်တဲ့ မဲအရေအတွက်မရ
25 June 2015

ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြု ဥပဒေကြမ်းအတွက် ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့မဲခွဲရာ အဓိကအချက်တွေကို ပြင်ဆင်နိုင်ဖို့ လုံလောက်တဲ့ မဲအရေအတွက်မရခဲ့ပါဘူး။ ဖွဲ့စည်းပုံပြင်ဖို့ အရေးပါတဲ့ ပုဒ်မ ၄၃၆ (က)နဲ့ သမ္မတရွေးခြယ်ခံပိုင်ခွင့် ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) တွေကို ပြင်ဆင်ဖို့ အဆိုပြုထားရာမှာ၊ ၂၀ဝ၈ဖွဲ့စည်းပုံအရ ပြင်ဆင်နိုင်ဖို့ လုံလောက်တဲ့ မဲအရေအတွက် မရခဲ့ပါဘူး။ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေးအဆို မဲခွဲ ဆုံးဖြတ်ခဲ့တာကိုတော့ ရန်ကုန်ရုံးက ဗွီအိုအေ သတင်းထောက်ကိုမိုးဇော် သတင်းပေးပို့ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ပတ်သက်တဲ့ လတ်တလောပြင်ဆင်သင့်တဲ့ ပုဒ်မတွေကို ဒီလ ၂၃ရက်နေ့က စတင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ရာက ဒီကနေ့မှာတော့ ပြင်ဆင်မယ့်အချက် တချက်ချင်းစီကို လွှတ်တော်ကိုယ်စားလှယ်တွေက လျှို့ဝှက်မဲပေးပြီး အဆုံးအဖြတ် ပြုခဲ့ကြပါတယ်။ မဲပေးအပြီး နောက်ဆုံးရလဒ်ကိုတော့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပါတယ်။ “ပြီးပါပြီခင်ဗျာ။ မဲခွဲတာ။ အဲ့ တခုပဲ နိုင်တယ်။ ကျန်တဲ့ဟာတွေ အကုန်လုံး ပေးလိုက်ရတယ် ခင်ဗျ။ မဲခွဲတာ ခြောက်ခုလေ။ ခြောက်ခုမှာ ၅၉ (ဃ) ပေါ့နော်။ စစ်ရေးအမြင်ဆိုတာကနေပြီးတော့ ကာကွယ်ရေးအမြင်ဆိုပြီး တပ်က ထောက်ခံတဲ့အတွက် အဲ့တာတခုပဲ နိုင်တယ်ခင်ဗျ။ အဲ့တာက ၅၅၆ယောက် ထောက်ခံပြီးတော့ ၇၅% ကျော်တယ်ခင်ဗျ။ အဲ့တာတခုပဲ ကျနော်တို့ referendum ဆက်လုပ်ရမှာခင်ဗျ။ ၅၉ (စ) ကကျတော့ ၃၇၁မဲပဲ ထောက်ခံတော့ သူက ၇၅% အောက်ကို ရောက်သွားတယ်။ ပြီးတော့ ၄၃၆ (က)ကလည်း ၃၈၈ ယောက်ကပဲ ထောက်ခံတော့ ဒါလည်း ၇၅% အောက်ကို ရောက်သွားတယ်။ ၄၃၆(ခ) လည်း အဲ့လိုပဲ အဲ့ဒီ့တော့ ကျနော်တို့က ခြောက်ခုမှာ ငါးခုက ရှုံးပြီးတော့ တခုပဲ နိုင်တယ်ပေါ့ဗျာ။ အဲ့လိုဖြစ်သွားတယ်။ ” မဲပေးတာနဲ့ မဲရေတွက်တာအပေါ်မှာတော့ သံသယမရှိကြောင်း ပြောပါတယ်။





-------------------------------------------------------------------------

ပြည်ထောင်စုလွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေး မဲခွဲဆုံးဖြတ်။ (ဇွန် ၂၅၊ ၂၀၁၅)

မဲခွဲအပြီး သတင်းစာ ရှင်းလင်းပွဲကျင်းပရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုပါတယ်။

“ကျမတို့ကတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေလည်း ပျောက်ကွယ်သွားစရာမလိုဘူး။ ပြည်သူတွေ အနေနဲ့ စိတ်ဓာတ်ကျ သွားစရာလည်း မလိုဘူး။ ဆက်ပြီးတော့ ဘယ်လိုပုံစံနဲ့သွားရမလဲ ဆိုတာကို ပိုတောင်မှ ရှင်းရှင်းလင်းလင်းနဲ့မြင်နိုင်တဲ့ အနေအထားဖြစ်သွားနိုင်တယ်လို့ ဒီလိုပဲ ယူဆတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး အချက်တခုတည်းနဲ့ မသက်ဆိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေတဲ့ ဆောင်းပါးရှင် မိုးလယ်ညကတော့ ဒါဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားအရ မပြောင်းလဲနိုင်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ ပြည်သူငါးသန်းကဗျာ ၄၃၆ ပြင်ဆင်ပေးဖို့ လက်မှတ်ရေးထိုးပြီးတော့ တောင်းဆိုထားတာ ရှိတယ်ဗျာ။ ဒီနေ့က ပြည်သူတွေ လိုလားတဲ့ အချက်တွေ မရဘူးဆိုတဲ့အခါကျတော့ ပြည်သူ့လွှတ်တော်လို့ နာမည်တပ်ထားပေမဲ့ ပြည်သူ့လွှတ်တော်က ပြည်သူ့ဆန္ဒကို မထင်ဟပ်ဘူးဆိုတဲ့ သဘောပေါ့ဗျာ။ အဓိကကတော့ ဒါ စစ်တပ်ကိုယ်စားလှယ် ၂၅% က ဟိုဘက်က ပါနေပြီးတော့ ၂၅% ရဲ့ မဲသည် ရှင်းရှင်းလေးပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောထား အဲ့တော့ ကာကွယ်ရေးဦးစီးချုပ်က တကယ်ပြောင်းစေချင်တယ်ဆိုရင် ပြောင်းမှာပဲ။ မပြောင်းစေချင်ရင်တယ်ဆိုရင် မပြောင်းဘူး။ ဒါကြောင့်လည်း ကျနော်တို့က ၄၃၆ ကိုပြောင်းစေချင်တာလေ။ လူတစ်ဦးတယောက်ရဲ့ လက်ထဲမှာ နိုင်ငံရေးကံကြမ္မာရှိနေတာဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီဘူးပေါ့ဗျာ။”

ဗွီအိုအေနဲ့ သီးသန့်အင်တာဗျူးမှာတော့ ကာကွယ်ရေး ဦးစီးချုပ် က ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ထိုးဆန္ဒ ပြုထားတဲ့ လူဦးရေ ငါးသန်း ဟာ မြန်မာနိုင်ငံ လူဦးရေရဲ. ၁၀ ရာခိုင်နှုန်းပဲရှိကြောင်းနဲ့ ကျန် တဲ့ လူဦးရေ ၄၆ သန်းရဲ့ ဆန္ဒကိုလည်း ကြည့်ရဦးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပုဒ်မ ၄၃၆ (က) နဲ့(ခ) ဟာ ဖွဲ့စည်းပုံပါ ပုဒ်မတွေကို ပြင်ဆင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်က ထောက်ခံရမယ် ဒီလို ထောက်ခံပြီးတဲ့နောက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ပါရှိတာဖြစ်ပါတယ်။

လက်ရှိပြင်ဆင်ဖို့ တင်ပြတဲ့အထဲမှာမူလ ၇၅ရာခိုင်နှုန်းကို ၇၀ရာခိုင်နှုန်းအထိ လျော့ချထားတာဖြစ်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်အစား ဆန္ဒမဲပေးသူရဲ့ ထက်ဝက်ကျော်လို့ ပြင်ဆင်ဖို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက တင်ပြ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီပြင်ဆင်ချက်ဟာ လုံလောက်မှုမရှိကြောင်း ထောက်ပြထားပေမဲ့ အခုအခါမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေ ထောက်ခံမှုမရတာကြောင့် ပြင်ဆင်ဖို့အရေးဟာ ရှုံးနိမ့်ခဲ့တာပါ။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးပါတဲ့ ပုဒ်မဖြစ်တဲ့ ၄၃၆ ကိုပြင်ဆင်နိုင်တာ မရှိတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းဖြစ်လာနိုင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာလည်း ရိုက်ခတ်လာနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်တာတွေ ရှိနေပါတယ်။

၂၀ဝ၈ခုနှစ်ဖွဲ့စည်းပုံအရ ဖွဲ့စည်းပုံပါ အရေးကြီးတဲ့ပုဒ်မတွေကို ပြင်ဆင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုနဲ့ လူထုဆန္ဒခံယူပွဲကျင်းပရမယ်လို့ ဆိုထားပါတယ်။ လူထုဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ တဝက်ကျော်ဆန္ဒမဲနဲ့ ပြင်ဆင်ချက်အတည်ဖြစ်မယ်လို့ ဆိုပါတယ်။

အခု ပြင်ဆင်ရေးအဆိုပြုချက်မှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းထောက်ခံမှုအစား၊ ၇၀ ရာခိုင်နှုန်းထောက်ခံမှုဖြစ်ရမယ် ဆိုထားတာပါ။ ဒီအဆိုပြုချက်ကို မဲခွဲရာမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ထောက်ခံချက်မရတာကြောင့်၊ ဖွဲ့စည်းပုံပြင်ရေးမှာ လွှတ်တော်အမတ်တွေရဲ့ လုံလောက်တဲ့ မဲအရေအတွက် မရခဲ့တာ ဖြစ်ပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org